Friday, March 5, 2010

ချပါတီလား ပူရီလား


အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါလို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်ဝိုင်းတော်သားများအားလုံးက နှုတ်ခွန်း ဆက်သပါတယ်ရှင်။ ဒီနေတော့ မောင်နှမများကို နံနက်ခင်းအဆာပြေ စားလို့ရအောင်၊ မိသားစုတွေ မောင်နှမတွေ စုံရင် တစ်ခုခု လုပ်စားလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ အိန္ဒိယအစားအစာတစ်ခုဖြစ်တဲ့ ချပါတီ လုပ်စားကြရအောင်နော်။

ချပါတီလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဂျုံမှုန့် လက်ဖက်ရည် ပန်းကန်လုံး သုံးလုံး၊ ဆီ ဒါမှမဟုတ် ထောပတ် (ဂီး) စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း (ဒိန်ချဉ်မသုံးချင်ရင်တော့ စားဆိုဒါ လက်ဖက်ရည်ဇွန်းနဲ့ ဇွန်းဖျားလေးယူပြီး ထည့်ပေးပါ)၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရေနွေးနွေးလေး (လက်အပူခံနိုင်မယ့် အနွေးဓာတ်) လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးတို့ပါနော်။

ဂျုံမှုန့်ရယ်၊ ဆားရယ်၊ ဒိန်ချဉ်တို့ရယ်ကို သမအောင် ရောပြီး ရေကို နည်းနည်းချင်းစီထည့်ပြီး သမအောင် နယ်ပေးပါ။ ဂျုံနယ်တဲ့အခါမှာ ရေမများအောင် သတိထားပြီး ရေကို နည်းနည်းချင်း ဖျန်းဖျန်းပြီး နယ်ပေးပါ။ ဂျုံမှုန့်လုံးလေးတွေလို မြင်နေရမယ်ဆိုရင်တော့ နယ်တာ လိုသေးတယ်၊ ရေနည်းနည်းဖျန်းပြီး အားလုံး သမ အောင် နယ်ပေးပါ။ ဂျုံက အနယ်နာလေ မုန့်သားကောင်းလေ ဖြစ်တာမို့ ခပ်နာနာ နယ်ပေးနိုင်လေ မုန့်သားပိုပြီး ညက်ညက်အိအိလေးကို စားရမှာ ဖြစ်ပါတယ်နော်။ ဂျုံလုံးကြီးကို လက်သီးတွေနဲ့ ထိုးပြီး နယ်ပေးတာမျိုးပေါ့နော်။

နယ်ပြီးသားဂျုံကို ပိတ်ပါးစလေး ရေဆွတ် အုပ်ပေးထားပြီး နာရီဝက်ကနေ တစ်နာရီလောက် (နွေးတဲ့နိုင်ငံအတွက်နော်)။ အေးတဲ့နိုင်ငံအတွက်ကတော့ အနည်းဆုံး ၂ နာရီကနေ ၃ နာရီ အကြာထိ နှပ်ထားပေးပါနော်။ အဲ့ဒီလို နှပ်ပေးထားခြင်းဖြင့် မုန့်သားကို ပိုမိုနူးညံ့ကောင်းမွန်စေပါတယ်နော်။

ပြီးရင် ဂျုံသားတွေကို ယူပြီး ဂေါက်သီးလုံးအရွယ်လောက် အလုံးလေးတွေ လုံးပေးပါ။ ပြီးရင် အဲ့ဒီဂျုံလေးတွေအပေါ် ဂျုံမှုန့်လေးတွေ ဖြူးပေးပါနော်။ ဂျုံမှုန့်လေးတွေ ဖြူးပေးထားလိုက်ရင် မုန့်သားတွေ လေသလပ်ပြီး ခြောက်သွားမှာ မစိုးရတော့ဘူးပေါ့နော်။

