Tuesday, September 22, 2009

ကျွန်မနှင့် ကြက်သွန်ဖြူနီဆီချက်ကြော်


အားလုံးသော မောင်နှမများ မင်္ဂလာပါရှင်။ ကျွန်မ ကျန်းမာရေးမကောင်းတာရော၊ အလုပ်ကလည်း များ နေတာမို့ ဘလော့ဂ်ဘက် ခြေဦးမလှည့်ဖြစ်တာ ကြာပါပြီ။ ကျွန်မ နေမကောင်းစဉ် ကျွန်မကို ၀ိုင်းဝန်း ဂရုစိုက် အားပေးကြတဲ့ မောင်နှမများကို အထူးပဲ ကျေးဇူးတင်ပါတယ်နော်။ အခုလည်း ကျန်းမာရေးက အရှင်းကြီးတော့ မကောင်းသေးပါဘူး။ ဒါပေမယ့် ကျွန်မ မောင်နှမတွေကို ပစ်ထားသလို ဖြစ်နေတော့ ခဏပြန်လာခဲ့ပါတယ်။ ဒါပြီးရင်တော့ ကျွန်မဘ၀အတွက် အရေးကြီးတဲ့ စာမေးပွဲတွေ ဖြေစရာရှိတယ်၊ စာအုပ်လေးတွေ ထုတ်ဝေစရာ ရှိတာမို့ အောက်တိုဘာလလယ်လောက်မှ ပြန်လာခွင့်ပြုပါနော်။ တစ်ခါတည်း ခွင့်ပန်ပါတယ်နော်။

ဟင်းပွဲတွေလည်း အသစ်မတင်တာလည်းကြာပြီဆိုတော့ ဘာဟင်းတင်ရမလဲ စဉ်းစားမိတာအကြိမ်ပေါင်း မနည်းပါဘူး။ ဟင်းတွေလည်း ချက်ထားတာတော့ အားကြီးပဲ၊ ဒါပေမယ့် အားလုံးလည်း စိတ်ဝင်စားမယ့် ထင်တဲ့ ပို့စ်လေးတစ်ခုကို ကျွန်မ တင်ပေးပါမယ်နော်။

ကျွန်မဘ၀မှာ စစချင်းချက်တဲ့ ဟင်းက ဘာဟင်းလဲဆိုတာကို သိချင်မှာပဲနော်။ ကျွန်မသူငယ်ချင်း မိတ်ဆွေ များကလည်း ကျွန်မကို အဲ့ဒီမေးခွန်းလေး ခဏခဏ မေးဖူးကြတယ်။ ကျွန်မဘ၀မှာ စစချင်း အစအဆုံး ကိုယ်တိုင်ချက်ဖူးတာကတော့ ``ဆီချက်´´ လို့ခေါ်တဲ့ ကြက်သွန်နီကြော်ပါပဲ။

အဲ့ဒီတုန်းက ကျွန်မ ၇ တန်းပေါ့။ နွေရာသီကျောင်းပိတ်တော့ မော်လမြိုင်ကနေ ရန်ကုန်မှာရှိတဲ့ အမေတို့ဆီ အလည်လာခဲ့ပါတယ်။ အမေက အဲ့ဒီနေ့က မိသားစုတွေ စုံလို့ အစုံသုပ် သုပ်စားမယ်လို့ ပြောတယ်။ ကျွန်မက သမီး ကြက်သွန်နီဆီချက်ကြော်မယ်လို့ ပြောပြီး တာဝန်ယူလိုက်တယ်။ စိတ်ထဲမှာလည်း ဆီချက်ကြော်တာများ ဘာခက်လို့လဲ၊ အိမ်မှာ အကြီးအေး ကြော်နေတာ အမြဲ ၀ိုင်းကူပေးနေကျပဲ၊ အလွယ်ဆုံး ဆီချက်ပဲကြော် လိုက်မယ်လို့ တွေးခဲ့မိတယ်။

