Wednesday, July 22, 2009

ပုစွန်သုပ်နှင့် မှိုပုစွန်ချဉ်စပ်ဟင်းရည်


ကျွန်မရဲ့မောင်နှမများကို ပုစွန်သုပ်လေး သုပ်ကျွေးပါဦးမယ်နော်။
အခုရာသီမှာ ပုစွန်တွေ အရမ်းကိုလတ်ဆတ်ပြီး ဈေးနှုန်းလည်း သင့်တင့်ပါတယ်နော်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပုစွန် ၅၀ သား၊ ငွေနှင်းမှို ၃၀ ကျပ်သား၊ ကြက်သွန်နီ ဥကြီး (၂) လုံး၊ ကြက်သွန်ဖြူ (၅) မွှာ၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ သံပုရာသီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ရှောက်ရွက်အနည်းငယ်တို့ပါနော်။
ပုစွန်တွေကို ရေစင်အောင်ဆေးကြော၊ ပြီးရင် ခေါင်းတွေဖြုတ်၊ အခွံနွှာပေးပါ။ အဲ့ဒီအခွံတွေ ခေါင်းတွေကိုလည်း မပစ်ဘဲ ဖယ်ပေးထားပါနော်။ ပုစွန်အသားတွေကိုလည်း ဇလုံတစ်လုံးထဲ ထည့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ထည့်ပြီး သမအောင်နယ်ပေးထားပါ။ (ပုစွန်အခွံကို ဒီအတိုင်း ပစ်လိုက်ရင် အနံ့ဆိုး တွေထွက်လာတတ်တယ်လေ၊ အဲ့ဒါကြောင့်မို့ အနံ့ဆိုးလည်း မထွက်ဘဲ ဟင်းတစ်မယ်လည်းရအောင်မို့ ဟင်းချိုရည်လေးချက်ဖို့ ပြင်တာပါနော်။)
ငွေနှင်းမှိုကို ရေဆေး၊ သန့်စင်ပြီးတော့ မှိုအပေါ်ပိုင်းအသားဖတ်လေးတွေကို သပ်သပ် ဖဲ့ယူပြီးပါ။ မှိုရိုးတံလေးတွေ ကိုတော့ လေးခြမ်းခွဲထားပေးလိုက်ပါနော်။ ငရုတ်သီးစိမ်းလေးတွေကို ရေဆေး၊ အညှာခြွေပြီး ပါးပါးလှီးပေးထားပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးပေးပါ။ ကြက်သွန်နီကို မွှန်တာ သက်သာအောင် ရေနဲ့ ဆေးပြီးတော့ စစ်ပေးထားပါ။ ရှောက်ရွက်လေးတွေကိုလည်း ခပ်ပါးပါးလှီးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာပြီဆိုရင် ပုစွန်တွေကို ထည့်ပြီး မီးအသင့်အတင့်နဲ့ လှော်ပေးပါနော်။ ပုစွန်အကွေးဆိုတဲ့အတိုင်း ပုစွန်လေးတွေက အပူနဲ့ထိတာနဲ့ အရောင်လေးတွေ ရဲပြီးတော့ ကွေးလာပါမယ်။ အနံ့လည်း အရမ်းကို မွှေးပါမယ်နော်။ ပြီးရင်တော့ ပုစွန်တွေကို ပန်းကန်တစ်ချပ်ထဲကို ထည့်ပေးထားပါ။ ပုစွန်လှော်ထားတဲ့ ဒယ်အိုးထဲကိုတော့ ရေလက်ဘက်ရည် ပန်းကန်လုံး တစ်လုံးထည့်၊ ခုနက နွှာထားတဲ့ ပုစွန်ခေါင်းတွေ အခွံတွေကို ထည့်ပြီး ပြုတ်လိုက်ပါနော်။ ပွက်ပွက်ဆူလာရင် ပုစွန်တွေကို ဆယ်ယူပြီး ငရုတ်ဆုံထဲ ထည့်ထောင်း၊ ပြီးတော့မှ အဲ့ဒီပုစွန်ထောင်းတွေထဲကို ရေ လက်ဘက်ရည်သောက် ပန်းကန်လုံး ၇ လုံးလောက်ထည့်ပြီး ပုစွန်ခွံတွေကို စစ်ယူဖယ်ပစ်ပြီး အဲ့ဒီရေတွေကို ယူပါ။ ပြီးရင် အဲ့ဒီ ပုစွန်ပြုတ်ရည်တွေကို အိုးလေးတစ်လုံးထဲ ထည့်၊ ဆားလေး၊ ငံပြာရည်လေး၊ ဟင်းခတ်မှုန့် လေးထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။
အဲ့ဒီအချိန်အတွင်းမှာ လှော်ထားတဲ့ပုစွန်တွေကို ခပ်သေးသေးလေးတွေ ရအောင်လှီးပါတယ်။ ပြီးတော့ ကြက်သွန်ဖြူနီတွေထည့်ပါတယ်၊ ငရုတ်သီးစိမ်းတွေထည့်၊ အရောင်လှအောင် ငရုတ်သီးအကျက်မှုန့်လေး နည်းနည်းထည့်၊ ကြက်သွန်ဖြူဆီချက်လေးထည့်၊ ဆားးလေးနည်းနည်း၊ ငံပြာရည်နည်းနည်း၊ သံပုရာ ရည်လေးညှစ်ပြီးတော့ အားလုံးသမအောင် ရောနယ်ပေးပါ။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ပုစွန်သုပ် ရပါပြီနော်။ ပုစွန်ဟင်းရည်အတွက် ပြင်မယ်နော်။
ပွက်ပွက်ဆူပြီဆိုလာပြီဆိုရင် ဟင်းရည်အိုးထဲကို မှိုတွေထည့်ပြီး ဆူအောင် တည်ပေးပါ။ တစ်ခါ ဟင်းရည်အိုးထပ်ဆူပြီဆိုရင်တော့ အပေါ့အငံအရသာမြည်းပြီး ဟင်းရည်တွေကို ဇလုံထဲထည့်၊ ပြီးရင် ကြက်သွန်စိမ်းရယ်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ သံပုရာရည်တို့ကိုထည့်ပေးပါ။ ရှောက်ရွက်လေးတွေပါ ခပ်လိုက်ဦးနော်။ ချဉ်ငံစပ် မှိုပုစွန် ဟင်းရည်သောက်လေး ရပါပြီနော်။
မိုးအေးအေးမှာ ပုစွန်သုပ်လေးနဲ့ မှိုပုစွန်ချဉ်စပ်ဟင်းရည်သောက်လေးနဲ့ တွဲဖက် သုံးဆောင်ကြည့်ပါဦး နော်။ ခံတွင်းပျက်နေတဲ့သူတွေအတွက်လည်း ခံတွင်းလိုက်စေမယ့်အပြင် ချွေးလေးပါ စို့လာမှာ အသေအချာပါနော်။

