Friday, March 19, 2010

ပန်းသေးခေါက်ဆွဲကြော်

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို ပန်းသေး ခေါက်ဆွဲကြော်လေး လုပ်ကျွေးပါရစေနော်။ စီဘောက်စ်ကနေတဆင့် မဆင့်က မေးထားတာ တော်တော်ကြာကြာရှိပြီမို့ စိတ်ရှည်လက်ရှည်စောင့်ပေးတဲ့ မဆင့်အတွက်ရော မောင်နှမများအားလုံးအတွက် ရော မျှဝေပေးလိုက်ပါတယ်နော်။
ပန်းသေး တရုတ်နဲ့မွတ်ဆလင်တို့ ပေါင်းစပ်ထားတဲ့လူမျိုးတွေကို ခေါ်တယ်လို့ ယေဘုယျအားဖြင့် ကျွန်မ သိထားတာပါနော်။ ကျွန်မအသိမှားနေတယ်ဆိုရင်လည်း ပြင်ဆင်ဖြည့်စွက်ပေးဖို့ ဒီနေရာကနေပဲ မောင်နှမများကို တောင်းဆိုပါတယ်နော်။

ပန်းသေးခေါက်ဆွဲဆိုတာကို ပန်းသေးလူမျိုးတွေအဓိက စားသုံးကြတဲ့အစားအစာတစ်မျိုးလို့ ကျွန်မ ယူဆပါတယ်။ ကျွန်မ ၇ တန်းတုန်းက မေမြို့ကို ရောက်တဲ့အခါတုန်းက ပန်းသေးခေါက်ဆွဲကြော်ကို စပြီး စားခဲ့ဖူး ပါတယ်။ နောက်ပိုင်း ရန်ကုန်မှာလည်း ပန်းသေးခေါက်ဆွဲကြော်ဆိုတာတွေကို လှည်းလေးတွေနဲ့ တွန်းရောင်းတဲ့ ဆိုင်တွေမှာ တွေ့ဖူးသလို၊ မြို့ထဲမှာလည်း ဆိုင်ကြီးကြီးတွေမှာ ရောင်းတာကို စားဖူးခဲ့ပါတယ်။

ပန်းသေးခေါက်ဆွဲအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ခေါက်ဆွဲ အစို၊ ကြက်ရင်ပုံသား ဒါမှမဟုတ် အရိုးဖယ်ထားတဲ့ ကြက်ပေါင်သား၊ တိုဟူးပဲပြား၊ ကြက်ဥ၊ ထိုင်ဝမ် မုန်ညင်း (baby bok choy)၊ မုန်လာဥနီ၊ သံပရာသီး၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးအရောင်မှုန့်၊ ဟင်းချက်အနှစ် (curry paste or curry powder)၊ ငံပြာရည်၊ လေးညင်းပွင့် (clove) အနည်းငယ်၊ ငရုတ်ကောင်း၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ ပါနော်။

ခေါက်ဆွဲအစိုမရခဲ့ဘူးဆိုရင်လည်း ကြက်ဥခေါက်ဆွဲကို ပြုတ်ပြီး သုံးလို့ရပါတယ်နော်။ ခေါက်ဆွဲပြုတ် မယ့်အခါကျရင် အိုးတစ်လုံးထဲ ရေထည့်၊ ပွက်ပွက်ဆူအောင်တည်၊ ရေနွေးဆူလာရင် ခေါက်ဆွဲထည့်ပြီးပြုတ်၊ ငါးမိနစ်လောက်ကြာရင် ခေါက်ဆွဲနူးလောက်ပြီဆိုရင် ခေါက်ဆွဲဖတ်တွေကို ရေအေးအေးနဲ့ ဆေးပြီး စစ်ထားပေးပါနော်။ ခေါက်ဆွဲဖတ်တွေ ကပ်မသွားရအောင်လို့ ရေစစ်သွားပြီးတဲ့ အခါကျရင်တော့ ဆီလေးနဲ့ နည်းနည်းလူးပေးထားပါနော်။