ကြက်သွန်နီကြော်ဖို့ ကြက်သွန်နီအရွယ်တော် အလုံးလေးတွေကို အခွံနွှာ၊ အလုံးလိုက် ရေဆေး၊ ပြီးတော့ ခပ်ပါးပါးလှီးတာပေါ့။ ပါးပါးလှီးတာကတော့ ဘယ်ခက်လိမ့်မလဲ၊ ငယ်ကတည်းက အိုးပုပ်တမ်းကစား လာတာ ရှိသမျှ အရွက်တွေ အကုန် ပါးပါးလှီးတတ်တယ်။ အရမ်းကို တက်ကြွနေတော့ ကြက်သွန်နီလှီးလို့ မျက်လုံးစပ် မှာကိုလည်း မကြောက်တော့ဘူး။ အဘွားက လှမ်းသတိပေးတယ်၊ သမီးလေး ကြက်သွန်အခိုး မျက်လုံးကို ရိုက်မယ်နော်လို့ ပြောလည်းပြော၊ ဆားခွက်လေးလည်း လာချပေးတယ်။ အဲ့ဒါနဲ့ပဲ ကြက်သွန်နီကို မငိုဘဲ အဲလေ မျက်ရည်မကျဘဲ လှီးနိုင်ခဲ့တယ်။ ပြီးတော့ မီးဖိုကလည်း သူများတွေ သုံးနေတာ မအားသေးတာမို့ ကြက်သွန်နီလေးတွေကို ဇကာလေးထဲ ထည့်ပြီး လေသလပ်ခံထားလိုက်သေးတယ်။ သူများတွေ သုံးပြီးလို့ မီးဖို အားပြီလို့ ပြောတော့ ကျွန်မလည်း သမီးဆီချက်ကြော်တော့မယ်နော်လို့ ပြောပြီး ၀င်နေရာယူလိုက်သေးတယ်။
မီးဖိုပေါ်ကို ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာတော့ နနွင်းမှုန့်လေးထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီတွေ ကို ထည့်လိုက်တယ်။ ဖြည်းဖြည်းချင်းလည်း မွှေပေးနေလိုက်သေးတယ်။ စိတ်ထဲကလည်း အကြီးအေးရဲ့ ကြက်သွန်နီ ဆီချက်ကြော်တဲ့အခါ အရောင်လေးက ရွှေညိုရောင်လေးတွေ၊ အဲ့ဒီဆီချက်ဖတ်လေးတွေကို ဒီအတိုင်း ဆယ်စားရင်တောင် စားကောင်းတာ၊ ငါ ကြော်တဲ့အခါကျရင်လည်း အကြီးအေးကြော်သလိုပဲ ဖြစ်ရအောင် ရွှေညိုရောင်လေးဖြစ်တဲ့အခါကျရင် ဒယ်အိုးကို မီးဖိုပေါ်က ချလိုက်မယ်လို့ ဆုံးဖြတ်ပြီး ရွှေညိုရောင် မဖြစ်မချင်းကြော်တော့တာပေါ့။

အမေနဲ့ အဖွားက သမီးရေ့  ဆီချက်က တူးသွားဦးမယ်နော်၊ သေချာကြည့်ဦးလို့ လှမ်းသတိပေး တော့လည်း မရသေးဘူး အမေရဲ့  အကြီးအေး ကြော်သလို ရွှေညိုရောင် မဖြစ်သေးဘူးလို့ ပြန်ပြောရင်း ရွှေညိုရောင် မဖြစ်မချင်း ကြော်နေတော့တာ။ နောက်ဆုံးမှာတော့ ရွှေညိုရောင်မဟုတ်ဘဲ ဆီအပူရှိန်၊ အောက်က မီးအပူရှိန်နဲ့ ဆီချက်တစ်အိုးလုံး မည်းတူး၊ ညှော်နံ့တွေကလည်း တစ်အိမ်လုံးကို မွှန်ထူပြီးတော့ ပစ်လိုက်ရတဲ့ ဘ၀ ရောက်သွားပါတော့တယ်။ အဲ့ဒီနေ့ကစပြီး ကျွန်မရဲ့ ဘ၀မှာ စစချင်းချက်တဲ့ ဆီချက်ကြော်က ရာဇ၀င်တွင်သွားတော့တာပါရှင်။ အိမ်ကို ဧည့်သည်လာရင် အစ်ကိုက ကျွန်မ ပထမဆုံးကြော်ခဲ့တဲ့ ဆီချက်ကြော်ကို အားမနာတမ်း ငယ်ကျိုးငယ်နာဖော်ပါတယ်။ ငယ်သူငယ်ချင်းများ အလည်လာရင် ပိုဆိုးပါတယ်။

