Wednesday, August 19, 2009

ဆန်စေးအရည်ဖျော်


အားလုံးသော မောင်နှမများမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို ဆန်စေးခေါက်ဆွဲ အရည်ဖျော်လုပ်ကျွေးပါမယ်နော်။ ချက်နည်းကတော့ မြီးရှည်တို့ ရှမ်းခေါက်ဆွဲတို့ကို အရည်ဖျော် ချက်တဲ့နည်း နဲ့ ဆင်တူပါပဲနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်စေးခေါက်ဆွဲဖတ်၊ အသားကောင်းကောင်းဝက်သား၊ ၀က်နံရိုး၊ ခရမ်းချဉ်သီး၊ နာနတ်ပွင့်အနည်းငယ်၊ မြေပဲလှော် (မကြိုက်ရင်မထည့်ပါနဲ့)၊ နှမ်းလှော်၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ ဆား၊ သကြား၊ ငရုတ်သီးခွဲခြမ်း၊ တရုတ်နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ် မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ဟင်းရည်အတွက် ၀က်နံရိုးကို အရွယ်တော်လေးတွေဖြစ်အောင် တုံးပြီး ရေထည့်ပြီး မီးဖိုပေါ်တင်ပြီး တစ်ရည်ပွက်အောင် တည်ပြီး အဲ့ဒီတစ်ရည်ကို သွန်ပစ်လိုက်ပါ။ ပြီးတော့မှ ၀က်နံရိုးကို ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့နယ်၊ မီးဖိုပေါ် အိုးတင်ပြီးတော့ ဂျင်းအ၀ိုင်းလိုက်လှီးထည့်ပြီး ပထမလုံးရေလေးနဲ့ တစ်ရေ ခမ်းအောင်တည်ပါ။ ပထမတစ်ရည်ခမ်းပြီဆိုမှ နောက်ထပ် ဟင်းရည်အိုးထဲ ရေထပ်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူပြီး နံရိုးနူးတဲ့အထိ တည်ပေးပါ။ နံရိုးနူးလောက်ပြီဆိုမှ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ မီးအသင့်အတင့်နဲ့ ဟင်းရည်အိုးကို ဆူအောင် တည်ပေးထားပါ။ ကြိုက်တတ်ရင်တော့ ဟင်းရည်အိုးထဲကို တရုတ်နံနံပင်အရိုးလေးတွေ ထုထည့်ပေးပါဦးနော်။

အသားဟင်းအတွက် ၀က်သားကို ရွေးပါတယ်။ ၀က်သားကို အဆီအခေါက်မပါ၊ အသားချည်းသပ်သပ် တောက်တောက်စင်းပြီး ဆား၊ အချိုမှုန့်၊ သကြား၊ ချင်းနုပ်နုပ်စင်းတို့နဲ့ ရောနယ်ပါ။ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးကို ထောင်းပါ။ ခရမ်းချဉ်သီးပါးပါးလှီးပြီး နုပ်နုပ်စင်းပါ။ အဆင်သင့် ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးကို ထည့်ပြီး ဆီသတ်၊ နာနတ်ပွင့်လေး နှစ်ဖတ်လောက်ထည့်ပြီး မွှေပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်တက်လာပြီဆိုရင် တော့ နုတ်နုတ်စင်းထားတဲ့ အသားလေးတွေထည့်ပြီး မွှေပါ။ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် နှစ်မျိုးလုံးထည့်ပါ။ ငံပြာရည်နည်းနည်းလောက်ထည့်ပါ။ ရေနည်းနည်းလောက်ထည့်၊ ခဏတည်ထားပြီး အသားလည်း နူး၊ ဆီလည်းပြန်လာပြီဆိုလျှင် ဟင်းအနှစ်ကျက်ပါပြီ။