ကြက်သားဟင်းချက်ဖို့ ပြင်ကြရအောင်နော်။ ကြက်သားကို သန့်စင်အောင်ဆေးကြောပြီးတဲ့အခါ ကြက်သားကို လက်သုံးလုံးအရွယ်လောက် တုံးပေးထားပါ။ တိုဟူးပဲပြားကိုလည်း ခပ်ထူထူလေး လှီးပေးထားပါ။ ပြီးရင် ကြက်သားရယ် ပဲပြားရယ်ကို ဇလုံတစ်ခုစီမှာ ထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်နဲ့ နယ်ပေးထားပါနော်။ ကြက်သွန်ဖြူနီကို အခွံနွှာ ရေဆေးပြီးတဲ့ အခါကျရင် အဖြူအနီတို့ကို နုတ်နုတ်စင်းပေးထားပါနော်။ ချင်းကိုခြစ်ထားပေးပါနော်။ လေးညှင်းပွင့်နဲ့ ငရုတ် ကောင်းတို့ကိုလည်း အမှုန့် ကြိတ်ပေးထားပါနော်။ ကြက်ဥကိုလည်း ခလောက်ထားပေးပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီအနည်းငယ်ထည့်၊ ပြီးရင် ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ လေးညှင်းပွင့်နဲ့ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါနော်။ ကြက်သွန်တွေ နွမ်းလာပြီ ဆိုရင်တော့ ရေနွေးလေးနဲ့ ဖျော်ထားတဲ့ ငရုတ်သီးအရောင်မှုန့်ရယ်၊ ဟင်းချက်အနှစ်ရယ်၊ ငံပြာရယ်အနည်းငယ် ရယ်ထည့်ပြီး ဆီသတ်ပေးပါနော်။ ပြီးရင်တော့ ကြက်သားတွေကို ထည့်ပြီး ဆီသတ်ပေးပါနော်။ ကြက်သားထဲက ထွက်လာတဲ့ အရည်ခမ်းပြီဆိုရင်တော့ ပဲပြားတွေထည့်ပြီး အသာလေးမွှေပေးပါ။ ပြီးရင် ရေကိုနည်းနည်းချင်းစီ ထည့်ပြီး ကြက်သားနူးအောင်တည်၊ ကြက်သားနူးပြီဆိုရင် အရသာအပေါ့အငန်ကိုမြည်းပြီး ရေနွေးလေး နည်းနည်းထပ်ထည့်၊ ဆူအောင်တည်ပြီး ကြက်သားဟင်းကို ရေကျန်ဆီကျန် အချိန်လေးမှာပဲ မီးဖိုပေါ်က ချလိုက်ပါနော်။ ဟင်းချက်အနှစ်က spices မျိုးစုံပါတာမို့ ကြက်သားဟင်းနံ့လေးက သင်းနေသလို ငရုတ်ရောင်ရဲရဲလေး နဲ့ ဆီကျန်ရေကျန်ချက်ထားတာမို့ ကြက်သားဟင်းလေးက စားချင်စဖွယ်လေး ဖြစ်နေပါတယ်။

ခေါက်ဆွဲကြော်ဖို့ ပြင်ကြရအောင်နော်။ ကြက်သွန်နီကို လေးစိပ်ထိုးပေးထားပါနော်။ ထိုင်ဝမ်မုန်ညင်းကို ရေစင်အောင်ဆေးပြီး ခပ်ရှည်ရှည်လေး လှီးပေးထားပါ၊ မုန်လာဥနီကိုလည်း အခွံနွှာ ရေဆေးပြီးတော့ ခပ်သေးသေးလှီးပေးထားပါနော်။ နံနံပင်ကို လည်း သန့်စင်အောင် ရေဆေး၊ ရေစစ်ပြီး ခပ်းပါးပါး လှီးပေးထားပါနော်။ သံပရာသီးကိုတော့ အစိပ်လေးတွေ ရအောင် လှီးပေးထားပါနော်။

ခေါက်ဆွဲကြော်ဖို့အတွက် ပြင်ကြရအောင်နော်။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်ဥကို ထည့်ကြော်ပေးပြီး ပန်းကန်တစ်ချပ်ထဲ သီးသန့်ဖယ်ထားပါနော်။ ပြီးရင် ဆီနည်းနည်းထပ်ထည့်ပြီးတော့ ကြာသွန်နီကို အရင်ဆီသတ်ပေးပါ။ ကြက်သွန်နီနွမ်းပြီဆိုရင်တော့ မုန်လာဥနီ၊ မုန်ညင်းစိမ်းတို့ကို ထည့်ပြီး ကြော်ပေးပါ။ ဆား၊ ဟင်းခတ်မှုန့်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ကိုထည့်ပြီး မွှေပေးပါ။ အရွက်တွေ နွမ်းပြီဆိုရင်တော့ ခေါက်ဆွဲတွေထည့်ပြီး အားလုံးသမအောင် ရောမွှေကြော်ပေး ပါနော်။ ပြီးရင်တော့ အရသာ အပေါ့အငန်ကို မြည်း လိုအပ်တာ ထပ်ဖြည့်ပြီး စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင် ခေါက်ဆွဲကြော် ရပါပြီနော်။ (ကျွန်မ တစ်ခါစားဖူးတဲ့ ပန်းသေးခေါက်ဆွဲကြော်ဆိုင်ကတော့ ကြက်သားဟင်းအရည်ကို ခေါက်ဆွဲကြော်တဲ့အထဲ ထည့်ပြီး ကြော်ပါတယ်၊ အဲ့ဒီနည်းက ကျွန်မပိုသဘောကျမိပါတယ်၊ ကြက်သားဟင်းအနှစ်က အနံ့နဲ့ အရသာတွေ ခေါက်ဆွဲထဲ ပိုနှံ့ပြီး ပိုစားကောင်းတာမို့ပါနော်။)

