Sunday, October 4, 2009
ပြည်ကြီးငါးကျောက်ပွင့်ရခိုင်သုပ်နှင့် မြင်းခွာရွက်ဟင်းခါး
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့ အိမ်သစ်ဖွင့်ပွဲလေးအနေနဲ့ ကျွန်မရဲ့ မောင်နှမများကို ပြည်ကြီးငါးကျောက်ပွင့်သုပ်နဲ့ မြင်းခွာရွက်ဟင်းခါးလေး ကျွေးပါမယ်နော်။
ပြည်ကြီးငါးကျောက်ပွင့်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး၊ ကျောက်ပွင့်၊ ကြွက်နားရွက် မှိုခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်း၊ ငပိစိမ်းစား၊ မရမ်းပြား၊ နံနံပင်နဲ့ ဟင်းခတ် မှုန့်အနည်းငယ်တို့ပါနော်။
ပြည်ကြီးငါးကို သန့်စင်အောင် ဆေးကြောပြီးရင် ဆားလေးနဲ့ နယ်ပေးထားပါ။ ကြက်နားရွက်မှိုကို ရေနွေးပွက်ပွက်ဆူထည့် ထည့်စိမ်ပြီး ပွလာအောင်ရော၊ သန့်ရှင်းသွားအောင်ရော လုပ်ပေးပါ။ ကျောက်ပွင့် (ရေခဲမှို) ကိုလည်း ရေနွေးပွက်ပွက်ဆူထဲ ထည့်စိမ်ပါ။ (ကြွက်နားရွက်မှိုနဲ့ ရေခဲမှိုကို ရေအေးနဲ့ စိမ်လည်း ရပါတယ်။ အခုက အသုပ်ထဲ ထည့်သုပ်မှာဆိုတော့ ရေနွေးပွက်ပွက်ဆူနဲ့ စိမ်လိုက်ရင် မှိုတွေပွအား ကောင်းလာသလို ကျက်ပြီးသားလည်း ဖြစ်သွားတာပေါ့နော်)။ မှိုတွေ ပွလာပြီဆိုရင်တော့ ကြွက်နားရွက်မှိုကို ခပ်ပါးပါးလှီး၊ ရေခဲမှိုကိုလည်း ခပ်သေးသေးအဖတ်လေးတွေရအောင် ဖဲ့ယူထားပါ။ ကြက်သွန်ဖြူနီတို့ကို အခွံသင်၊ ရေဆေးပြီး ကြက်သွန်နီကို ပါးပါးလှီးပြီး မွှန်တာတွေ ကင်းစင်သွားအောင် ရေနဲ့ ဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းကို မညက်တညက်လေး ထောင်းပေးထားပါ။ ငရုတ်သီးစိမ်းအနည်းငယ်ကိုလည်း မီးသင်းပြီး ထောင်းပေးထားပါ။ ငရုတ်သီးညက်ပြီဆိုရင် မရမ်းပြားလေးတွေပါ ထည့်ထောင်းပေးပါနော်။ နံနံပင်ကိုလည်း သန့်ရှင်းရေးလုပ်ပြီး လှီးပေးထားပါ။ သံပရာသီးစိတ်လေးတွေလည်း အသင့် လုပ်ပေးထားပါ။ ငပိစိမ်းစားလေးကိုလည်း မီးကင်ပေးထားပါနော်။
ပြည်ကြီးငါးကို အနံ့မနံအောင်လုပ်ဖို့ကတော့ မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ရေနွေးပွက်နေအောင် တည်ပါ။ ရေနွေးပွက်ပွက်ဆူပြီဆိုရင် ရေနွေးထဲကို သံပုရာရည်အနည်းငယ် ညှစ်ထည့်လိုက်ပါ။ ပြီးရင် ပြည်ကြီးငါးတွေကို ထည့်လိုက်ပြီး ခဏအဖုံးအုပ်ပြီး တည်ပေးပါ။ ပွက်ပွက်ဆူတာနဲ့ ပြည်ကြီးငါးဖတ်တွေကို ပြန်ဆယ်ယူလိုက်ပါ နော်။ အဲ့ဒါဆို ညှီနံ့မနံတော့သလို ပြည်ကြီးငါးတွေကလည်း ပျော့အိမနေဘဲ ၀ါးရတာ ထုတ်ထုတ်လေးနဲ့ စားလို့ကောင်းမှာနော်။ ရလာတဲ့ ပြည်ကြီးငါးတွေကို ခပ်ပါးပါးလှီးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို ပြည်ကြီးငါး၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှို၊ ကြက်သွန်နီ၊ ငရုတ်သီးမရမ်းပြားထောင်း၊ ကြက်သွန်ဖြူငရုတ်ကောင်းထောင်း၊ ငါးပိစိမ်းစား၊ နံနံပင်နဲ့ ဟင်းခတ်မှုန့် အနည်း ငယ်တို့ထည့်ပြီး အားလုံးသမအောင် နယ်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ပြည်ကြီးငါး ကျောက်ပွင့်ရခိုင်သုပ်လေး ရပါပြီနော်။
