Thursday, May 13, 2010

ငါးခူ ငါးပိရည်ကျိုချက်နဲ့ တညင်းဝက်ကြော်



ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနှစ်နွေကတော့ “ပူတယ်လေ ဆယ်နေကဲ” ဖြစ်နေတာမို့ ဆီပြန်ဟင်းတွေလည်း ချက်မစားနိုင်ပါဘူး။ အရမ်းပူလွန်းတော့ ထမင်းဟင်းစားချိန်စိတ်တောင် ပျောက်တဲ့အထိပါပဲနော်။ အဲ့ဒီတော့ ထမင်းစားမြိန် ရလေအောင် ကျွန်မရဲ့ မောင်နှမများကို ငါးခူးငါးပိရည်ကျိုချက်လေးနဲ့ တညင်းဝက်ကြော်လေး ချက်ကျွေးပါရစေဦးနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးခူ၊ ရည်ကျိုငါးပိ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ငါးခူက အချွဲများတဲ့အတွက် သူ့ကို နယ်ဆေးဖို့အတွက် မန်ကျည်းသီးမှည့်ရယ်၊ ဆားရယ်နဲ့ နာနာနယ်ပြီး ၃ ကြိမ်လောက် ဆေးပေးပါနော်။ ပြီးတော့မှ ငါးခူကို အရွယ်တော် အတုံးလေးတွေ တုံးပေးပြီး ဆားရယ် ဟင်းခတ်မှုန့်လေးရယ်နဲ့နယ်ပေးပါနော်။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီးတော့ ငရုတ်ဆုံထဲမှာ ငရုတ် သီးစိမ်းကို ဆားလေးနည်းနည်းထည့်ပြီး ထောင်းပေးပါ။ ဆားထည့်ထောင်းတဲ့အတွက် ငရုတ်သီးအညက်မြန်သလို အပြင်ကို လည်း မစင်တော့ဘူးလေနော်။ ပြီးတော့ ငရုတ်သီးထောင်းထဲကို ကြက်သွန်ဖြူရယ် အနီရယ် ထည့်ထောင်းပေးပါနော်။

ရည်ကျိုငါးပိကို နနွင်းမှုန့်လေးရယ်၊ ရေလေးရယ်ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါနော်။ ရလာတဲ့ ငါးပိရည်ကို အရိုးမပါ ရလေအောင် စစ်ပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်ပေးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီအနည်းငယ် ထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး ခပ်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တို့ကို မီးအားအသင့် အတင့်ထားပြီး ဆီသတ်ပေးပါနော်။ မီးအသင့်အတင့်မထားရင်တော့ ငရုတ်သီးဆီသတ်နံ့က အရမ်းကို မွှန်မှာမို့ပါနော်။

ငရုတ်သီးကြက်သွန်တွေ စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ငါးခူလေးတွေ ထည့်ပြီး ဆီသတ်မွှေပေးပါနော်။ ပြီးရင်တော့ ငါးပိရည်ကျို တွေကို ထည့်ပြီး အားလုံးသမအောင်မွှေ၊ အဖုံးလေးအုပ်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးဆူပြီဆိုရင်တော့ အပေါ့အငန်အရသာလေးမြည်းပြီးတော့ လိုအပ်တာထပ်ဖြည့်ပြီး ဟင်းအိုးချနိုင်ပါပြီနော်။

အိမ်မှာ ရုံးပတီသီးလေးတွေ ရှိနေတာမို့ ပြုတ်မနေတော့ဘဲ ရုံးပတီသီးတွေကို လှီးပြီးတော့ ဟင်းအိုးထဲ ထည့်လိုက်ပါတယ်။ တို့စရာအဖြစ်စားလို့ရတာပေါ့နော်။ ပြီးတော့ အိမ်မှာရှိတဲ့ တညင်းဝက်ကို ပါးပါးလှီး၊ဆီလေးနည်းနည်းထည့်ပြီး ကြော်လိုက်တော့ တညင်းဝက်ကြော် မွှေးမွှေးလေးရပြီပေါ့နော်။