ပြီးရင်တော့ ဂျုံလုံးလေးတွေကို တစ်လုံးချင်းစီယူပြီးတော့ ဒလိမ့်တုံးလေးနဲ့ ဂျုံကိုပြားအောင် လှိမ့်ပေးပါနော်။ ဂျုံပြားရအောင် လှိမ့်တဲ့အခါမှာ အောက်ခံပြားမှာ ဂျုံတွေကပ်မနေရင်အောင် ဆီနည်းနည်းသုပ်ပေးပါနော်။ ပြီးတော့မှ ဂျုံကို ဒလိမ့်တုံးနဲ့ လှိမ့်ပါ။ ဒလိမ့်တုံးမရှိရင် ပုလင်းကို အသုံးပြုပြီး လှိမ့်လို့ရပါတယ်နော်။ ချပါတီတစ်ခုရဲ့ အရွယ်အစားကတော့ လက်ဖက်ရည်အချိုအောက်ခံပန်းကန်ပြားအရွယ်လောက်ရှိပါတယ်နော်။

ဂျုံလုံးလေးကနေ ဂျုံပြားလေးတွေအဖြစ်ကို ရောက်လာပြီဆိုရင်တော့ ဒယ်ပြားဝိုင်းမှာ ဆီ/ထောပတ် (နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်နော်) အနည်းငယ် သုတ်ပြီး မီးဖိုပေါ်မှာ မီးအသင့်အတင့်ထားပြီး ဒယ်ပြားဝိုင်းကို တင်ပေးပါ။ ဒယ်ပြားပူလာပြီဆိုရင်တော့ ဂျုံပြားလေးတွေ ထည့်ပြီးတော့ ဒယ်အိုးထဲ အသာထည့်ပေးပါ။ (မုန့်ကို အိုးကင်းပူတိုက်တဲ့သဘောပါပဲနော်)။ (တကယ်တမ်းတော့ တစ်ယောက်က ဂျုံပြားအောင် လှိမ့်ပေးပြီး တစ်ယောက်က ကြော်တယ်ဆိုရင် ပိုပြီး အဆင်ပြေစေပါတယ်။ တစ်ယောက်တည်း သမားဆိုရင်တော့ ဂျုံတွေအရင်ပြားပြီးတော့မှ ကြော်ရမှာဖြစ်ပါတယ်နော်)

မုန့်သားအရောင်ပြောင်းလာပြီဆိုရင်တော့ မုန့်ကလော်တံလေးနဲ့ တစ်ဘက်ကိုလှန်ပေးလိုက်ပါနော်။ ၁ မိနစ်လောက် အကြာဆိုရင်တော့ ကောင်းကောင်းမွန်မွန် ကျက်ပြီဖြစ်တဲ့ ချပါတီကို ရရှိပါပြီနော်။

ချပါတီလုပ်မယ်လို့ ရည်ရွယ်ထားပေမယ့် ပူရီမှ စားချင်ပါတယ်လို့ ပူဆာတဲ့သူရှိလာရင်လည်း စိတ်ငြိုငြင်တော် မမူလိုက်ပါနဲ့နော်။ ဂျုံပြားကို ဆီများများနဲ့ ကြော်ထည့်ရမှာ ဖြစ်တာမို့ ဒယ်အိုးထဲ ဆီများများထည့်၊ ဆီပူလာရင် မီးကို အသင့်အတင့်ထားပြီး ကြော်ပေးရမှာပါနော်။ ပူရီကြော်တဲ့အခါ ပိုပြီး ပွပွလေးဖြစ်စေချင်ရင် ကြက်ဥတစ်လုံးကို ခွဲ၊ အနှစ်ကိုဖယ်ပြီး အကာကို နာနာခေါက်ပြီး ဂျုံနယ်တဲ့အထဲ ထည့်နယ်ပေးလိုက်ရင်တော့ ပူရီပွပွရွရွလေးကို ရမှာဖြစ်ပါတယ်နော်။

ချပါတီက ခပ်မာမာ၊ ပူရီက ခပ်ကြွပ်ကြွပ်ရွရွမွမွလေးပါနော်။ ဆီရှောင်ချင်တယ်ဆိုရင်တော့ ချပါတီကို စားသင့်ပြီး ခပ်ပွပွရွရွလေးကို စားချင်တယ်ဆိုရင်တော့ ပူရီကို လုပ်စားပါနော်။ သူတို့နဲ့ တွဲဘက်စားသုံးလေ့ရှိကြတဲ့ ဟင်းတွေကတော့ အာလူးကုလားဟင်း၊ ကြက်သားအာလူးမာဆလာဟင်း၊ သီးစုံကုလားဟင်းပျစ်ပျစ်၊ နို့ခဲဟင်းတို့ပါနော်။ တချို့ကလည်း နို့မလိုင်၊ ဒိန်ချဉ်၊ သကြားတို့နဲ့ စားတတ်ကြပါတယ်နော်။