အရည်သောက်အနေနဲ့ကတော့ ဆေးဖက်ဝင်လှတဲ့ မြင်းခွာရွက်ဟင်းခါးလေးပါနော်။ လိုအပ်တဲ့ပစ္စည်းတွေ ကတော့ မြင်းခွာရွက်၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ငံပြာရည်၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ် တို့ပါနော်။
မြင်းခွာရွက်ကို သန့်စင်အောင် ဆေးကြောထားပြီး ၃ လက်မအရှည်အရွယ်လေးတွေ ဖြတ်ပေးထားပါ။ ပုစွန် ခြောက်နဲ့ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပေးထားပါ။ ဒန်အိုးတစ်လုံးထဲ ရေအသင့်အတင့်ထည့်ပါ။ ပြီးရင် ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်နဲ့ ကြက်သွန်ဖြူထောင်းထားတာကို ထည့်ပြီးတော့ မီးဖိုပေါ်တည်ပေးပါ။ ပွက်ပွက်ဆူလာပြီဆိုရင် ဟင်းရည်ကျအောင် ခဏစောင့်တည်ပေး၊ ပြီးရင် မြင်းခွာရွက်ကို ခပ်လိုက်ပြီး ပွက်ပွက်ဆူအောင် ထပ်တည်ပေးပါ။ ဆူပြီဆိုတာနဲ့ အပေါ့အငံမြည်း၊ ငရုတ် ကောင်းမှုန့်လေးခပ်ပြီး ဟင်းအိုးကို မီးဖိုပေါ်က ချလိုက်ပါနော်။ မဟုတ်ရင် မြင်းခွာရွက်ထဲက အစိမ်းရောင် အရည်တွေထွက်ပြီး ဟင်းခါး မည်းသွားမှာစိုးလို့ပါနော်။
မြင်းခွာရွက်မှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဆေးဘက်ဝင်အာနိသင်တွေကိုလည်း မောင်နှမများ အတွက် မျှဝေလိုက်ပါတယ်နော်။
မြင်းခွာရွက်တွင် ကယ်လ်စီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီတို့ ပါဝင်၏။ မြင်းခွာရွက်ကို အစိမ်းအတိုင်းဖြစ်စေ၊ သုပ်၍ဖြစ်စေ စားသုံးကြသကဲ့သို့ ချက်နည်းအသွယ်သွယ်နှင့်လည်း ချက်ပြုတ်စား သောက်ကြ၏။ မြင်းခွာရွက်ကို အစိမ်းအတိုင်းစားသုံးပါက ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းပေးထားနိုင်၏။ ဖျော်ရည် လုပ်သောက်ပါက ကျန်းမာရေးအတွက် အားတိုးဆေးတစ်လက် ဖြစ်စေသကဲ့သို့ သွေးတိုးရောဂါကိုလည်း ပျောက်ကင်းစေနိုင်၏။
မြင်းခွာရွက်ကို စားသုံးခြင်းဖြင့် သွေးသန့်စင်ခြင်း၊ အနာများကို အကျက်မြန်စေခြင်း၊ စိတ်မတည်မငြိမ်ဖြစ်မှုကို သက်သာစေခြင်း၊ မျက်လုံး အမြင်အာရုံကောင်းမွန်စေခြင်း၊ မှတ်ဥာဏ်တိုးတက်ကောင်းမွန်စေခြင်း၊ အရေပြား တွင် အရေးအကြောင်းများမထင်စေဘဲ ပျိုမြစ်နုနယ်စေခြင်း၊ အဆစ်အမြစ် ကိုက်ခဲမှုကို သက်သာစေခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်း ကိုယ်ခံအား မြင့်တက်စေခြင်း၊ ဒဏ်ရာအနာများကို အကျက်မြန်စေခြင်း၊ စိတ်ပူပန်မှုကို လျော့နည်းစေခြင်း အစရှိသည့် ကောင်းကျိုးများရနိုင်၏။ ထို့အပြင် မြင်းခွာရွက်ကို အနာကြီးရောဂါသည်များ ရောဂါသက်သာပျောက်ကင်းစေရန် အတွက်လည်း အသုံးပြု၏။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက မြင်းခွာရွက်ကို အသည်းရောဂါဒေ၀နာရှင်များ၊ ကာလသားရောဂါ ဝေဒနာရှင်များ၊ အစာအိမ်ရောင်နာ ဝေဒနာရှင်များ၊ စိတ်ကျရောဂါဒေ၀နာရှင်များ၊ စိတ်ဖိစီးနေသည့် ဝေဒနာရှင်များ၊ ၀မ်းလျှောရောဂါဝေဒနာရှင်များနှင့် အဖျားရောဂါဒေ၀နာရှင်များကို ကုသပေးသည့်အခါ အသုံးပြုခဲ့ကြ၏။ ယနေ့ခေတ်တွင် မြင်းခွာရွက်ကို ခြေထောက်ရှိသွေးကြောများ သွေးလည်ပတ်မှု နှေးကွေးခြင်း ကို ခံစားနေရသည့် ဝေဒနာရှင်များအတွက်လည်းကောင်း၊ မီးလောင်နာနှင့် အနာများ အမြန်သက်သာ ပျောက်ကင်းစေလိုသည့် အခါတွင်လည်းကောင်း အသုံးပြုလာကြိ၏။။