တကယ်တမ်း ဆီချက်ကြော်ရင် ဘယ်လိုကြော်ရမလဲ့  အဲ့ဒါလေးလည်း ပြောပြပါမယ်နော်။
ကြက်သွန်နီဆီချက်ကြော်တာကို အရင်ပြောပြပါမယ်နော်။
မီးဖိုပေါ်ကို ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ခပ်၊ ပြီးရင် ကြက်သွန်နီတွေကို ထည့်ပြီး မီး အသင့်အတင့်နဲ့ ကြော်ပါနော်။ ကြက်သွန်နီတွေကို အကျက်ညီအောင်ရော၊ မကျွမ်းသွားအောင်ရော သတိထား ပြီး မွှေပေးရပါမယ်။ စစချင်းမှာ ကြက်သွန်တွေက အစိုဓာတ်ရှိတာမို့ မွှေရတဲ့အခါမှာ သိပ်မသွက်ပါဘူး။ ကြက်သွန်ရဲ့အရောင် တဖြည်းဖြည်းနဲ့ အ၀ါရောင်ဘက်ကို လုလာပြီဆိုရင် မီးကို နည်းနည်း ထပ်လျှော့ပေးပြီး အဆက်မပြတ် မွှေပေးပါ။ အဲ့ဒီအချိန်မှာ မွှေရတာလေးက နည်းနည်းသွက်လာပါပြီ၊ ကြက်သွန်နီဖတ်လေး အချို့က ရွှေညိုရောင်သန်းပြီဆိုတာနဲ့ မီးဖိုမီးကို ပိတ်၊ ကြက်သွန်ကြော်ဖတ်လေးတွေကို ဆယ်ပြီး ပန်းကန်လုံး တစ်လုံးထဲ ထည့်လိုက်ပါ။ သူ့အပူရှိန်နဲ့ သူ ရွှေညိုရောင်ကို လုံးဝ ပြောင်းသွားပါလိမ့်မယ်။ ဒယ်အိုးထဲမှာရှိတဲ့ ဆီတွေကို အအေးခံ အေးပြီဆိုမှ ကြက်သွန်နီ ဆီချက်ကြော်နဲ့ ရောလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ အရောင် အဆင်းလည်းလှပပြီး အရသာလည်း ကောင်းမွန်တဲ့ ကြက်သွန်နီ ဆီချက်ကြော် ရပါပြီနော်။

ကြက်သွန်ဖြူဆီချက်ကြော်မယ်ဆိုရင်ကော့ 
ကြက်သွန်ဖြူကို ကြော်တဲ့အခါ အမျိုးမျိုးရှိပါတယ်၊ တချို့က ကြက်သွန်ဖြူ ဥတစ်လုံးကို ဓားပြားနဲ့ နာနာရိုက်ပြီးတော့ အခွံတွေပါ ထည့်ကြော်တာ၊ တစ်ချို့ကတော့ ကြက်သွန်ဖြူ အမွှာသေးလေးတွေကို အခွံနွှာ၊ ပြီးတော့ ပါးပါးလှီးပြီး ကြော်ကြတာ၊ တချို့ကတော့လည်း ကြက်သွန်ဖြူ အမွှာကြီးကြီးတွေကို မညက် တညက်လေး ထောင်းပြီး ကြော်ကြတာ။ အမျိုးမျိုးပေါ့လေ။ ကျွန်မကတော့ ကြက်သွန်ဖြူ အမွှာသေးလေးတွေ ကို ပါးပါးလှီးပြီး ကြော်တဲ့နည်းလေး ပြောပြမယ်နော်။ ကြက်သွန်ဖြူကို ဆီချက်ကြော်တဲ့အခါမှာ သတိထား ရမှာက ကြက်သွန်ဖြူကို လှီးတဲ့အချိန်မှာ အထူအပါးညီဖို့ပါပဲ၊ ထူတဲ့ဟာက ထူ၊ ပါးတဲ့ဟာက ပါးဆိုရင် မဖြစ်ချေ ဘူးလေနော်။

မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ထည့်၊ ပြီးရင် လှီးထားတဲ့ ကြက်သွန်ဖြူလေးတွေ ကို ထည့်ပြီး မီးကိုတော့ အသင့်အတင့်ထားပြီး ကြော်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူလေးတွေကို အကျက်ညီ အောင် သေချာမွှေပေးပါ။ ကြက်သွန်ဖြူလေးတွေ ရွှေဝါရောင်ဘက်ပြောင်းလာပြီဆိုရင် မွှေရတာလည်း သွက် လာပါမယ်။ မီးကို လျှော့ပစ်ပြီး ကြက်သွန်ဖြူလေးကို တစ်မိနစ်လောက် ဆက်တိုက် မွှေပေးပါ။ ပြီးရင်တော့ မီးကို ပိတ်ပြီး ဆီအပူနဲ့ ကြက်သွန်ဖြူ ရွှေညိုရောင်ဖြစ်သွားအောင် မွှေပေးပါ။ ရွှေညိုရောင် ပြောင်းပြီဆိုတာနဲ့ ကြက်သွန်ဖြူကြော်တွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲ သီးသန့်ထည့်ပေးပါ။ ဆီတွေကိုတော့ ဒယ်အိုးထဲမှာပဲ ထားပြီး အအေးခံလိုက်ပါ။ ပြီးမှ ကြက်သွန်ဖြူကြော်ကို ဆီချက်အရည်တွေနဲ့ ရောပေးလိုက်ပါနော်။ အဲ့ဒါ ဆိုရင်တော့ ကြက်သွန်ဖြူ ဆီချက်လေး ရပါပြီနော်။

နေ့စဉ် ထမင်းဝိုင်းမှာ အသုပ်တစ်ပွဲပါအောင် ထည့်စားရတာ ကြိုက်တယ်၊ မကြာခဏ ဆီချက်ကိုလည်း အသုံးလိုမယ်လို့ ထင်ရင်တော့ ကြက်သွန်ဖြူ ဆီချက်ကို ကြော်ပြီး ဆောင်ထားနိုင်ပါတယ်။ ကြက်သွန်နီဆီချက် ကျတော့ ဆီထဲမှာ ထားထားရင် ပျော့သွားတတ်လို့ပါနော်။ တကယ်လို့ ကြက်သွန်နီကြော်ကိုလည်း မပျော့ချင် ရင်တော့ ကြက်သွန်နီကြော်သီးသန့်၊ ဆီကို သီးသန့်ထားပြီး ဆောင်ထားနိုင်ပါတယ်။ အသုပ်ကြိုက်သူများ အတွက် ဆီချက်ချက်ရာမှာ အဆင်ပြေနိုင်ပါစေနော်။

အဲ့ဒီကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်တွေကို ဘာလာချောင်ကြော်၊ ငါးပိကြော်၊ အသားမွကြော်တွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်နော်။ ချစ်မောင်နှမများအားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေနော်။

10 comments:

  1. မမလုပြန်လာပီ... ကောင်းလိုက်လေ ကြက်သွန်ကြော်ဆီချက်..
    ကူးကူးသုပ်တဲ့အသုပ်တွေကြည့် ကြက်သွန်တွေက မဲတူးနေတာ.. ဘယ်လိုကြော်ကြော်အဆင်မပြေဘူးး... အခုမမ နည်းပြောပြလို့ အတော်ဘဲ...
့ဒီခါသေချာလုပ်ရမယ်..

