Monday, March 8, 2010

ပြည်ကြီးငါးရခိုင်သုပ်




ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ စီဘောက်မှာ မစန္ဒာလင်းက ပြည်ကြီးငါးကို ချက်ပြုတ်နည်း လေးတွေ မျှဝေပေးပါဦးလို့ မေးထားတဲ့အတွက် ဒီတစ်ခါတော့ ရှူးရှူးရှဲရှဲ ပြည်ကြီးငါးကို ရခိုင်သုပ်လေးကို မျှဝေပေးပါရစေနော်။ 

ပြည်ကြီးငါးရခိုင်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး အရွယ်တော် ၁၅ ကောင်၊ ငါးပိစိမ်းစား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ ငရုတ်ကောင်းအနက် အလှော် ၁၅ စေ့၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ကြက်သွန်ဖြူ ၃ မြွှာ၊ သံပရာသီး၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

ပြည်ကြီးငါးကို သန့်စင်အောင်ဆေးကြောပြီးတဲ့အခါ ဆားအနည်းငယ်နဲ့ သံပရာရည်ညှစ်ပြီး နာရီဝက် လောက် နယ်နှပ်ထားပေးပါ၊ ပြီးရင် အိုးတစ်လုံးထဲ ရေနည်းနည်းထည့်ပြီး တည်ပေးပါ။ ရေနွေးပွက်ပွက်ဆူလာရင် ပြည်ကြီးငါးတွေကို ထည့်ပြုတ်ပေးပါ။ ပွက်ပွက်ဆူလာတာနဲ့ အရည်တွေကို သွန်ပစ်ပြီး ပြည်ကြီးငါးတွေကို ဇကာနဲ့ ဆယ်ယူပြီး အအေးခံထားပေးပြီး အေးတဲ့အခါ ပြည်ကြီးငါးတွေကို အရွယ်တော်လေး လှီးပေးပါနော်။ ပြီးရင် ငါးပိစိမ်းစားကို မီးကင်ပေးပါနော်။ ငရုတ်သီးစိမ်းတွေကိုလည်း အညှာချွေ၊ ရေဆေးပြီး ရေစစ်ပေးထားပါနော်။  ပြီးရင် ဒယ်အိုးထဲမှာ ငရုတ်သီးစိမ်းတွေကို ထည့်ပြီး မီးနွေးနွေးနဲ့ လှော်ပေးပါ။ ငရုတ်သီးစိမ်းတွေ နွမ်းခြောက်လာပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချပြီး ငရုတ်သီးတွေကို ထောင်းပေးပါ။ တစ်လက်စတည်း ကက်သွန်ဖြူသုံးမွှာကို အခွံနွှာပြီး မညက်တညက်လေး ထောင်းပေးပါ။ ပြီးရင် ငရုတ်ကောင်းစေ့လှော်တွေကိုလည်း ထည့်ထောင်းပေးပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲမှာ ပြည်ကြီးငါးတွေရယ်၊ အဆာပလာတွေရယ် အကုန်ထည့်ပါ၊ သံပရာရည်ရွှဲရွှဲလေး ညှစ်ထည့်ပြီး အားလုံးကို သမအောင် နယ်ပေးပါနော်။ ပြီးရင် အပေါ့အငန်အရသာကိုမြည်း လိုအပ်တာကို ထပ်ဖြည့်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ရှူးရှူးရှဲရှဲ ပြည်ကြီးငါးရခိုင် သုပ်လေးရပါပြီနော်။ ထမင်းပူပူလေးရယ်၊ ပြည်ကြီးငါးရခိုင်သုပ်စပ်စပ်လေးရယ်၊ ပင်စိမ်း၊ သခွားသီး၊ ဆတ်လတ်ရွက် စတဲ့အသီးအရွက်တွေရယ်၊ ရေနွေးကြမ်းပူပူလေးရယ်နဲ့ သုံးဆောင်ရင်ဖြင့် တကယ့်ကို စားလို့ကောင်းမှာ သေချာပါတယ်နော်။

တစ်ခါတလေ ဆီပြန်ဟင်းတွေကို စားရင်း ငြီးငွေ့လာတဲ့အခါ၊ နေမကောင်းချင်သလို ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတဲ့ အခါကျရင်တော့ ပြည်ကြီးငါး ရခိုင်သုပ်စပ်စပ်လေးကို သုပ်စားကြည့်ပါဦးလို့နော်။ 

ပြည်ကြီးငါးနဲ့ ပတ်သက်ပြီး ရေးပေးဖူးခဲ့တဲ့လင့်ခ်တွေကတော့ 
http://lulucooking.blogspot.com/2009/10/blog-post.html
ပြည်ကြီးငါးကျောက်ပွင့်ရခိုင်သုပ်နဲ့ မြင်းခွာရွက်ဟင်းခါး
http://lulucooking.blogspot.com/2009/03/ps-p.html
ပြည်ကြီးငါးအဆာသွပ်
http://lulucooking.blogspot.com/2008/04/blog-post_25.html
ပြည်ကြီးငါးငပိချက်
http://lulucooking.blogspot.com/2007/08/blog-post_3119.html
ကန်ဇွန်းပြည်ကြီးငါးသုပ်
http://lulucooking.blogspot.com/2007/09/blog-post_7795.html
ပြည်ကြီးငါးကျောက်ပွင့်သုပ်

5 comments:

  1. ရခိုင်သုပ်ဆိုကတည်းက ရှုးရှဲနေမှာကျိန်းသေ..
    စားချင်တာတအား...
    မမက ခြေချုပ်ဘဲမိတာ..ကူးကူးက ပါးစပ်ချုပ်မိ..
    ဘာမှစားရ၀ူး...း(

    ReplyDelete
  2. ရခိုင်သုပ်ဆိုကတည်းက ရှုးရှဲနေမှာကျိန်းသေ..
    စားချင်တာတအား...
    မမက ခြေချုပ်ဘဲမိတာ..ကူးကူးက ပါးစပ်ချုပ်မိ..
    ဘာမှစားရ၀ူး...း(

    ReplyDelete
  3. အရမ်းကြိုက်တယ်။ ညီမသုတ်တာက ကြတော့ ငရုတ်သီးကို မလှော်ဖြစ်ဘူး။ ငရုတ်ကောင်းကလည်း အစေ့မရှိတော့ အမှုန့် ဘဲ သုံးရတယ်။ စားချင်စရာလေးမလု သုတ်ထားတာ :)

    ReplyDelete
  4. စားချင်စရာပဲနော်...စူးနွယ်က အစပ်တော့ သိပ်မစားနိုင်ဘူး....

    ReplyDelete
  5. ကူးကူးရေ့ 
    စပ်တာကတော့ ပြောမနေနဲ့၊ ငရုတ်ကောင်းလည်းပါတော့ ဗိုက်မနာစေဘူး ဒါပေမယ့် အလွန်ပူတယ်
    စုဗူးရေ့ 
    မမလုသူငယ်ချင်း ရခိုင်တစ်ယောက်ကတော့ အသုပ်သုပ်တိုင်း ငရုတ်ကောင်းထည့်သုပ်တာလေ။ သူ့အိမ်မှာ သုပ်နေကျ နည်းလေးနဲ့ သုပ်ထားတာပါနော်။
    စူးနွယ်လေးရေ့  အစပ်မစားနိုင်ရင် အစပ်လျှော့ပြီး သုပ်ပေးမယ်နော်။

    ReplyDelete