Saturday, September 1, 2007

သီးစုံကျောက်ကျော


ဒီနေ့ လုလုတို့နေတဲ့အဆောင်နားမှာ မီးပန်းလွှတ်ပွဲ (hanabi) ရှိတယ်လေ။ ဌာနက ဂျပန်သူငယ်ချင်းတွေကလည်း အလည်လာမယ်တဲ့လေ။ ကျွန်မကိုလည်း အစားအစာ တစ်ခုခု လုပ်ကျွေးပါလို့ ပူဆာထားတယ်။ လောလောဆယ်တော့ ကျွန်မက သီးစုံကျောက်ကျောလေး လုပ်ထားတယ်။ ညနေကျရင်တော့ တိုဟူးနွေးလုပ်မယ်လို့ စိတ်ကူးထားပါတယ်။ အခု သီးစုံကျောက်ကျောလုပ်နည်းလေး ပြောပြပါရစေဦးနော်။
မြန်မာပြည်ကလို သီးစုံကျောက်ကျောထိုးနည်းနဲ့တော့ နည်းနည်းကွာပါလိမ့်မယ်။ အခုကတော့ ဂျပန်တွေ ကြိုက်တဲ့စတိုင်လ်မျိုးလေးနဲ့ လုပ်ထားတာပါ။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကျောက်ကျောထုပ် (အမှုန့်ဖြစ်ဖြစ်၊ အဖတ်ဖြစ်ဖြစ်)၊ အုန်းနို့ (သို့မဟုတ်) နွားနို့ပါ။ သကြား၊ ဆားအနည်းငယ်နဲ့ အသီးအစုံကတော့ ကိုယ်ကြိုက်တာလေးတွေထည့်ပေါ့နော်။
ကျောက်ကျောကျိုဖို့အတွက် စစချင်းမှာ မီးဖိုပေါ် ရေနွေးအိုးတည်၊ ပြီးတော့ သကြားထည့်ပါ။ ကျွန်မ ဒီနေ့သုံးတဲ့ ကျောက်ကျောက အဖတ်ပါ။ ကျောက်ကျော(အဖတ်)တွေကို ရေထဲ စိမ်ထားပါ။ သကြားရည်ဆူလာပြီဆိုရင်တော့ အမှိုက်တွေပါ၊ မပါကြည့်ပြီး ပိတ်စပါးပါးလေးနဲ့ စစ်လိုက်ပါ။ ပြီးတော့မှ အဲ့ဒီသကြားရည်ထဲကို ကျောက်ကျောထည့်ပြီးမွှေပါ။ နောက်ပြီး နွားနို့ထည့်ပါ။ (ဂျပန်တွေက အုန်းနို့ သိပ်မကြိုက်လို့ပါ)။ ပြီးရင် ဆားနည်းနည်းထည့်ပြီး ကျိုပါ။ ကျိုနေရင်းနဲ့ ခပ်ပျစ်ပျစ်လေး ဖြစ်လာပြီဆိုရင် ကျောက်ကျောရည်ကို ပန်းကန်ပြားလေးထဲ ထည့်ကြည့်ပါ။ တစ်မိနစ်လောက်နေလို့ ခဲပြီဆိုရင်တော့ အဲ့ဒီကျောက်ကျောကို အသင့်ပြင်ထားတဲ့ ဗန်း ဒါမှမဟုတ် ဗူး ကိုယ်အဆင်ပြေမယ့်အထဲ ထည့်လိုက်ပြီး အအေးခံထားပေးပါနော်။ ရေခဲသေတ္တာထဲထည့်ထားလို့လည်း ရပါတယ်။ ကျောက်ကျောအားလုံး အေးသွားပြီ၊ စားချိန်လဲ နီးပြီဆိုရင်တော့ ကိုယ်နှစ်သက်တဲ့ အသီးတွေကို လှပအောင် အပေါ်ကနေ တန်ဆာဆင်ပေးလိုက်ရုံပါပဲ။
အခုတော့ ချစ်မောင်နှမတွေအတွက် သီးစုံကျောက်ကျောလေးပေါ့နော်။
ညနေကျမှ တိုဟူးနွေးဖြစ်မလား၊ ရှမ်းခေါက်ဆွဲဖြစ်မလား တစ်ခုခုပေါ့ ချက်ကျွေးဦးမယ်နော်။

0 comments:

Post a Comment