Tuesday, May 4, 2010

ပဲကြိုက်ခင်ရဲ့ ပဲလိပ်ပြာနှပ်


          ချစ်သောမောင်နှမများအားလုံး မြန်မာနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ကျွန်မတို့ မေတ္တာရပ်ဝန်း မီးဖိုဆောင်မှ ၀ိုင်းတော်သားများအားလုံးက ဆုမွန်ကောင်းချွေပါတယ်နော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ပဲလိပ်ပြာနှပ်လေး ချက်ကျွေးပါရစေဦးနော်။
          ကျွန်မတို့ မြန်မာလူမျိုးတွေက ပဲနှပ်ဆိုရင် သိပ်ကြိုက်တတ်ကြပါတယ်။ သတ်သတ် လွတ်စားသုံးတဲ့အခါမှာ ကုလားပဲနှပ်၊ ပဲကြီးနှပ်၊ ပဲလိပ်ပြာနှပ် စသည်ဖြင့် ပဲမျိုးစုံကို နှပ်ပြီး စိတ်ကြိုက် ချက်ပြုတ်စားတတ်ကြပါတယ်နော်။ 
ကျွန်မ ငယ်ငယ်တုန်းကတော့ ပဲဆိုရင် သိပ်မုန်းတာပဲ၊ အထူးသဖြင့် ပဲနှပ်ကိုပေါ့၊ နောက်ပြီး အိမ်မှာ ထမင်းဟင်းချက်ရင် ဖြစ်လေ့ဖြစ်ထရှိတာလေးကလေ ချဉ်ပေါင်ကြော် ကြော်တဲ့နေ့၊ ပဲနှပ်တဲ့နေ့၊ ပဲဟင်းချက်တဲ့နေ့တွေဆိုရင်လေ ထမင်းချက်တာ အလိုလိုနေရင်း ပျော့သွားတတ်တော့ ထမင်းပျော့ပျော့နဲ့ ပဲနှပ်အတွဲကို ဘယ်လိုမှ စားလို့မတတ်ခဲ့ပါဘူး။ 
ဒါပေမယ့်လေ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ ကျောင်းတက်ရတော့ ပဲမကြိုက် တတ်တဲ့ ကျွန်မဟာ ထမင်းမာသည်ဖြစ်စေ၊ ပျော့သည်ဖြစ်စေ အဆောင်ကကျွေးတဲ့ ပဲဟင်း မပါရင် မစားတတ်တော့တဲ့အထိကို ဖြစ်သွားပါတော့တယ်။
နေ့တိုင်း အဆောင်က ကျွေးတဲ့ ပဲဟင်းတွေစားပြီး လူကိုယ်လုံးကလည်း ၀ဖြီးလာ လိုက်တာ အတန်းကြီး အစ်ကို၊ အစ်မများက ကျွန်မ လမ်းလျှောက်လာရင် စည်းပိုင်းကြီး လိမ့်လာတယ်လို့ ချစ်စနိုးနဲ့ နောက်ကြပါတယ်။ ကျွန်မ စိတ်မဆိုးခဲ့ပါဘူး၊ တကယ်လည်း ၀လုံးပြီး Visit Myanmar Year ဖိုးဝရုပ်လို ဖြစ်နေတော့တာလေ။ 
ပထမနှစ်ဝက် ကျောင်းပိတ်လို့ အိမ်လည်း ပြန်ရော အိမ်က လူတွေက ကျွန်မကို ရုတ်တရက် မမှတ်မိဘဲ ကြောင်ကြည့်နေကြပါတယ်၊ ပြီးတော့မှ ဟယ့့်  ကျောင်းသွား တက်တဲ့ ခြောက်လအတွင်းမှာ ပဲဖော ဖောပြီး ပြန်လာတယ်ဆိုပြီး ၀ိုင်းနောက်ကြပါတယ်။ ကျွန်မအစ်ကိုကတော့ ကျွန်မကို ၀ပုတစ်တို ဒစ္စကိုလို့ ကျွန်မ မခံချိမခံသာဖြစ်အောင် နောက်ပါတယ်။ အဲ့ဒါ ပဲကြိုက်ခင်ဖြစ်ခဲ့ရတဲ့ ကျွန်မရဲ့ ဇာတ်လမ်းလေးပေါ့လေ။
          ပဲလိပ်ပြာနှပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲလိပ်ပြာ၊ ဆူးပုပ်ရွက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီနဲ့ နနွင်းမှုန့် အနည်းငယ်တို့ပါနော်။
          ပဲလိပ်ပြာအစိုကို ရေနဲ့ သန့်စင်အောင်ဆေးကြောပြီး ရေစိမ်ပေးထားပါတယ်နော်။ တကယ်လို့ ပဲလိပ်ပြာအစိုကို ၀ယ်လိုမရဘူးဆိုရင် ပဲလိပ်ပြာစေ့ကို ရေနွေးကြက်သီးနွေးနဲ့ တစ်ညသိပ်စိမ်ပေးရပါမယ်။ ပြီးရင်တော့ နောက်နေ့မှာ အဲ့ဒီရေတွေကို လှယ်ပစ်ပြီး နောက်ထပ် ရေနွေးကြက်သီးနွေးနဲ့ တစ်ရက် ထပ်စိမ်ပေးပါနော်။ ပဲလိပ်ပြာအခွံလေးတွေ ပွလာပြီဆိုရင်တော့ ရေနဲ့သန့်စင်အောင်ဆေးကြောပြီး ရေစစ်ပေးထားပါနော်။ ပဲလိပ်ပြာက ချက်တဲ့အခါ အခွံမသင်ဘဲ ချက်စားရတာ ပိုစားကောင်းလှပါတယ်။ အခွံပါ ပါတဲ့အတွက် ပဲစေ့တွေက ကွာထွက်သွားတာမျိုးမရှိဘဲ နှပ်လိုက်တဲ့အခါ ပဲစေ့လေးတွေက စေးစေးပိုင်ပိုင်နဲ့ အိအိထွေးထွေးလေးမို့ စားရတာ အရသာရှိလှပါတယ်။
          ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ ရေဆေးပြီး ကြက်သွန်နီအချို့ကို ကြက်သွန်ကြော် ကြော်ဖို့အတွက် ခပ်ပါးပါးလေး လှီးပေးထားပါနော်။ ကျန်တဲ့ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ညက်အောင် ထောင်းပေးထားပါနော်။ ဆူးပုပ်ရွက်နုလေးတွေကိုလည်း အခိုင်လိုက် သန့်စင်အောင် ရေဆေးပြီး အရွက်လေးတွေ ချွေပေးထားပါနော်။
          အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်ခပ်၊ ပြီးတော့ လှီးထားတဲ့ ကြက်သွန်နီတွေကို ကြော်ပေးပါနော်။ ကြက်သွန်နီ ဆီချက် ရလာပြီဆိုရင်တော့ ကြက်သွန်ကြော်ဖတ်လေးတွေကို ဆယ်ယူပြီး ပန်းကန်တစ်ချပ်ထဲ ထည့်ပေးထားပါနော်။
ပြီးရင်တော့ ဒယ်အိုးတစ်လုံးထဲကို ပဲလိပ်ပြာရယ်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊နီရယ်၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ကို ထည့်ပြီး အားလုံး သမအောင် ရောမွှေပေးပါနော်။ ပြီးရင်တော့ ရေကို လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးထည့်ပြီး မီးဖိုပေါ်တင်၊ ဒယ်အိုး အဖုံးအုပ်၊ မီးအားပုံမှန်နဲ့ စပြီး နှပ်ပေးပါနော်။ ပထမတစ်ရည်ခမ်းသွားပြီ ဆိုရင်တော့ ကြက်သွန်စိမ်းနံ့တွေလည်း ပျောက်သွားပါ လိမ့်မယ်နော်။ ပြီးတော့မှ ပဲတွေကို အထက်အောက် နှံ့အောင်မွှေ၊ ဟင်းအိုးထဲကို ရေ လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးထည့်၊ ဒယ်အိုးအဖုံးအုပ်ပြီး မီးအသင့်တင့်နဲ့ တည်ပေးပါနော်။ ဒီတစ်ရည်ခမ်းရင် ပဲတွေ သမအောင် မွှေပေး၊ ရေနောက်တစ်ခွက်ထပ်ထည့်၊ မီးအသင့်အတင့်နဲ့တည်၊ အဲ့ဒီလိုနဲ့ ပဲနူးတဲ့အထိ တည်ပေးပါနော်။ ပဲနူးလောက်ပြီဆိုရင်တော့ သန့်စင်ချွေဖြတ်ထားတဲ့ ဆူးပုပ်ရွက်နုလေး တွေကို အုပ်ပြီး အားလုံးသမအောင် ရောမွှေလိုက်တယ်ဆိုရင်ပဲ ဆူးပုပ်ရွက်နဲ့ သင်းသင်းလေး နဲ့ ပဲလိပ်ပြာနှပ် အိအိထွေးထွေးစေးစေးပိုင်ပိုင်လေးကို ရမှာပါနော်။ ပြီးရင်တော့ စားပွဲ ပြင်တဲ့အခါ ပဲနှပ်အပေါ်ကနေ ကြက်သွန်ကြော်လေးဖြူးထည့်ပြီး သုံးဆောင်လိုက်ရမယ်ဆိုရင် တော့ နတ်သုဒ်ဓာတမျှ ရသာထူးကဲလှတာကို လျှာဖျားက အရသာခံမိမှာ အသေအချာပါနော်။
          လိုက်ဖက်တဲ့ ဟင်းလေးတွေကတော့ ငရုပ်သီးဆားထောင်း/ဘာလချောင်ကြော် လေးရယ်၊ မြင်းခွာရွက်သုပ် သို့မဟုတ် မုန်လာဥပိုးတီသုပ်၊ ကြက်သား/ဆိတ်သား/ အမဲသားဟင်းတို့ပဲ ဖြစ်ပါတယ်နော်။ 
          ကျွန်မရဲ့ ချစ်သောမောင်နှမများလည်း တစ်ခါတလေ အလွမ်းပြေ ပဲနှပ်လေး ချက်စားကြပါဦးနော်။