ကြုံလို့ တညင်းဝက်လုပ်နည်းလေးကိုလည်း မောင်နှမတွေအတွက် မျှဝေပေးလိုက်ပါဦးမယ်နော်။ တညင်းသီးအစေးသီးတွေကို ၀ယ်ထားပြီးတဲ့အခါ ၂ ရက်လောက်ရေစိမ်ပေးပါ။ နေ့တိုင်း မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေလဲပေးရမယ်နော်။ ပြီးတော့မှ ပန်းအိုးတစ်လုံး ဒါမှမဟုတ် အပင်အောက်ခြေတစ်ခုရဲ့မြေကြီးတွေကို နည်းနည်း တူးလိုက်ပါနော်။ ပြီးရင် အဲ့ဒီတညင်းသီးတွေကို
မြေကြီးအောက်ထဲ ထည့်ပြီး အပေါ်ကနေ မြေကြီး ပြန်ဖုံးပေးထား ပါနော်။ မြေကြီးအစိုဓာတ်နဲ့ တညင်းသီးလေးတွေ အညှောက်ထွက်လာပြီး ပွတက်လာပါလိမ့်မယ်။ ပြီးတော့ တညင်းသီးလေးတွေလည်း စိမ်းဝါရောင်းလေးသန်းလာပါလိမ့်မယ်နော်။ အဲ့ဒါဆိုရင်တော့ တညင်းဝက်လို့ခေါ်တဲ့ တညင်းသီးအညှောင့်ထွက်လေး ရပါပြီနော်။

တညင်းဝက်ကို မီးအုံးပြီး တို့တာအပြင်၊ ကြော်တာ၊ ချက်တာ အမျိုးမျိုးချက်ပြုတ်စား လို့ရပါတယ်နော်။ ငါးပိချက်ကိုတော့ ငါးခူအပြင် တခြားသော ငါးတွေနဲ့လည်း ချက်လို့ပါတယ်၊ ပုစွန်ဆိတ်လေးတွေနဲ့လည်း ချက်လို့ရပါတယ်နော်။

ချစ်သောမောင်နှမများအားလုံးလည်း ဆီပြန်ဟင်းတွေ စားရတာ ငြီးငွေ့တယ်ဆိုရင် တစ်ခါတလေ ငါးပိရည်ကျိုငရုတ်သီးစိမ်း ချက်လေးနဲ့ တို့စရာအစုံနဲ့ထမင်းစားကြည့်ကြပါဦးလားနော်။

7 comments:

  1. မမလုရေ.. ငပိချက်လေးနဲ့တညင်းဝက် လိုက်မှလိုက်။
    အိမ်မှာဆို မာမီက တညင်းဝက်လုပ်လုပ်ထားတတ်တယ်။
    ပန်းအိုးလေးတွေအောက်မှာ ထည့်ထည့်ထားတာ..
    တညင်းဝက်ကြော်စားရင်အရမ်းးးး ကောင်း...
    ပြောရင်းနဲ့စားချင်လာပီ...

    ReplyDelete
  2. ဒီလိုငါးနဲ့ ငါးပိရည်ကျို ချက်တာဆို သိပ်ကြိုက်...
    အတို့အမြှပ်အစုံအလင်နဲ့ စားလိုက်ရရင် ဘာဟင်းမှမလိုတော့ဘူး

    ReplyDelete
  3. စားချင်လိုက်တာ မလုရေ.. ဒညင်းသီးမစားရတာ ကြာလှပေါ့.. အခုတော့ အစပ်တွေ သိပ်မစားဖြစ်သေးတာနဲ့ နောက်မှ ချက်စားကြည့်ရမယ်.. :)

    ReplyDelete
  4. လုရေ...မကြာခင်လုပ်စားမယ်...
    ကျေးဇူး...

    ReplyDelete
  5. ငါးပိရည်ကျိုက ငါးတုံးတွေနဲ့ ဆိုတော့ တစ်မျိုးပဲနော်.. အဲလို မစားဖူးဘူး..။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ငါးပိရည် ဆိုရင်တော့ ကြိုက်ပြီးသားပဲ။

    ReplyDelete
  6. စားချင်လိုက်တာ ငါးပိရည်လေးလည်းကြိုက် အဲလို ငါးခူမျိုးနဲ့ ဆိုရင်ပိုကြိုက် နောက်ပြီး ဒညင်းဝက်လည်း ကြိုက် ..ဒညင်းဝက်လုပ်နည်း လေး ပေးတဲ့ အတွက် ကျေးဇူး နော်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  7. အားးးးးးးး

    မမလု ။ စားချင်လိုက်တာ ။ ထမင်းထည့်ပြီး ရောက်လာပြီနော်။ ခုဟာတွေက တာမီးကြိုက်ကြိုက်တွေချည်းဘဲ။

    ငပိရည်ကို ဘယ်လိုပုံလုပ်လုပ် ကြိုက်မှကြိုက်။
း))))))))))

    ReplyDelete