Wednesday, March 31, 2010

ကြက်ကြော်မွှေးမွှေးလေး


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမများကို ဒီနေ့တော့ အင်ဒိုနီးရှားစတိုင်လ် ကြက်ကြော်လေး ချက်ကျွေးပါရစေနော်။ ဒီမှာတော့ ကြက်ကြော်ကို AYAM GORENG လို့ ခေါ်ပါတယ်နော်။ ကျွန်မဒီမှာ နေခွင့်ရတဲ့ အိမ်မှာတော့ ကျွန်မ အမေက ထမင်းဟင်းချက်ကျွေးတော့ ကြက်ကြော်လေးက အရမ်းကို မွှေးပြီး စားကောင်းနေတာမို့ ဘယ်လိုကြော်ရတယ်ဆိုတာကို မေးပြီး ကြော်ထားတဲ့ ကြက်ကြော်
လေးကို မျှဝေပါရစေနော်။

ကြက်ကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သား ရင်ပုံသား သို့မဟုတ် ပေါင်သား ၁ ကီလို၊ စပါးလင် ၅ ပင်၊ ချင်း လက်သုံးဆစ်၊ ပဒဲကော လက်သုံးဆစ်၊ နံနံစေ့ အနည်းငယ်၊ နနွင်းတက် (အင်ဒိုနီးရှားမှာတော့ နနွင်းမှုန့်အစား နနွင်းတက်အစိမ်းကိုသုံးပါတယ်နော်) လက်သုံးဆစ်၊ ကြက်သွန်ဖြူ ၁၀ မွှာ၊ ရှောက်ရွက်၊ ဆားအနည်းငယ်နဲ့ ဆီတို့ပါနော်။

ကြက်သားကို သန့်စင်အောင် ရေနဲ့ ဆေးကြောပေးထားပါနော်။ အခြားသော အဆာပလာများဖြစ်တဲ့ စပါးလင်၊ ချင်း၊ ပဒဲကော၊ နံနံစေ့၊ နနွင်းတက်၊ ကြက်သွန်ဖြူတို့ကို သန့်စင်အောင် ဆေးကြော၊ အခွံနွှာပေးထားပါ။ ပြီးရင် အဆာပလာအားလုံးနဲ့အတူ ရေ လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးခန့်ရယ် ဆားရယ်ကိုထည့်ပြီး ဘလင်ဒါ ကြိတ်စက်ထဲ ထည့်ပြီး ကြိတ်ပါတယ်နော်။ အားလုံးညက်ပြီဆိုရင်တော့ ကြက်သားထဲ အဲ့ဒီအရည်တွေ အကုန်လုံးကိုထည့်ပြီး အနည်းဆုံး နာရီဝက်ကနေ တစ်နာရီလောက် နှပ်ပေးထားပါနော်။ 
 
နှပ်ထားတဲ့ ကြက်သားတွေရယ်၊ ရှောက်ရွက်ရယ်ကို အိုးတစ်လုံးထဲထည့်ပြီး ရေခမ်းအောင် မီးအသင့်တင့်နဲ့ တည်ပါတယ်နော်။ ရေခမ်းသွားပြီဆိုရင်တော့ ကြက်သားကို အအေးခံပေးပါနော်။ တကယ်လို့ ရေရှည်အတွက် ထားချင်တယ်ဆိုရင်တော့ တစ်ခါတည်းနဲ့ ကြက်သား ငါးကီလိုလောက် ၀ယ်ပြီးတော့ အထက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း လုပ်ပြီး အအေးခံ၊ ပြီးတော့မှ ပလတ်စတစ်အိတ်၊ ဒါမှမဟုတ် ဗူးလေးထဲ ထည့်ပြီး freezer ထဲထည့်ထားနိုင်ပါတယ်။ အဲ့ဒါဆိုရင်တော့ လိုအပ်တဲ့အချိန်မှာ အချိန်မေ ရွးကြော်စားလို့ ရပါတယ်နော်။

