Sunday, June 20, 2010

ရွှေကြည်ဆနွင်းမကင်းလုပ်စားကြမလား


          ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရွှေကြည်ဆနွင်း မကင်းလေး လုပ်ကျွေးပါရစေဦးနော်။ ကျွန်မမှတ်မိသလောက်တော့ ငယ်ငယ်တုန်းကဆိုရင် ရွှေကြည်ဆနွင်း မကင်းလေးရယ်၊ မလိုင်ပျစ်ပျစ်နွားနို့လေးနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ဆိမ့်ဆိမ့်လေးရယ်က နံနက်ခင်းမှာ စားရလေ့ရှိပါတယ်။ အိမ်မှာ ဆနွင်းမကင်းလုပ်ပြီဆိုရင်လည်း နောက်နေ့ ဗူးလေးနဲ့ ဆနွင်းမကင်းလေးတွေ ထည့်ပြီး ကျောင်းကဆရာမကို လက်ဆောင်ပေးရတာအမော။
          ဘုန်းကြီးဆွမ်းကပ်ပြီဆိုရင်လည်း ရွှေကြည်က အချိုပွဲတို့ရဲ့ဘုရင်ပဲ။ မှတ်မိသေးတာ တစ်ခုက အမ ၀မ်းကွဲတစ်ယောက် မင်္ဂလာဆောင်ဧည့်ခံပွဲလုပ်တုန်းကတောင် ရေခဲမုန့်နဲ့အတူ စားရတဲ့အထဲ ရွှေကြည်က မခွဲအတူပါသေးတယ်။ ခုခေတ်ကျမှ မုန့်တွေက များလာတော့ ရွှေကြည်ဆနွင်းမကင်းကို မလုပ်ဖြစ်ကြ တော့တာ။ ကျောက်ကျောလို အချိုပွဲနဲ့ ယှဉ်လိုက်ရင် ရွှေကြည်ဆနွင်းမကင်းလုပ်ရတာက လက်ဝင်တာ ကိုးနော့်။ ဒါပေမယ့်လည်းလေ မြန်မာများ၏ ခံတွင်းကလည်း သိတဲ့အတိုင်းပါပဲနော်။ ဘယ်လောက် လက်ဝင်တယ်ဆိုပါစေ တစ်ခါတလေများ ချဉ်ခြင်းဖြစ်လာပြီဆိုရင် အဲ့လေ စားချင်လာပြီဆိုရင် ချက်ချင်းကို လုပ်စားရမှ ကျေနပ်တတ်ကြတာမို့ မောင်နှမများလည်း ချဉ်ခြင်းဖြစ်ခဲ့ရင် စားလို့ရအောင်လို့ ရွှေကြည် ဆနွင်းမကင်းလုပ်နည်းလေးကို မျှဝေလိုက်ရပါတယ်ရှင်။
          ရွှေကြည်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ရွှေကြည်မှုန့် ၅၀ ကျပ်သား၊ အုန်းသီး ငါးလုံး၊ သကြား ၅၀ ကျပ်သား၊ ကြက်ဥ ၅ လုံး၊ ထောပတ် ၂၅ ကျပ်သား၊ ဆီ ငါးကျပ်သား၊ ဘိန်းစေ့တစ်ဗူး (ရယ်ဒီမိတ်ဗူးလေးတွေ ရှိပါတယ်၊ စီးတီးမတ်မှာ ၀ယ်လို့ရပါတယ်နော်။ ဗူးလေးက ရသာပိုအမှုန့်ဗူးလေးနဲ့ တူပါတယ်နော်) တို့ပါနော်။
          အုန်းသီးငါးလုံးကို ခြစ်ပြီးတဲ့အခါ ဦးရေ (နို့ဆီ ၁ ဗူး) ညှစ်ယူထားပြီးတော့ အုန်းနို့ရည် (နှောင်းရည်) အားလုံး နို့ဆီ (၁၀) ဗူးပမာဏရအောင်ညှစ်ထားပေးပါ။ ကြက်ဥငါးလုံးကိုလည်း အကာတွေ ဖယ်ပြီး အနှစ်တွေကို သမအောင်ခေါက်ပေးထားပါနော်။ ဘိန်းစေ့ကိုလည်း သန့်ပေးထားပါနော်။
