Thursday, April 8, 2010
ဝက်နံရိုးတုံယမ်းချက်
            ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေကို ၀က်နံရိုးတုံယမ်း ဟင်းချက်နည်းလေး မျှဝေပေးပါစေဦးနော်။ ကျွန်မတို့ဘလော့ဂ်မာင်နှမ တစ်ယောက်ဖြစ်တဲ့ Blogger လေး က မေးလ်ပို့ပြီး မေးလာပါတယ်။
အမရေ...
ကျွန်တော့မှာ ဒါတွေရှိတယ်။ ဘာချက်သင့်လဲ အကြံပေးပါဦး။
၁။ ဝက်သား၊ ကြက်သား၊ Lamb သား
၂။ မဆလာ
၃။ ငံပြာရည်
၎။ ပဲငံပြာရည် အကြည် အနောက် ၂ မျိုးလုံး
၅။ ဆား၊ သကြား၊ အချိုမှုန့် ကြက်သားမှုန့်
၆။ ကြက်သွန် ဖြူနီ ဂျင်း
၇။ သစ်ဂျပိုး၊ နာနတ်ပွင့်၊ ပျင်းတော်သိန်၊ ကရဝေးရွက်
၈။ အာလူး
၉။ တုံယမ်း အနှစ်
တခြား ဟာတွေ ကတော့ အသားငါး အရွက် သွားပြေးဝယ်လို့ရတယ်။ဟင်းခတ်အမွှေးအကြိုင် ကတော့ အဲ့ဒါတွေလောက်ပဲ သိတယ်ဗျ။ မနက်ဖြန်ဟင်းချက်ချင်လို့လေ။ အဲ့ဒါ အကြံပေးပါဦး။
အမ ကတိလည်း မတည်ဘူး။ အင်္ဂလိပ်နာမည်နဲ့ ဟင်းခတ်အမွှေးအကြိုင်တင်ပေးမယ်
ဆိုပြီး တင်လဲ မတင်ပေးသေးဘူး။
ဟိုနေ့က အမပြောတဲ့အတိုင်း နာနတ်သီးနဲ့ ဝက်သားနဲ့ ကောင်းမှကောင်းပဲ။ အရမ်းကျေးဇူး တင်တယ်နော်။
တာ့တာ။
ရဲလင်းကို (ဘလော့ဂါလေး)
            ဘလော့ဂါလေးရဲ့ မေးလ်ကို ဖတ်ပြီးတော့မှ သူ့နဲ့ ဂျီတော့ခ်မှာ ချက်တင်လုပ်ရင်း ၀က်နံရိုးတုံယမ်း ချက်နည်းလေးကို ပြောပြဖြစ်ပါတယ်။ အခုဓာတ်ပုံကလည်း သူချက်ဖြစ်တဲ့ ၀က်နံရိုးတုံယမ်းချက်လေးပါ နော်။ ကျွန်မက ၀က်သားမစားတဲ့နိုင်ငံရောက်နေတဲ့ ဘလော့ဂါလေးရဲ့လက်ရာနဲ့ မောင်နှမများကို မျှဝေပေးပါရစေရှင်။
            လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်နံရိုး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ တုံယမ်း အနှစ်၊ သံပုရာသီး၊ ရှောက်ရွက်၊ စပါးလင်၊ နနွင်းမှုန့်၊ ဆား၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ ဆီတို့ပါနော်။
            ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပေးပြီး ငရုတ်သီးစိမ်း အညှာခြွေ ပေးထားပါ။ စပါးလင်ကိုလည်း  ဆေးကြောပြီး တစ်လက်မခွဲ အရှည်လောက် လှီးဖြတ်ပေးထားပါနော်။ ပြီးရင် ငရုတ်ဆုံ ထဲကို ချင်းကို အရင်ထည့်ပြီး ထောင်းပေးပါ။ ပြီးရင်တော့ စပါးလင်ကို ထည့်ထောင်းပေးပါနော်။ ပြီးတော့မှ ငရုတ်သီးစိမ်း၊  ကြက်သွန်ဖြူနီတို့ကို မညက်တညက်ထောင်းပေးထားပါနော်။ သံပရာသီးကိုလည်း အစိတ် လေးတွေ စိတ်ပေးထားပါနော်။
            အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင် မီးအား ပြင်းပြင်းနဲ့ ၀က်နံရိုးတွေကို ထည့်ပြီး လှော်ပေးပါနော်။ အဲ့ဒီလို လှော်လိုက်တဲ့အတွက် ၀က်သားညှီနံ့ပျောက်သွား စေတဲ့အပြင် ချင်းရည်နဲ့ နယ်နှပ်ထားတဲ့အတွက် ၀က်နံရိုးထဲကို ချင်းနံ့မွှေးမွှေးလေးတွေ ၀င်သွားစေပါတယ် နော်။ ၀က်သားထဲက ထွက်လာတဲ့အရည်တွေ ခမ်းပြီဆိုရင်တော့ ၀က်သားတွေကို ပန်းကန်တစ်ချပ်ထဲ ခဏဆယ်ထည့်ပေးထားပါနော်။ ပြီးတော့ ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး နည်းနည်းထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းစပါးလင်ငရုတ်သီးတို့ကို မီးအားအသင့်အတင့်နဲ့ ဆီသတ်ပေးပါနော်။ ငရုတ်သီးကြက်သွန်နွမ်းပြီဆိုရင်တော့ တုံယမ်းအနှစ်နဲ့ ရှောက်ရွက်တို့ကို ထည့်မွှေပေးပါ နော်။ ပြီးတော့မှ ၀က်နံရိုးတွေထည့်ပြီး အားလုံးသမအောင် မွှေပေးပါနော်။ ပြီးရင် ၀က်နံရိုးမြုပ် ရုံရေထည့်ပြီးတော့ မီးအသင့် အတင့်နဲ့တည်ပေးပါ။ အဲ့ဒီရေခမ်းသွားပြီဆိုရင် ဟင်းအိုးကို နှံ့အောင်မွှေ၊ ပြီးတော့ အပေါ့အငန်မြည်းပြီး လိုအပ်တဲ့အရသာထပ်ဖြည့်၊ ပြီးတော့မှ အအီပြေစေရအောင် သံပုရာရည်လေးထည့်၊ ရေအနည်းငယ် ထပ်ထည့်ပြီး တည်ပေးပါနော်။ ရေလည်းခမ်းပြီ၊ အရသာအပေါ့အငန်လည်း ကြိုက်ပြီဆိုရင်တော့ တုံယမ်း နံ့လေး သင်းပြီး ချိုချဉ်အရသာလေးနဲ့ ၀က်နံရိုးတုံယမ်းချက်လေး ရပါပြီနော်။ ကြိုက်တတ်ရင်တော့ ပင်စိမ်း ရွက်လေးအုပ်ပြီး သုံးဆောင်နိုင်ပါတယ်နော်။
          ကျွန်မရဲ့ မောင်နှမများထဲက ၀က်သားကြိုက်တတ်တဲ့မောင်နှမများအတွက် ၀က်သား ဟင်းချက်နည်းအဆန်းလေးကို ချက်စားနိုင်စေဖို့အတွက် မျှဝေလိုက်ပါတယ်နော်။
7 comments:
  1. မမလု အသားပေါ်မှာအရွက်လေးတွေထွက်လို့..လှလိုက်တာ..း)
    ReplyDelete
  2. ရှယ်ပဲနော်...တခါမှ မလုပ်ဖူးသေးဘူး
    ReplyDelete
  3. စမ်းကြည့်အုံးမယ်။
    ReplyDelete
  4. လုလု..
    အိမ်နားက ဆိုင်က ၀က်နံရိုးမရောင်းဘူး။ ခြေထောက်တွေတော့ ရှိတယ်.
    (လုလုရေ.. ဘာဖြစ်လို့လည်း မသိဘူး။ တို့ဆီမှာလေ လုလု ဘလော့က ပိုစ်အသစ်ကို update မဖြစ်ဘူး။ ခဏခဏ လင့်ခ်ပြန်လုပ်လည်း မရဘူး။ အဲဒါ ဘာလို့လဲမသိဘူး။ လုလုနားလည်ရင် ပြောပြပါဦးနော်)
    ReplyDelete
  5. ကျေးဇူးပဲ အမရေ... အမရန်ကုန်ပြန်ရောက်ရင်လဲ ဟင်းချက်နည်း တွေ တင်တင်ပေးဦးနော်။
    ReplyDelete
  6. ဇင်လေးJune 15, 2010 at 3:22 PM
    အမရေညီမလည်းကြိုက်ပါတယ်.....ဒါပေမဲ.တခါတလေကျရင်အမတို.၀က်ဆိုဒ်ကဖွင်.မရဘူးဖြစ်နေတယ်ခုတောင် freedome သုံးပြီးဖွင်.ရတယ်အမရေ
    ReplyDelete