တခြား မရှိမဖြစ် လိုအပ်တဲ့ အဆာပလာတွေကတော့ မြေပဲလှော်ကို အခွံနွှာပြီး မညက်တညက်လေး ထောင်းထားပေးပါ။ နှမ်းစေ့ကိုလည်း လှော်ပေးထားပါနော်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ကြော်၊ ဆီချက်ရပြီဆိုရင် ပန်းကန်လုံးထဲ ပြောင်းထည့်၊ ပြီးတော့မှ ငရုတ်သီးခွဲခြမ်းမှုန့်ကို ဆီထဲ လှိမ့်ပြီး ငရုတ်သီးကြော်လေးလုပ်၊ အရမ်းမတူးခင်မှာ အမြန်ချလိုက်နော်။ ပဲငံပြာရည် အပျစ်ကို ပန်းကန်လုံးထဲထည့်၊ ပြီးတော့ဟင်းချိုရည်လေး နည်းနည်းနဲ့ စပ်ထားပါ။ကြက်သွန်မြိတ်၊ နံနံပင် ပါးပါးလှီးထားပါ။

စားပွဲပြင်ခါနီးတဲ့အခါ စကာလေးထဲကို ဆန်စေးဖတ်ထည့်၊ ပြီးတော့မှ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုရည်အိုးထဲ ထည့်ပြီး တူနဲ့ မြီးရှည်ဖတ်တွေကို ဟိုဘက်ဒီဘက်လှည့်ပေးပါနော်။ ဆန်စေးဖတ်အိပြီ ဆိုရင်တော့ ရေစစ်ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ထည့်ပါနော်။

စားပွဲပြင်မယ်ဆိုရင် မုန့်ဖတ်လေးထည့်၊ ဟင်းရည်ပူပူလေးကိုထည့်၊ ၀က်နံရိုးနူးအိအိလေးပါအောင် ခပ်ထည့် ပါနော်။ ပြီးတော့အသားဟင်းထည့်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးကြော်လေးထည့်ပြီး စားရုံပဲနော်။ ဟင်းရည်ပူပူလေးကို ပန်းကန်လုံးလေးထဲ ထည့်၊ ပြီးတော့မှ ငရုတ်ကောင်းမှုန့်လေးခပ်၊ ကြက်သွန်မြိတ်လေးဖြူးပြီး မုန်ညင်းချဉ်နဲ့ တွဲဖက်စားသုံးပါနော်။ အားပေးကြပါဦး နော်။

ပိတ်ရက်မှာ မိသားစုတွေစုံလို့ တစ်ခုခု လုပ်စားချင်ရင်ပဲ ဖြစ်ဖြစ်၊ ထမင်းစားချင်စိတ်မရှိဘဲ ခံတွင်းပျက်နေတဲ့အခါပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုံလို့ မုန့်တစ်ခုခုလုပ်စားမယ်ဆိုတဲ့ အခါပဲဖြစ်ဖြစ် အလွယ်တကူနဲ့ စားလို့မြိန်စေမယ့် ရှမ်းအစားအစာလေးတစ်မျိုးပါနော်။

ဆန်စေးခေါက်ဆွဲဖတ်အတွက် မေးလာလို့ နောက်ထပ်ဖြည့်ပေးလိုက်ပါတယ်နော်။ ကျွန်မက မြန်မာမှာနေပြီး လွယ်လွယ်လေး ရေးလိုက်ပေမယ့် ပြည်ပရောက် မောင်နှမတွေအတွက် အနီးစပ်ဆုံး အဆင်ပြေမယ့် ဆန်ခေါက်ဆွဲဖတ်ကို ရှာပေးလိုက်ပါတယ်နော်။ http://whoisbaby.net/blog/wp-content/uploads/2007/11/charkoayteow1.jpg အဲ့ဒီမှာ ကြည့်ကြည့်ပါနော်။ ဒါပေမယ့် သူက သိပ်တော့ စေးမယ်မထင်ဘူးနော်။