ကြော်ဖို့ကတော့ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ ဆီပူလာရင်တော့ ကြက်သားတွေ ထည့်ပြီး မီးအသင့်အတင့်နဲ့ မှန်မှန်လေး ကြော်ပေးလိုက်ရုံပါပဲနော်။ အကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပေးပြီး ကြော်ပေးပါနော်။ အဆာပလာအဖတ်လေးတွေကလည်း အညိုရောင်လေးဖြစ်ပြီး အနံ့လေးကတော့ မွှေးကြိုင်နေတာပဲနော်။ အကျက်ညီသွားပြီဆိုရင်တော့ ကြက်သားလေးတွေကိုဆယ်၊ အဆာပလာ အကျွတ်ကြော်လေးတွေလည်း ဆယ်ယူပြီး ထမင်းဖြူပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။ 
 
ကြွတ်ရွမွှေးကြိုင်နေတဲ့ကြက်ကြော်လေးရယ်၊ sembel လို့ သူတို့ခေါ်ကြတဲ့ ငရုတ်သီးထောင်းရယ်၊ အသီးအရွက်မျိုးစုံတို့စရာရယ်၊ ထမင်းဖြူပူပူလေးရယ်နဲ့တွဲဖက်စားသုံး ကြပါတယ်နော်။

မောင်နှမများအားလုံးအတွက်လည်း ဟင်းလျာတစ်မျိုးတိုးပြီး စားမြိန်စေဖို့ မျှဝေလိုက်ပါတယ်နော်။

10 comments:

  1. မမလုရေ sembel လို့ခေါ်တဲ့ ငရုတ်သီးထောင်း ဘယ်လိုထောင်းတာလည်း မေးပေးပါလားဟင်။ အင်ဒိုနီးရှား ငရုတ်သီးထောင်းအရမ်းကြိုက်တယ်။ မမလုပြန်ရေးပေးပါနော်။ အားတဲ့အချိန်ကျရင်ပေါ့။

    ReplyDelete
  2. မင်္ဂလာပါ..

    အင်း.. အင်ဒိုနီးရှား စတိုင် ကြက်ကြော်မွှေးမွှေးလေးကတော့ ထမင်းဆီဆမ်းနဲ့ အလိုက်ဆုံးဘဲ။ စင်ကာပူမှာလဲ ဒီကြက်ကြော်က ဈေးကြီးတယ်ဗျ။ ခဏခဏ စားဖြစ်တယ်။
    ဝေမျှပေးတာ ကျေးဇူး။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  3. ကြက်ကြော်မွှေးမွှေးလေးအနံ့ပါ ရလိုက်သလိုပဲ...
    စားချင်လိုက်တာ
    sambal လည်း ကြိုက်တယ်..ပူလွန်းလို့ နည်းနည်းပဲစားနိုင်တယ် :)

    ReplyDelete
  4. စားချင်စရာလေး။လုပ်စားဦးမယ်။

    ReplyDelete
  5. does it need to be deep fried in a lot of oil or shallow fry with little oil till it turns sort of brownish color outside. Thanks.

    ReplyDelete
  6. ကျေးဇူးပါလုရေ။ အိမ်ကို ဦးပဉ္ဖင်းကြွရင်ချက်ကျွေးဖို့ နည်းတစ်နည်းရပြီး။

    ReplyDelete
  7. ညီမ လုလုရေ...အမက အဲလို အခြောက်တိုက်လေးတွေ နဲ့ ထမင်းပူပူလေး စားရတာကို ကြိုက်တယ်...ကြော်စားကြည့်အုံးမယ်...
    လင့်ခ်ယူသွားတယ် ညီမရေ...:)

    ReplyDelete
  8. ပုံလေးမြင်ရုံနဲ့တင် အနံ့မွှေးလာသလို့ပဲ။ ဗိုက်ဆာလာပြီ။ တို့ကလေ ကြက်သားကို အစာပလာနဲ့ မနှပ်ပဲနဲ့ ဒီအတိုင်း ကြော်ကြော်စားနေတာ။
    လုလု.. ကျေးဇူးနော်။ ဒါလေးလည်း ကူးသွားပြီ။ မနက်ဖြန် ကြော်စားမယ်

    ReplyDelete
  9. ကြက်ကြော်က..စားချင်စရာလေး..
    အပေါ်ကပြောသွားသလိုထမင်းဆီဆမ်းနဲ့စားချင်တယ်..
    ပဒဲကောဆိုတာမရှိတာခက်တယ်..။
    ငြုပ်သီးထောင်းလည်းပြောပြပါအုန်း..။

    ReplyDelete
  10. ကြက်ကြော် မွှေးမွှေးလေး စားသွားတယ် ညီမလုရေ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete