Friday, September 14, 2007

မြီးရှည်



ဟိုဘက်ရက်တွေတုန်းက စာနဲ့ နဘန်းလုံးနေလို့ ကောင်းကောင်းမွန်မွန် ချက်မကျွေးဘဲ ပစ်ထားသလိုဖြစ်သွားတာ ခွင့်လွှတ်ပါနော်။ ကျွန်မကိုယ်တိုင် အဲ့ဒီလို light food လေးတွေပဲ လုပ်စားဖြစ်လို့ပါနော်။ ဒီနေ့တော့ ချစ်မောင်နှမတွေအတွက် အထူးစပါယ်ရှယ် မြီးရှည်လုပ်ကျွေးမယ်နော်။
<


မြီးရှည်ကိုတော့ ဒီမှာ ရနိုင်တဲ့ပစ္စည်းတွေနဲ့ ဖြစ်အောင်ချက်ထားတာပါ။ ငတ်ကြီးကျတယ်ပဲ ဆိုပါတော့လေ။
လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန့်ဖတ် (ကိုယ်နှစ်သက်ရာပေါ့နော်၊ ၀ယ်လို့ရတာဆိုရင် ပိုမှန်မယ်ထင်တယ်နော်)၊ ကြက်သား၊ ခရမ်းချဉ်သီး၊ ပဲငါးပိ၊ ကော်မှုန့်၊ ပဲပင်ပေါက်၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ မုန်ညင်းချဉ်၊ ငရုတ်သီးမှုန့်၊ သံပုရာသီး၊ ဆား၊ သကြား၊ အချိုမှုန့်တို့ပါ။
ကြက်သားဟင်းချက်တာကို အရင်ပြောပြမယ်နော်။ ကြက်သားကို သေးသေးလေးတွေဖြစ်အောင်တုံးပြီး ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့ နယ်ပြီးနှပ်ထားပါနော်။ ခရမ်းချဉ်သီးကို ပါးပါးလေးဖြစ်အောင် လှီးထားပါနော်။ ကြက်သွန်ဖြူနီကို အခွံနွှာ ခပ်ပါးပါးလေးတွေဖြစ်အောင် လှီး၊ ဂျင်းကိုလည်း ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးထားပါ။ ပြီးတော့မှ ငရုတ်သီးမှုန့်လေးနဲ့ ကြက်သွန်ဖြူနီဂျင်းကို ရောထောင်းလိုက်ပါနော်။ ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ ငရုတ်သီးထောင်းကို ထည့်ပြီး ဆီသတ်၊ အဲ့ဒီအချိန်မှာ နာနတ်ပွင့်လေး နည်းနည်းဖဲ့ထည့်ပြီး ဆီသတ်လိုက်ပါနော်။ ဆီသတ်နံ့လေး မွှေးလာပြီဆိုရင်တော့ ခရမ်းချဉ်သီးကိုထည့် ပြီးတော့ ခရမ်းချဉ်သီးဖတ်လေးတွေ လိန်လာတဲ့အထိ တည်ပေးပါ။ ပြီးတော့မှ ကြက်သားကို ထည့်၊ သေချာမွှေပေးပြီး အဖုံးခဏလေး အုပ်ထားလိုက်ပါနော်။ သုံးမိနစ်လောက်ကြာရင်တော့ ဟင်းအိုးအဖုံးကိုဖွင့် ရေလေးနည်းနည်းထည့်ပြီး မွှေပြီး အဖုံးပြန်အုပ်ထားလိုက်ပါ။ ရေခမ်းပြီး ဆီပြန်တဲ့အထိ ချက်ပါနော်။ အဲ့ဒါဆိုရင် ကြက်သားဟင်းရပါပြီနော်။
ပဲငါးပိကိုတော့ တရုတ်ပဲငါးပိကိုပဲ နည်းနည်းကြေအောင်ချေလိုက်ပြီး ကြက်သားပြုတ်ရည်လေး နည်းနည်းလေး ထည့်လိုက်ပါတယ်။ ရေနွေးပွက်ပွက်ဆူထဲကို ကော်မှုန့်လေး စားပွဲတင်တစ်ဇွန်းထည့်ပြီးတော့ သေချာမွှေ ပြီးတော့မှ မီးဖိုပေါ်တင်ပြီး ကျိုလိုက်ပါနော်။ အဲ့ဒါဆို ကော်ကျိုလေးရပါပြီ။ တရုတ်နံနံအရိုးကို ခြစ်ထားပါ။ ကြက်သွန်ဖြူကိုလည်း ခြစ်ထားပါ။ တရုတ်နံနံအရွက်နဲ့ ကြက်သွန်မြိတ်ကို ပါးပါးလေးတွေဖြစ်အောင် လှီးထားနော်။ မုန်ညင်းချဉ်ကတော့ မြန်မာပြည်က မုန်ညင်းချဉ်မရှိတော့ ဒီမှာရနိုင်တဲ့ မုန်ညင်းချဉ်ကိုပဲ အရည်တွေညှစ်ထုတ်၊ ပြီးတော့မှ သကြား၊ ဆား၊ သံပုရာရည်လေးရယ်၊ ငရုတ်သီးမှုန့်လေးနဲ့ထည့်ပြီး နယ်လိုက်တယ်။ အဲ့ဒါဆို မိတ်အင်ဒီဒင် မုန်ညင်းချဉ်ရပြီ။ ဟီ့း့  ငရုတ်သီးကြော်လုပ်ဖို့အတွက် ငရုတ်သီးမှုန့်လေးကို ဒယ်အိုးထဲ ဆီလေးထည့်ပြီး ငရုတ်သီးမှုန့်လေးကို ထည့်ပြီး ကြော်လိုက်တယ်။ နည်းနည်းညှော်မှာစိုးရင် ပန်းကန်လုံးလေးထဲကို ငရုတ်သီးမှုန့်လေးထည့်၊ ပြီးတော့ ဆီလေးထည့်ပြီးတော့ ရက်ပင်းလေး အုပ်ပြီး အာဗန်ထဲ ထည့်လိုက်ရုံပဲ။ အာဗန်ထဲမှာပဲ ငရုတ်သီးကြော်လုပ်လိုက်တာ။ အညှော်မမိရအောင် အခိုးသေတော့မှ ဖွင့်ပေါ့နော်။ ပြီးရင် သံပုရာသီးစိပ်လေးတွေ လုပ်ထားလိုက်ပေါ့နော်။ (အချဉ်ကြိုက်တဲ့သူတွေ ထည့်စားလို့ရအောင်လို့ပါ)။
မုန့်ဖတ်ကတော့ အဆင်ပြေတဲ့အဖတ်ကို ပြုတ်လိုက်ပေါ့နော်။ (နန်းလုံးအဖတ် ရှာဝယ်လို့ မရတာနဲ့ပဲ ရှိတဲ့ အဖတ်တွေနဲ့ ဒီနေ့တော့ စီရင်လိုက်ရတယ့့်  ဟီ့း့ ) မုန့်ဖတ်ပြုတ်ပြီးတော့ တဆက်တည်း ပဲပင်ပေါက်ကို ရေနွေးဖျောလိုက်တယ်။ အဲ့ဒါဆိုရင် မုန့်ဖတ်နဲ့ ပဲပင်ပေါက်ရေနွေးဖျောရပြီ။
ဟင်းရည်ကိုတော့ ကြက်ရိုးပြုတ်ထဲကို ဂျင်းတွေ ကြက်သွန်ဖြူတွေကို တဗြန်းဗြန်းနဲ့ ဓါးပြားရိုက်ပြီးထည့်၊ ငရုတ်သီးစိမ်းလေးတွေကို ခွဲပြီး ထည့်၊ ဆား၊ သကြား၊ အချိုမှုန့်လေးထည့်၊ ရှိတဲ့ စွန်ထန်ခြောက်လေး ထည့်ပြီးတော့ ဟင်းရည်သောက် လုပ်လိုက်တယ်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မုန့်ပွဲပြင်လို့ရပါပြီ။ မုန့်ဖတ်ထည့်၊ ပြီးတော့ ကြက်သားဟင်းထည့်၊ ကော်ကျို၊ တရုတ်နံနံအနှစ်နဲ့ ကြက်သွန်ဖြူအနှစ်လေးထည့်၊ ပဲပင်ပေါက်ထည့်၊ ပဲငါးပိလေးထည့်၊ ငရုတ်သီးကြော်လေးထည့်၊ ပြီးတော့မှ ဆား၊ အချိုမှုန့်လေးထည့်၊ အချဉ်ကြိုက်တတ်ရင် သံပုရာရည်လေး နည်းနည်းညှစ်ထည့်၊ ပဲငံပြာရည် အပျစ်လေးထည့်၊ ကြက်သွန်မြိတ်ရယ်၊ တရုတ်နံနံရယ်ထည့်၊ မုန်ညင်းချဉ်လေးပါထည့်၊ ဆား၊ အချိုမှုန့်းလေးထည့်ပြီး သေချာနှံ့အောင် နယ်ပါနော်။ အပေါ့အငံ အစပ်အရသာကိုတော့ ကိုယ်ကြိုက်သလို စပ်ယူပေါ့နော်။ ကျွန်မကတော့ ချဉ်ငံစပ်ကြိုက်တယ်ဆိုတော့ ကိုယ့်အကြိုက်အရသာလေးဖြစ်အောင် လုပ်စားလိုက်တယ်လေ။ ပြီးတော့မှ အပေါ်ကနေ ကြက်သွန်မြိတ်နဲ့ တရုတ်နံနံလေးတွေကို ဖြူးလိုက်တယ်။ တကယ်တမ်းတော့ ကျွန်မတစ်ယောက်တည်း နှစ်ပွဲစားလိုက်တယ်။ အခုရေးနေရင်းနဲ့လဲ ဗိုက်ဆာနေလို့ နောက်တစ်ခါစားဖို့ ဟန်ပြင်နေလေရဲ့  ဟိ့ စွန်ထန်ဟင်းရည်လေးကို ဓါတ်ပုံမရိုက်ဖြစ်လိုက်ဘူး။ ခွင့်လွှတ်နော့့်  အားပေးကြပါဦးနော့့် လိုတာရှိရင်လည်း ပြောကြပါဦးနော့့် 

2 comments:

  1. မိုက်တယ်ဗျို့ မြီးရှည်မလုပ်တတ်လို့ ကျေးဇူးပါဘဲ

    ReplyDelete
  2. စားခြင်စိတ်ဖြစ်လာလို့ ပစ္စည်းတွေဝယ်လာပြီး ချက်နည်းလာကြည့်ရတယ်လေ
    လုလုရေ ကျေးဇူးဘဲနော်။ သူငယ်ချင်းတွေသက်ရီခိုင်တို့နဲ့ဆုံတော့ပြောဖြစ်သေးတယ်
    ပြိုင်ပွဲထပ်မ၀င်တော့ဘူးလား

    ReplyDelete