တိုရှည်လောက် လုပ်ရတာ လက်မ၀င်ဘဲ နံနက်ခင်းစာ အဆာပြေအဖြစ်စားစား၊ တစ်နေ့ကုန် ဒါပဲ စားမယ်လို့ ဆုံးဖြတ်ထားပြီးတော့ စားစား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ စုပြီး တစ်ယောက်တစ်လက် ပျော်ရွှင်စွာ အတူ စားစား လုပ်စားရတာ ပျော်ဖို့ကောင်းတဲ့နည်းလေးပါနော်။  မောင်နှမများအားလုံး ပိတ်ရက်မှာ ချပါတီ၊ ပူရီနဲ့ ပျော်ရွှင်စွာ ချက်ပြုတ်စားသောက်နိုင်ကြပါစေနော်။

ကျွန်မက အခု ပြည်ပကို (ကာလတို) ရောက်နေတဲ့အတွက် ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ မုန့်ပုံတွေ မရှိပါဘူးနော်။ လုပ်နည်းကတော့ ကျွန်မတို့မိသားစု ချက်စားနေကျ နည်းလေးပါနော်။ အဲ့ဒီတော့ ကျွန်မ အင်တာနက်ကပုံကို ရှာဖွေပြီး တင်ပေးပါတယ်နော်၊ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။

5 comments:

  1. မလုရေ..ချပါတီတခါတော့ လုပ်ကြည့်ဖူးတယ်...တအားမာသွားလို့ ၀ါးရတာတောင်မလွယ်ဘူး..ဘာဖြစ်လို့လဲ မသိပါဘူး...ပြန်လုပ်ကြည့်ဦးမယ်..တိုရှည်တော့ လုပ်ဖြစ်မယ်မထင်ဘူး လက်ဝင်လို့..ဟီး:)

    ReplyDelete
  2. မလုရေ.. တိုရှည်ကို ကြိုက်မှ ကြိုက်.. သကြား ဖြူးပြီး စားရတာ ကြိုက်တယ်.. ရန်ကုန်မှာတုန်းကဆို မနက်တိုင်း ၀ယ်စားနေကျ.. ချပါတီတို့ ပူရီတို့ထက် အထပ်တရာ ပလာတာ လုပ်နည်းသိရင် ပြောပြပေးပါလား မလုရေ.. ပလာတာ စားချင်တယ်..... Ready made တွေတော့ ရှိတယ်.. online ၀ယ်မှပဲ ရမယ်နဲ့တူတယ်.. ဆိုင်တွေမှာတော့ မရောင်းဘူး မရေ... :)

    ReplyDelete
  3. ပူရီကြိုက်တယ်။ ချာပါတီ ကြိုက်တယ်။ တိုရှည်လေ သူတို့က သိုစေးလို့ ခေါ်ကြတယ်။ ကြိုက်တယ်။ အကုန်ကြိုက်တယ်။ ကျွေးပါ။


    မအယ်

    ReplyDelete
  4. မမလုရေ...
    ပျောက်ဆို ဂေါက်နေလို့ပါ :P
    ချာပါတီလည်းကြိုက်တယ်
    ပူရီလည်းကြိုက်တယ်


    ချစ်ခင်တဲ့
    ရုံလေး

    ReplyDelete
  5. စူးနွယ်လေးရေ့  ဂျုံနယ်တဲ့အခါ ဒိန်ချဉ် သို့မဟုတ် (baking soda) လေး နည်းနည်း ထည့်ပြီး နယ်နှပ်ကြည့်ပါနော်။ အဲ့ဒါဆို မမာတော့ဘူးနော်။
    နုစံရေ့ နေကောင်းလားနော်။ သမီးလေးရော နေကောင်းတယ်မဟုတ်လား။ အထပ်တရာပလာတာလုပ်နည်းလေးလည်း မျှဝေပေးမယ်နော်။ ခဏလေးစောင့်နော်။
    မအယ်ရေ့  ကြိုက်တာအကုန်ကျွေးပါမယ်။ စိတ်ချပါနော်။
    နှမတော် ရုံလေးရေ့ 
    ဂေါက်မနေပါနဲ့ကွယ့့် ပြန်လာခဲ့နော်။ မမလုမျှော်နေတယ်သိလား။

    ReplyDelete