Wednesday, June 23, 2010

ချဉ်ပေါင်ပင်စိုက်ပျိုးနည်း

ချစ်ရတဲ့ မအယ်ရေ့


ချဉ်ပေါင်စိုက်နည်းလေး မေးထားတာတွေ့လို့ နလုသိသမျှကို မျှဝေပေးလိုက်ပါ တယ်နော်။


ချဉ်ပေါင်ပင်ကိုတော့ မအယ်အခု စိုက်ထားသလို အစေ့လေးတွေ ကြဲပြီး စိုက်လို့ရပါ တယ်နော်။ ဒါပေမယ့် ချဉ်ပေါင်စေ့ကြဲပက်မယ့် မြေကြီး (ပျိုးဘောင်နဲ့စိုက်စိုက်၊ သေတ္တာလေး၊ အိုးလေး ထဲပဲ စိုက်စိုက်) ကို မွနေအောင် အရင်ဦးဆုံး ပြင်ပေးရပါမယ်။ ပြီးတဲ့အခါ မြေကြီးမွဖို့နဲ့ အစိုဓာတ်လေး အမြဲရှိနေဖို့လေ (မြန်မာမှာတော့ ဖွဲပြာတို့ လွှစာမှုန့်တို့ မီးသွေးမှုန့်တို့ကို သုံးတာပေါ့) အိမ်မှာ ကော်ဖီတို့ လက်ဘက်ရည် တို့နှပ်သောက်တတ်တဲ့ အလေ့အထရှိရင် အဲ့ဒီကော်ဖီတို့ လက်ဘက်ခြောက်ဖတ် တို့ကို ရေစစ်အောင် လုပ်ပြီးတော့မှ မြေကြီးနဲ့ ရောသမမွှေပေးထည့် ပေးလိုက်ပါနော်။


အဲ့ဒီလိုလုပ်ပြီးတော့မှ ချဉ်ပေါင်မျိုးစေ့တွေကို ကြဲပေးပါ၊ တစ်ခါတလေ မျိုးစေ့တွေကို ပုရွက်ဆိတ်နဲ့ ငှက်လေးတွေက ကြိုက်တတ်လို့ လာချီသွားတာတွေ စားသွားတာတွေ ရှိတတ်ပါတယ်၊ အဲ့ဒီရန်တွေ ကာကွယ်နိုင်ဖို့ အဲ့ဒီလို မျိုးစေ့တွေ ကြဲပက်ပြီးရင် အပေါ်ကနေ မြေကြီးပါးပါးတစ်လွှာလောက် အုပ်ပေးလိုက်ပါဦးနော်။


ရာသီဥတုအခြေအနေနဲ့ မျိုးစေ့အောင်နှုန်းပေါ် မူတည်ပြီး အစေ့ကနေ အပင်ပေါက်ဖို့ ၃ ရက်နေ တစ်ပတ်ထိ ကြာတတ်ပါ တယ်။ မျိုးစေ့ချထားပြီး အပင်ပေါက်လေးတွေ မထွက်ခင် ရေကိုဖြန်းတဲ့အခါ spray ဗူးလေးထဲ ထည့်ပြီး အသာအယာ ဖြန်းပက်ပေးပါနော်။ နောက်မဟုတ်ရင် အပင်ပေါက်လေးတွေကို ထိခိုက်သွားစေပြီး အပင်မပေါက်တော့ဘဲ ပျက်စီးသွားတတ်ပါတယ်နော်။

အပင်ပေါက်လေးတွေ ထွက်လာပြီဆိုရင် ၂ ပတ်သားလောက်ထိ ခဏစောင့်ပြီးတော့မှ တစ်နေရာတည်းမှာ အပင် လေးငါးပင် ပေါက်နေတယ်ဆိုရင် နှစ်ပင်ပဲ ထားပြီး ကျန်တဲ့အပင်တွေကို တခြားနေရာရွှေ့စိုက်ပေးပါနော်။ အဲ့ဒီလို အပင်တွေကို ရွှေ့တဲ့အခါ အမြစ်လေးတွေ မထိခိုက်စေဖို့ သတိထားပါနော်။

 
ချဉ်ပေါင်မှ မဟုတ်ပါဘူး၊ အခြားသော တိုက်ရိုက်အစေ့ချ အပင်လေးတွေကို စိုက်ပျိုးတဲ့ အခါ ဒီလိုနည်းစနစ်ကို အသုံးပြုပြီး စိုက်နိုင်ပါတယ်နော်။ ဥပမာ နံနံပင်၊ ငရုပ်ပင်၊ ဟင်းနုနယ် စတာတွေပေါ့နော်။