7 comments:

  1. မင်္ဂလာ နှစ်သစ်ပါ..

    နှစ်သစ်ဦးမှာ ပဲ များတယ်.. အဲ.. ပဲ ချက်ကျွေးတယ်။ :) :) :)

    ကိုမျိုးကတော့ ငယ်ငယ်လေးကတည်းက အညာမှာ ပဲ ချက် ကို ဟင်းအဖြစ် စားခဲ့ရတာ ဆိုတော့.. ထမင်းစားရင် ပဲ ဟင်းတစ်ခွက်လောက်တော့ ပါမှ။

    ဝေမျှပေးတာ ကျေးဇူး။

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  2. ပဲနှပ်ကြိုက်တယ်မမလုရေ

    ReplyDelete
  3. မမလုလုပျောက်နေတာရယ်..
    ပဲနှပ်နဲ့ပြန်ပေါ်လာတယ်...
    ပဲဆိုအကုန်ကြိုက်တယ်.. ပဲကြီးနှပ်..ပဲလိပ်ပြာ..ပဲကြီးဆူးပုပ်...
    အားလုံးကြိုက်တယ်.မမ

    ReplyDelete
  4. ပဲဆိုဘာပဲ ပဲဖြစ်ဖြစ်ကြိုက်တယ်။
    မမလုရေ.. လက်ရာကိုကြိုက်လွန်းလို့နေ့တိုင်းရောက်ရောက်နေတာ တို့မမတော့မသိရှာ။ တချို့ဆို့အိမ်သယ်သွားသေးတယ်။ သားအကြိုက်တွေဆိုသူသယ်။ မအေအကြိုက်ဆိုမအေကသယ်ပေါ့။
    တနေ့နေ့ လာချောင်းနေတာ...ဘာတွေသယ်သွားရမလဲလို့ပေါ့။
    အားလုံးအကြိုက်တွေပဲကွယ်။
    ချစ်တဲ့
    ဂျာမုန်းဒန် နှင့်သားလေး

    ReplyDelete
  5. မမလုလု

    နေကောင်းလား
    အာာဘွားးး
    ပဲလိပ်ပြာနှပ်ကြိုက်တယ်
    ပဲဟင်းရည်လဲကြိုက်တယ်

    ReplyDelete
  6. မမလုလု

    နေကောင်းလား
    ဟင်းချက်နည်းတွေကို လေ့လာသွားပါတယ်ရှင်။

    ReplyDelete
  7. ပဲအားလုံးကို ကြိုက်တယ်။
    ဒီနည်းလေးက တို့အတွက် ပိုအဆင်ပြေတယ်။
    ကျေးဇူးနော် လုလု..။
    မတွေ့တာကြာပြီ နေကောင်းလား..

    ReplyDelete