    ReplyDelete
  2. အိုးးးးးး
    လွယ်မယောင်နဲ့ ခက်တာ က ဒီလိုကြွပ်ရွရွရွှေဝါရောင်လေးဖြစ်ဖို့  ..
    လှီးတာကအစ ၊ ဆီအပူ မီးအပူ ချိန်တတ်၊ အသိမ်းတတ်ရအုံးမှာ ကိုး ။
    ဟီး ..မီးကြွမ်းတော့ ခါး ။
    အနေတော်လေးကျ စားလို့ကောင်းသဗျား ..

    သင်ပြပေးတာ ကျေးဇူး ၊
    ဆီချက်မွှေးမွှေး နဲ့ အသုပ်လေး တောင်စားချင်လာပြီ မလု ရေ .
    ကျန်းမာပါစေ ....

    ReplyDelete
  3. လုလုရေ လာဖတ်သွားတယ်။ ကျမ်းမာရေးဂရုစိုက်၊ စာမေးပွဲကို အလွယ်တကူ ဖြေဆိုအောင်မြင်နိုင်ပါစေနော်...
    စာမေးပွဲပြီး နေလဲကောင်းရင်တော့ အတိုးအရင်းပေါင်းပြီး ကောင်းကောင်းချက်ကျွေးပေတော့ပဲ။

    ReplyDelete
  4. မမလုပြန်လာတာ ပျော်လိုက်တာ။ ကျန်းမာရေး ဂရုစိုက်နော်။ စာမေးပွဲလည်းအဆင်ပြေပါစေနော်မမလု။ ကြက်သွန်ဖြူ။နီ ဆီချက်နည်းလေးလည်း သေချာမှတ်သွားပါတယ်။ ညီမလည်း ခုထိ ပျာယာခတ်တဲ့နေ့ဆို တူးတုန်းဘဲ :))

    ReplyDelete
  5. ညီမလေးရေ.. နေကောင်းသွားပြီ ဆိုတာ သိရလို့ ဝမ်းသာပါတယ်....

    ReplyDelete
  6. လု ကြိုးစားထားနော်။ အားပေးနေတယ်။
    ကျန်းမာရေးဂရုစိုက်ပါ။ အစစအောင်မြင်ပါစေ လို့ 
    ဆုတောင်းလျှက်...

    ReplyDelete
  7. သြော် ဆီချက်လည်း အဲ့လောက်တောင်ပညာပါမှန်းခုမှသိတော့တယ်... ကျေးဇူးပဲ မမလုရေ...

    ReplyDelete
  8. ဟုတ်တယ်နော် မမလု။ အဲဒါကို သဇင် အခုအချိန်ထိကျင့်နေရတုန်းပဲ။

    ReplyDelete
  9. ကြက်သွန်ကြော်နံ့ရလို့ ပြေးလာကြည့်တာ.. မလုတစ်ယောက် နေလည်း ကောင်းကောင်း ကောင်းသေးတာ မဟုတ်ပဲနဲ့ ကြက်သွန်တွေ ကြော်နေပြန်ပြီ...

    မမန့်ဖြစ်ပေမဲ့ အမြဲ လာလာချောင်းတယ် (ဗိုက်ဆာတိုင်း)

    ကျန်မာရေးဂရုစိုက်ပါ အစ်မရေ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

    ReplyDelete
  10. ကူးလေး၊ ကိကိလေး၊ မမမိုး၊ စုဗူးလေး၊ busy လေး၊ မမရှင်လေး၊ pablo၊ စိမ်း၊ သဇင်၊ ဦးနော်လေးငယ်နဲ့ ကလေးလေးတို့ကို ကျေးဇူးတင်ပါတယ်နော်။
    ကြက်သွန်ဖြူနီကြော် အညှော်မမိရလေအောင် မောရိယမန်းဆေး လာတိုက်ကြပါ။ :P

    ReplyDelete