          အသင့်ဖြစ်တဲ့အခါ မုန့်ကျိုမယ့် အိုးကြီးတစ်လုံးထဲ ရွှေကြည်တွေကိုထည့်ပြီး မီးအသင့်အတင့်နဲ့ ရွှေကြည်တွေ အနီရောင်သန်းလာပြီး မွှေးကြိုင်လာတဲ့အထိ လှော်ပေးပါ နော်။ ပြီးရင်တော့ သကြားရယ်၊ အုန်းနို့နှောင်းရည်အားလုံးရယ်၊ ဆီနဲ့ထောပတ်တွေရယ်၊ ကြက်ဥခေါက်ထားတာရယ် အားလုံးကို ထည့်ပြီး အဆက်မပြတ်မွှေပေးပါနော်။ မုန့်အိုးမွှေရင်းနဲ့ မုန့်သားတွေ ပျစ်ပြီး လုံးလာပါလိမ့်မယ်နော်၊ အဆီလေးတွေ လည်း ထွက်လာပါလိမ့်မယ်၊ အဲ့ဒါဆိုရင်တော့ မုန့်သားဆီပြန်လာတဲ့အချိန်ဖြစ်ပါပြီနော်။ ပြီးရင်  မုန့်ဗန်းကို ထောပတ်နဲ့ဆီ သုပ်လိမ်းပေးပြီးတဲ့အခါ မုန့်အိုးထဲက မုန့်သားတွေကို မုန့်ဗန်းထဲ ကိုထည့်ပြီး မျက်နှာပြင် ညီညီညာညာလေးရှိအောင် ထည့်ပေးပါနော်။ (မုန့်သားထည့်တဲ့ အိုး မကြပ်ပါစေနဲ့နော်။ အိုးကျယ်ကျယ် ချောင်ချောင်လေးဖြစ်ပါစေနော်။) ပြီးတဲ့အခါကျရင် ဖယ်ထားတဲ့ အုန်းနို့ဦးရည်တွေကို မျက်နှာပြင်အနှံ့ သမအောင် လောင်းထည့်ပေးပြီးတော့ ဘိန်းစေ့လေးတွေကို အပေါ်ကနေ ဖြူးပေးပါနော်။ ရွှေကြည်မုန့်ကို ဖုတ်တော့မယ်ဆိုရင် အောက်မီးကို နွေးရုံလေးပဲထားပြီး အပေါ်မီးကို ကျဲကျဲရဲရဲလေးထားပြီး ဖုတ်ပေးပါနော်။ မုန့်ဖုတ်တဲ့အခါကျရင် ရွှေကြည်နံ့ရယ်၊ ထောပတ်နံ့လေးရယ်၊ အုန်းနို့နံ့လေးတွေသင်းလာပါလိမ့်မယ် နော်။ တူမတော်တွေကတော့ စားချင်ပြီ၊ မုန့်အိုးဘယ်လိုဖြစ်နေလဲ ကြည့်ချင်လှပြီလို့ ဘေးနားမှာ တစာစာနဲ့လာအော်နေကြပြီ။ မုန့်သားနီလာပြီဆိုရင် မုန့်သားကျက်/မကျက်ကို သိချင်ရင် ဓားဦးဖျားလေး ဒါမှမဟုတ် ခက်ရင်းလေးနဲ့ ထိုးကြည့်လို့ ဓားမှာ မုန့်သားတွေ ကပ်ပါမလာတော့ဘူးဆိုရင် မုန့်သား ကျက်ပါပြီနော်။ ပြီးရင် အေးတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ပြီးမှ မုန့်ကိုလှီးပါနော်။ မဟုတ်ရင် မုန့်သားတွေ ပဲ့ထွက်သွားမှာစိုးလို့ပါနော်။
          ရွှေကြည်ဆနွင်းမကင်းလေးကို ဒီအတိုင်းပဲစားစား၊ ပိုပြီးအီဆိမ့်တာကြိုက်တယ် ဆိုရင်တော့ အုန်းသီးကြော်ကြွပ်ကြွပ်လေးနဲ့တွဲဖက်ပြီးသုံးဆောင်နိုင်ပါတယ်နော်။ ပိတ်ရက်မှာ မောင်နှမတွေ ရွှေကြည် ဆနွင်းမကင်းလေး လုပ်စားနိုင်ကြပါစေနော်။ #