စားပွဲပြင်မယ်ဆိုရင်တော့ ခေါက်ဆွဲကြော်ကို ပန်းကန်ထဲထည့်၊ ပြီးရင် ကြက်သားဟင်းရည်လေးကို ဆမ်း၊ ပြီးတော့ ကြက်ဥ ကြော်ကို ထည့်၊ အပေါ်ဆုံးက ကြက်သားနဲ့ ပဲပြားတုံး လေးတွေကို ထည့်ပေးပါနော်။ ပြီးတော့မှ နံနံပင်လေးဖြူးပြီး သံပုရာသီး စိပ်လေး ထည့်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပန်းသေးခေါက်ဆွဲကြော် ရပါပြီရှင်။

မဆင့်လည်း ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်နော်။ ချစ်သော မောင်နှမများအားလုံးလည်း ဒီပိတ်ရက်မှာ သူငယ်ချင်းတွေ၊ မိသားစုများနဲ့ ပန်းသေးခေါက်ဆွဲကြော်လေး လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေနော်။ ကျွန်မရဲ့ ပန်းသေးခေါက်ဆွဲကြော်နည်းနဲ့ မတူတဲ့နည်းများရှိရင်လည်း မောင်နှမများဆီက အကြံဥာဏ်များလည်း ပေးခဲ့ကြပါဦးလို့ ဖိတ်ခေါ်ပါတယ်နော်။

ဟင်းပွဲဓာတ်ပုံတော့ မရှိဘူးနော်။ စိတ်မဆိုးပါနဲ့နော်။

9 comments:

  1. ပန်းသေးခေါက်ဆွဲကို နှစ်ခါလားဘဲ စားဖူးတယ် ဟီးဟီး

    ReplyDelete
  2. မမလုရေ..ကူးလဲအဲဒီခေါက်ဆွဲမျိုးကြိုက်တယ်.. ရန်ကုန်မှာ ရွှေထူးပန်းသေးခေါက်ဆွဲဆိုလား.. စားဖူးတယ်

    ReplyDelete
  3. တစ်ခါမှ မစားဖူးဘူး၊
    ချက်စားဖြစ်လို့ ပုံရရင်တင်ပေးပါဦး မလု...။

    ReplyDelete
  4. ကြိုက်တယ်... ပန်းသေးခေါက်ဆွဲအရမ်းကြိုက်တယ်... ငယ်ငယ်တုန်းကစားဖူးတဲ့ပါရမီကပန်းသေးခေါက်ဆွဲကို အရမ်းလွမ်းတယ်....

    ReplyDelete
  5. မအယ်တော့ အရမ်းကြိုက်တယ်။ စွန်တန် ဟင်းချိုနဲ့ သောက်ကြတယ်။ မအယ် ဆရာမက မွတ်စလင်မို့ သူနဲ့ဆိုရင် မြို့ထဲရောက်တိုင်း ပန်းသေးခေါက်ဆွဲပဲ စားတယ်။ လမ်းတော့ မမှတ်မိဘူး။ တော်တော် ကောင်းတယ်။

    လေးညှင်းပွင့် ပါတယ်လား။ ခုမှ သိတယ်။
    စောကောမှုန့်ဆိုတာကော ဘာကို ပြောတာလဲ။ ဘိုလိုလေး ပြောပြပါလား။ ဟိဟိ ဒီက ဘိုမ မို့ပါ။
    :)