မြင်းခွာရွက်ကို တစ်နေ့လျှင် အနည်းဆုံး နှစ်ရွက် စားသုံးပေးပါက အဆစ်အမြစ်နာရောဂါ ဖြစ်ခြင်းမှ သက်သာ ပျောက်ကင်းစေနိုင်သည်ဆို၏။ ခြေထောက်တွင် သွေးလည်ပတ်မှု နှေးကွေးသည့် ရောဂါဒေ၀နာရှင်များ အတွက်မူ မြင်းခွာရွက် ၃၀ မှ ၆၀ မီလီဂရမ်ကို တစ်နေ့လျှင် သုံးကြိမ်စားသုံးသင့်သည်ဆို၏။
ဒီအချက်အလက်လေးတွေကတော့ အင်တာနက်ကရတဲ့ အချက်အလက်များရယ်၊ The Food Pharmacy ဆိုတဲ့ စာအုပ်ထဲကအချက်အလက်တွေရယ် စုပြီး ရေးထားတာ ဖြစ်ပါတယ်နော်။
ချစ်သော မောင်နှမများအားလုံး အဆင်ပြေတဲ့အခါ ပြည်ကြီးငါးကျောက်ပွင့်ရခိုင်သုပ်လေး သုပ်စားကြည့်ပါ ဦးနော်။
10 comments:
  1. Sar chin lite tar. Thanks for this recipe.
    ReplyDelete
  2. သုတ်စားအုံးမယ် မမလု ကျေးဇူးပါ
    ReplyDelete
  3. ကျေးဇူးပါမမလုရေ။
    ပြည်ကြီးငါးကိုသံပုရာရည်ညှစ်ထည့်ပြီး
    ပြုပ်တာလေးမှတ်သွားပါတယ်။
    မြင်းခွာရွက်ကို ဟင်းခါးလုပ်ပြီးမသောက်ဖူးဘူး။
    ReplyDelete
  4. ကြိုက်စ်
    မမလုရေ
    တကယ်ဗိုက်ဆာလာပြီရှင့်
    သြော်
    မေ့လို့ 
    မမရေ
    သီတင်းကျွတ်မှာ သမီးလာကန်တော့သွားတယ်နော်
    မုန့် ဖိုးးးးးးးးးးးးးးးးးးးးးးး ပြန်ပေး
း)
    အိမ်လေးက မိုက်တယ်နော်
    ReplyDelete
  5. မြင်းခွာရွက်မ၇ှိတော့ ခက်ပြီ။ ရှာပြီးပို့လိုက်ပါ အစ်မကြီး။
    အမွန်
    ReplyDelete
  6. ပြည်ကြီးငါး ကျောက်ပွင့်ရခိုင်သုပ် ဆို ကြိုက်တယ်။
    မစားရတာတောင်ကြာပြီ။
    မြင်းခွာရွက်ကတော့...နဲနဲရှားတယ်။
    ReplyDelete
  7. မရေ..............
    အိမ်လေးကလည်းလှ
    အသုပ်ကလည်းစားကောင်း
    ဟင်းခါးကြိုက်တယ်သိလား
    သီတင်းကျွတ် ကန်တော့သွားတယ်နော်..မမ
    ReplyDelete
  8. မမလုရေ... ပြည်ကြီးငါးသုတ်ကို အကြီးအကျယ်စိတ်ဝင်စားသွားပြီ... ကျေးဇူး...
    ReplyDelete
  9. မမလုလု.. အိမ်သစ်မှာ အစားသစ်လေး.. မြင်းခွာရွက်သတိရလိုက်တာနော်..ဒီမှာရှိဝူး.. အသည်းသန်လိုက်ရှာမှ ၃-၄ ပင်တွေ့တာ.. (ဆိုးပါ့)..
    ပြည်ကြီးငါးတော့မစားဖူးဘူး..း) ကျောက်ပွင့်တွေဘဲရွေးစားသွားတယ်..
    ReplyDelete
  10. အမည်မသိရေ့  စားချင်တာ အ၀စားပါနော်။ အားမနာနဲ့နော်။
    ညီမလေး vista၊ စုဗူးလေး၊ ကျောလေး၊ အမွန်၊ မမရှင်လေး၊ မြူးလေး၊ စိမ်း၊ ကူးကူးလေးတို့အားလုံးကို ကျေးဇူးတင်ပါတယ်နော်။ နောက်လည်း အမြဲ အလည်လာဖို့ ဖိတ်ခေါ်ပါတယ်နော်။
    ReplyDelete