ကျွန်မ ဂျပန်မှာ ပညာတော်သင်သွားခဲ့ရတဲ့အချိန်တုန်းက နွေပေါက်ပြီဆိုရင် ကျွန်မတို့ မြန်မာ ကျောင်းသူကျောင်းသားတွေက ဗီယက်နမ်က သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ကန်စွန်း၊ ရွှေဖယုံ (အညွန့်ကြော်စားရန်)၊ မုန်လာ (မုန်လာပင်ပေါက်စားရန်)၊ ဗူးပင် (အညွန့်+ အသီး)၊ စပါးလင် (မုန့်ဟင်းခါးချက်ဖို့) စတာတွေကို ကျောင်းရဲ့အစွန်ဆုံး ရထားလမ်းနားမှာ မြေရိုင်းတွေကို ရှင်းပြီး နှစ်တိုင်း စိုက်ပျိုးခဲ့ကြသေးတယ်နော်။ အိမ်က၀ရန်တာမှာ၊ စမ်းသပ်ခန်းမှာတော့ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီး စတဲ့ ဟင်းခတ် အမွှေးအကြိုင်အပင်လေးတွေကို စိုက်ခဲ့ပြီး ဆောင်းဦးရောက်တာနဲ့ အပင်တွေ အခင်းလိုက် ရိတ်သိမ်းဆွတ်ခူးပြီး နောက်နှစ်နွေမတိုင်ခင် အထိ တာရှည်ခံထားပြီး စားလို့ရအောင် နည်းအမျိုးမျိုးနဲ့ ပြုပြင်ပြီး ရေခဲသေတ္တာထဲသိမ်းပြီး စားခဲ့ရတာနော်။

အိမ်ရှင်မတွေအနေနဲ့ ကိုယ်စိုက်စားချင်တဲ့ အပင်လေးတွေ ရှိခဲ့ရင် ကိုယ့်အိမ်ဝရန်တာ မှာ ဖြစ်ဖြစ်၊ အိမ်ဘေးပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကိုယ်တိုင်စိုက်ပျိုးပြီး စားကြမယ်ဆိုရင် တော့ တစ်သက်ပျော်ချင် သစ်ပင်စိုက်ဆိုတဲ့စကားလိုပဲ အပင်လေး ပေါက်လာပြီး ရွက်နု လေးတွေ ဝေတိုင်း၊ ပန်းလေးတွေပွင့် အသီးလေးတွေ သီးတိုင်း ပျော်ရွှင်ကြည်နူးရမှာ အမှန်ပါပဲနော်။


စိတ်ဝင်စားမယ်ဆိုရင်တော့ မီးဖိုဆောင်ထွက်စွန့်ပစ်ပစ္စည်းတွေ၊ အိမ်တွင်းသုံးစွန့်ပစ် ပစ္စည်း တွေနဲ့ အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်းဖြစ် မြေဆွေးလုပ်နည်းတွေကိုပါ မောင်နှမတွေ အတွက် မျှဝေပေးပါဦးမယ်နော်။


ဒီလောက်ဆိုရင် မအယ်လည်း ကျေနပ်မယ်ထင်ပါတယ်နော်။ လိုအပ်တာရှိရင်လည်း မေးပါနော်။ တတ်နိုင်သလောက် ဖြေပေးပါ့မယ်နော်။ ချစ်သောမောင်နှမများအားလုံး သီးပင်စားပင်လေးတွေ စိုက်ပျိုးရင်း ပျော်ရွှင်နိုင်ကြပါစေနော်။


ချဉ်ပေါင်ပင်လေးကိုတော့ google ထဲကနေ ရှာပြီး ထည့်ထားတာပါနော်။

5 comments:

  1. ကျေးဇူးလုလုရေ... ချဉ်ပေါင်တွေစိုက်တိုင်း အပင်ပေါက်လေးတွေ ဘဝနဲ့ဘဲ အဆုံးသတ်သတ်သွားလို့ လက်လျှော့ထားတာ... အခုမှဘဲ သဘောပေါက်တော့တယ်... အပင်ပေါက်လေးတွေကို နေရာပြန်ချဲစိုက်ရမယ်ဆိုတာ

    ReplyDelete
  2. ကျေးဇူးပါပဲ လုလုရေ။ ဗမာပြည်မှာဆို အကုန် စိုက်နေကျပါ။ ကြာတော့ မေ့သွားတယ်။ အစေ့ကျဲပြီး စိုက်တာ နံနံပင်တွေတော့ ပေါက်လာတယ်။ ချဉ်ပေါင်ကတော့ မျိုးစေ့က နှစ်ချို့နေလို့လားပဲ။ ပေါက်မလာသေးဘူး။ မြေကြီးထဲက အစေ့ကို ဓါးနဲ့ ခွဲကြည့်တော့ အထဲမှာ အဆံဖြူဖြူလေး ပဲစေ့လေးလို ရှိနေတယ်။ အပေါ်က အခွံ ညိုညိုက ကွဲ မထွက်သေးဘူး။ ကြည့်ရတာ ပေါက်တော့ ပေါက်လာမယ် ထင်တာပဲ။ မနှစ်ကတော့ ၂ပင် ၃ပင် ပေါက်ပြီး ရှည်မျောမျောနဲ့ သေကုန်တယ်။ ဒီနှစ်တော့ နေရောင် ကောင်းတော့ ရှင်မယ် ထင်တာပဲ။
    အပင်တွေ ပေါက်လာရင် ဓါတ်ပုံရိုက် ပို့လိုက်မယ်။:)

    မအယ်

    ReplyDelete
  3. မအယ် ညအပူချိန် ၂၀ ဒီဂရီ မကျော်ရင် စိုက်လည်း အလကားပါပဲ.

    ReplyDelete
  4. မလု အိမ်မှာ တော့ ချဉ်ပေါင်ရိုးတွေ ထိုးထားလိုက်တာဘဲ အဲဒါလည်း ပြန်ပေါက်တယ်ဗျ

    ReplyDelete
  5. ကျေးဇူးမမလု.. စိုက်ကြည့်ဦးမယ်

    ReplyDelete