    မအယ်

    ReplyDelete
  6. ဟုတ်လား စုဗူးရေ့  မမလုလည်း စားဖူးတာ ၁၀ ခါတောင်မပြည့်ပါဘူးနော်။ ဒါပေမယ့် အရမ်းကြိုက်ခဲ့တာ။
    ကူးကူးရေ့  စားရတာ အနံ့အရသာတစ်မျိုးလေးနော်။
    :)ဟုတ်ကဲ့ ကျွန်မ ချက်စားဖြစ်တဲ့အခါ ပုံတင်ပေးပါ့မယ်နော်။
    မရှရွန်ရေ့  အရမ်းကြိုက်တယ်ဆိုလို့ အကြိုက်ချင်းတူတဲ့သူတွေ တွေ့နေပြီ။
    မအယ့့်  စွန်တန်ဟင်းချိုနဲ့စားလိုက်ရရင်တော့ ရှလွတ်ဖြစ်သွားတော့မှာ။
    စောကောမှုန့်ဆိုတာ လုလည်း မသိဘူး မအယ်။ အခေါ်အဝေါ်ချင်း မတူတာများလားဟင်။ ဘယ်မှာ သုံးတာလဲဟင် မအယ်။

    ReplyDelete
  7. ပန်းသေးခေါက်ဆွဲဆိုတာကိုမစားဖူးဘူး...
    ပန်းသေးဆိုတာ..
    တရုတ်နဲ့မူဆလင်ပေါင်းစပ်တာမဟုတ်တာသေချာတယ်..
    (ထင်တယ်..ဟီးး)၊
    လူမျိုးကတရုတ်စစ်စစ်တွေဖြစ်ပြီး..
    ယံုၾကည္သက္ဝင္တာ..အစၥလာမ္ဘာသာ..
    လို့ပဲ..သိထားတာပါ...
    ပန်းသေးခေါက်ဆွဲဆိုတာကို..ရန်ကုန်ဖက်ကလူတွေ
    အသုံးများတာသတိထားမိပါတယ်..
    နောက်ပြီး..ရန်ကုန်မှာရောင်းတာတွေ့ဖူးတယ်..
    မစားဖူးသေးပါ....
    မေမြို့မှာတော့...ပန်းသေးလူမျိုးတွေရောင်းတဲ့
    ခေါက်ဆွဲဆိုင်များပါတယ်...
    ဒါပေမယ့်..ရောင်းကြတာတွေက..
    ဆန်ခေါက်ဆွဲ(ရေစိမ်(ခ)၊အဖွယ်)၊
    ..ရှမ်းခေါက်ဆွဲ(ဆန်စီး)၊မြီးရှည်..ဂျုံခေါက်ဆွဲ..
    ဆန်ပြား..တို့ဟူးပျော့/သုတ်..ဖက်ထုပ်..
    စတာတွေအဓိကထားရောင်းကြတာတွေ့ရမှာဖြစ်ပါတယ်..

    မလုရေ..
    သိသလောက်အာလူးများမိပြီနော်..
    (ဒီခေါက်ဆွဲနဲ့ပတ်သက်လို့..ဖိုရမ်မှာ..မသိဘူးပြောခဲ့ဖူးတယ်..ကူးကူးကို..ဟီးးစိတ်မဆိုးနဲ့နော်..တကယ်မသိလို့ပါ..)၊


    ပေါက်

    ချောင်းကော့မှုန့်ဆိုတာ..တရုတ်မဆလာပါ..
    ပန်းသေးတွေက..ကုလားမဆလာမသုံးပါဘူး..
    ချောင်းကော့..လို့ခေါ်တဲ့..တရုတ်မဆလာပဲအသုံးပြု
    ကြပါတယ်..
    မလုလုမေးလ်စုံစမ်းပြီး..ဓါတ်ပုံပို့ပေးပါ့မယ်..
    ချောင်းကော့သီးရော..
    အမှုန့်ပါ...
    ချောင်းကော(草果)၊

    ReplyDelete
  8. လုလုရေ
    တို.တော .အလုံလမ်းမပေါ် မစ်ရှင်ကုန်းဆင်းက ည ကျမှ ရောင်းတဲ. ပန်းသေးခေါက်ဆွဲကို လွမ်းမိတယ်
ူမတ်လေးပန်း

    ReplyDelete
  9. ပန်းသေးခေါက်ဆွဲနဲ့ ပတ်သက်ပြီး ရှင်းပြသွားတဲ့ ပေါက်ကို အရမ်းကျေးဇူး တင်ပါတယ်နော်။
    အဲ့ဒါကြောင့်လည်း ပေါက်ကို
    မမလု အရင်ရက်က မအားလို့ အခုမှ ပြန်ရေးပေးရတာပါနော်။
    ချောင်းကောမှုန့်တို့ကိုလည်း ဓာတ်ပုံရိုက်ပြီး ပို့ပေးပါဦးနော်။
    မမြတ်လေးပန်းကိုလည်း ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete