Sunday, September 16, 2007

တိုဟူးဝက်သားဆန်ပြုတ်


ညညကျရင် တော်ရုံမအိပ်ဘဲ မိုးလင်းခါနီးမှ အိပ်၊ မနက်ကျရင် နေဖင်ထိုးမှ ထ၊ အချိန်မတော် ဗိုက်ဆာတတ်တဲ့ ကိုယ့်အကျင့်ဆိုးလေးကို သိနေတာမို့ ဆန်ပြုတ်လေးပြုတ်ထားရင် အဆင်ပြေမယ်ဆိုပြီး ပြုတ်လိုက်တာပါ။


ငယ်ငယ်တုန်းက ဆန်ပြုတ်ဆိုရင် အသံကြားတာနဲ့တင် မသောက်ချင်တာ့  နေမကောင်းရင်တောင်မှ အဖျားအမြန်ပျောက်အောင် အစာမစားရဘူ့း့  ဆန်ပြုတ်ပဲသောက်ရမယ်လို့ ဆရာဝန်က ပြောခဲ့ရင်တောင် ဆန်ပြုတ်တောင်မသောက်ဘဲ နေမြန်မြန်ကောင်းအောင်လုပ်ပြီး ထမင်းစားတဲ့သူ့ အခုတော့ ဆန်ပြုတ်ကို ကြိုက်လိုက်တာမှ ပြောမနေနဲ့။
လိုအပ်တာတွေကတော့ ၀က်ခြေထောက်၊ ၀က်သည်း၊ ၀က်အူ၊ ၀က်နားရွက် (ကိုယ်နှစ်သက်တဲ့ အသား)၊ တိုဟူး၊ ဆန်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်နီကြော်တို့ပါ။
စစချင်း ဆန်လက်တစ်ဆုပ်စာလောက်ကိုယူလိုက်ပြီး ရေဆေးလိုက်တယ်။ ပြီးတော့မှ အဲ့ဒီဆန်ကို နည်းနည်းလှော်လိုက်ပါတယ်။ ပြီးတော့မှ ၀က်ခြေထောက်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ သကြားနည်းနည်း၊ ပဲငံပြာရည်အပျစ် အဲ့ဒါတွေကိုထည့်၊ ရေထည့်ပြီး ဆန်ပြုတ်အိုးကို တည်ပေးပါ။ မီးမပြင်းစေဘဲနဲ့ တည်ပေးပါနော်။ ဝေမကျအောင် သတိထားပြီး အိုးအဖုံးလေး နည်းနည်းဟပြီး တည်ပါ။ ထမင်းစေ့လေးတွေကွဲပြီဆိုရင်တော့ လှီးထားတဲ့ ၀က်နားရွက်၊ ၀က်သည်းနဲ့ ၀က်အူကို ထည့်ပြီး ထပ်တည်ပါ။ မီးနွေးနွေးနဲ့ အကြာကြီးတည်ပေးပါနော်။ နောက်တစ်ခါပွက်ပြီဆိုရင်တော့ လှီးထားတဲ့ တိုဟူးလေးတွေကို ထည့်ပြီး ပွက်ပွက်ဆူအောင် ထပ်တည်ပေးပါ။ ဒီတစ်ခေါက်ပွက်ပြီဆိုရင်တော့ အပေါ့အငံ အရသာကို မြည်းပြီး မီးပိတ်လို့ရပါပြီ။ စားမယ့်အခါကျတော့မှ အပေါ်မှာ ကြက်သွန်နီကြော်လေးဖြူး၊ ငရုတ်ကောင်းမှုန့်လေးခပ်၊ ကြက်သွန်မြိတ်နဲ့ တရုတ်နံနံလေး ပါးပါးလှီးထည့်ပြီး ပူပူနွေးနွေး သုံးဆောင်ရုံပါပဲနော်။ ၀က်သားလိပ်လေးနဲ့ စားရင်တော့ အမိုက်ပဲ။ အခုတော့ ညလယ်စာစားတာမို့ ဆန်ပြုတ်ပူပူနွေးနွေးလေးပဲ စားလိုက်ပါတယ်။ အားပေးကြပါဦးနော်။

1 comment:

  1. အမ..၀က်သားလိပ်လုပ်နည်းလေးရေးပေးပါဦး

    ReplyDelete