12 comments:

  1. စားတော့စားချင်သား. အခုနောက်ပိုင်းအစားဆင်ခြင်လို့မစားတော့ဘူး ပြိတတာဖြစ်လာတဲ့သဘောပေါ့။

    ReplyDelete
  2. စားချင်လိုက်တာမြန်မာပြည်လာရင်ကျွေးနော်

    ReplyDelete
  3. မင်္ဂလာပါ လုလု ရေ..

    ရွှေကြည်ဆနွင်းမကင်း တော့ အကြိုက်သား။ မလုပ်တတ်လို့ ၀ယ်စားဖြစ်တာ များတယ်။

    အခုလိုတင်ပြပေးတာ ကျေးဇူး။ အဖွဲ့တွေစုံတော့ လုပ်စားလို့ ရပြီ။

    ခင်မင်လေးစားစွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  4. စားချင်လိုက်တာ မလု.. စမ်းကြည့်မယ်လို့ အားခဲထားတယ်။

    ReplyDelete
  5. အပေါ်က sdl ပါ...ဟီး

    ReplyDelete
  6. ဟားဟား မလုရေ sdl အောက်က ရွှေစင်ဦးပါနော်

    ဆနွင်းမကင်း စစ်စစ် တော့ မလုပ်ဖူး ဘူး အဲဒီလို ရွှေချည် နဲ့ ထောပတ် နဲ့ တော့ လုပ်စားဘူး တယ် အခုတော့ မလုက စနစ်တကျ တင်ပေးထားတော့ အားလုံး အဆင်ပြေသွားတာပေါ့

    ReplyDelete
  7. စားလို့ ကောင်းမယ့် ပုံပဲဗျာ ဒါနဲ့ ကောက်ညှင်းရွှေကြည် လုပ်နည်းလေးများ သိရမလားဗျာ

    ReplyDelete
  8. ကောင်းတယ် မမလုရေ

    ReplyDelete
  9. ဆိုင်က ဝယ်စားတာထက် ကိုယ့်ဘာသာလုပ်တာက ပိုစားကောင်းတယ်နော်။ အိုးလိုက်ကြီးထဲက လှီးစားရတာ ကြာလေ စားကောင်းလေဘဲ :)

    ReplyDelete
  10. စားချင်နေတာ ကြာပြီ အခုသိရလို့ ဝမ်းသာတယ် ကျေးဇူးနော်

    ReplyDelete
  11. လုလုရေ..
    စားချင်တယ်။ အဲဒါ ရွှေကြည်မှုန့် ဂျပန်ပြည်မှာရော ရှိတတ်လားဟင်..။ ဘယ်လိုခေါ်လဲသိရင် ပြောပြဦးနော်။

    တနေ့ကလေ.. လုလုပြောသလို ကြက်ဆီထမင်းလုပ်စားတယ်.. ကြက်ပြုတ်ရေခန်းသွားလို့ ပေါင်းအိုးထဲ ရေထည့်နည်းသွားလို့ ကြက်ဆီထမင်းနည်းနည်းမာသွားတာကလွဲရင် တအားစားကောင်းတယ် သိလား..။ ဘာလုပ်စားချင်စားချင် လာကြည့်စရာ ဒီဘလော့လေးရှိနေတော့ စေတနာထားတင်ပေးနေတဲ့ လုလုကို အမြဲကို ကျေးဇူးတင်တယ် တကယ်..

    ReplyDelete
  12. လုလုရေ ချဉ်ပေါင် ဘယ်လို စိုက်ရလဲ ပြောပြပါအုန်း။ မျိုးစေ့ ရထားလို့။ မျိုးစေ့တွေ ဒီတိုင်း ကြဲလိုက်တာ အပင် မပေါက်လာလို့။ ကူပါအုန်း။

    မအယ်

    ReplyDelete