နောက်တစ်ခုကတော့ ကွေ့သရိုဖတ်ကို ကိုယ်တိုင်လုပ်တာကို ပြထားတဲ့လင့်ခ်လေးပါ။ http://hungerhunger.blogspot.com/2009/01/flat-rice-noodles.html အဆင်ပြေသလို လုပ်ကြည့်ကြပါဦးနော်။

သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တော့ ဗီယက်နမ်က လာတဲ့ ဆန်ပြားခေါက်ဆွဲထုပ်ကိုလည်း သုံးလို့ရမယ်လို့ထင်တယ်တဲ့။ စေးမစေးတော့ အာမ မခံပါဘူးတဲ့။ အဆင်ပြေကြပါစေနော်။

10 comments:

  1. မလုလုချက်တဲ့ ဆန်စေးအရည်ဖျော်ကို ကုန်အောင်စားသွားပါတယ်ခင်ဗျ..

    နောက်ကျတဲ့သူတွေ ကိုယ့်ဖာသာကိုယ် ချက်စားကြပါ..အဟီး..

    yu ya

    ReplyDelete
  2. ဆန်စီးခေါက်ဆွဲဆို ဘယ်လိုချက်ချက်ကြိုက်တယ် မမလုရေ။ အိပ်ခါနီးကြည့်မိတယ်။ ကြည့်ရင်း ဗိုက်ဆာသွားပြီ။ ရေသောက် ဗိုက်မှောက်ပြီး အိပ်တော့မယ်။

    ReplyDelete
  3. မရေ.................
    ဆန်စေးခေါက်ဆွဲလာစားတယ်
    စားချင်တယ်းးးးးးးးးးးးးးးးးးးးးးးး
    လာကျွေးနော်းးးးးးးးးးးးးးးးးးးးးးးမမ

    ချစ်တဲ့
    မြူးလေး

    ReplyDelete
  4. ဆန်စေးခေါက်ဆွဲ လာစားသွားပါတယ် မမလု

    ReplyDelete
  5. မမလု.. ဘယ်လိုခေါက်ဆွဲနဲ့အစားထိုးချက်လို့ရလဲ.. ဆန်ဆေးခေါက်ဆွဲက ထိုင်းကအထုပ်တွေလား..တရုတ်လားဟင်.. နာမည်ရှိလား င်္ဂလိပ်လို..

    ReplyDelete
  6. မမရေ

    လာငတ် အဲလေ လာစားသွားတယ်နော်။
း)

    ReplyDelete
  7. ဆန်စေးအရည်ဖျော်ကိုမမလုဖျော်တိုက်မှသောက်ဖူးသွားတယ်။
    ကျေးဇူးပါနော်။ဂျာမုန်းလည်းလုပ်စားအုံးမယ်။
    အရမ်းကောင်းမဲ့ပုံပဲ။
    ဂျာမုန်းတော့အားလုံးသောက်သွားပြီနော်။
    ချစ်တဲ့ညီမ
    ဂျာမုန်း

    ReplyDelete
  8. Hi Ma Lulu,
    How can I buy the sticky ricenoddle in Canada? I tried to look for that so long. If u have time, pls take a photo of packing for me. Thanks .
    marlar

    ReplyDelete
  9.ူလုရေ...
    ဒီနေ့ တော့ ကွေ့ သရိုဖတ်ကို ညီမရဲ့ လင့် ရယ်
    http://www.youtube.com/watch?v=8KbgMSa5ito
    ဒီလင့်ရယ်ရောသမလိုက်တာ OKဘဲ။
    မိုးအေးအေးနဲ့ ဇိမ်ပဲ။ Thanks again

    ReplyDelete
  10. လာအားပေးကြတဲ့ ချစ်သော မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်နော်။
    ဆန်ပြားဖတ်အတွက်လည်း အဆင်ပြေကြမယ်လို့ ထင်ပါတယ်နော်။
    ဆန်ပြားဖတ် အဆင်မပြေတဲ့သူများ မမရှင်လေးကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။
    မမရှင်လေးက အဆင်ပြေသွားပြီး နှပ်နေပြီတဲ့ :P

    ReplyDelete