11 comments:

  1. မလုရယ်... ပုဇွန်သုပ်စားချင်လိုက်တာ.. ဓာတ်ပုံကို အနီးကပ်ကြည့်ပြီး သွားရည်တွေ မျိုချနေရတယ်.. ဒုက္ခ.. :D

    ReplyDelete
  2. မလုရေလာမြီးသွားပါတယ်။ အခုတော့ ထမင်းအိုးထဲ
    ကြက်ဥထဲ့ပြုတ်ထားတယ်။
ွှtake care, yours shinlay

    ReplyDelete
  3. ဟယ်အတော်ဘဲ... ပုဇွန်ရှိတယ်... သုပ်စားတော့မယ်

    ReplyDelete
  4. ဟောတော့
    ခုဘဲမောမောနဲ့ ပြန်လာတာ။ နောက်တစ်မျိုးတော့။
း)

    တော်လိုက်တာနော်။ စားချင်စရာလေး။
    အပြင်မှာတွေ့ ရင် ဧည့်သည်လာလုပ်မယ်နော်။

    ခင်တဲ့

    ReplyDelete
  5. အရမ်းကောင်းတာဘဲ။ ပုစွန်သုတ်ကတော့ အကြိုက်ဆုံးဘဲ

    ReplyDelete
  6. မရေ.....ဒီလို blog မျိုးရှိတဲ့အတွက်..အရမ်းကျေးဇူးတင်ပါတယ်..
    မိဘနဲ့ဝေး..ဟင်းကလဲမချက်တတ်တဲ့..ညီမအတွက်တော့အိုကေသွားပြီ...နောက်နေ့တွေကစပြီး
    မပြောတဲ့နည်းအတိုင်းချက်စားပြစ်အုံးမယ်..ရှလွတ်..ရှလွတ်...
    *ညီမကဒီကိုသူငယ်ချင်းblogကနေတစ်ဆင့်ခုမှပထမဆုံးရောက်ဖူးတာပါ*

    ReplyDelete
  7. မမလုလု.. ပဂျွန် စားချင်လိုက်တာ.. သေချာကိုရှင်းပြထားတာ အိမ်ထောင်ရှင်မ ပီသ..အလေလွင့်ကိုမရှိဘူး.. ကောင်းမှကောင်း.း)

    ReplyDelete
  8. မရေ..
    ၂ မျိုးလုံးချားမယ်သိလားးးးးးးး
    ခုပို့ ပေးးးးးးးးးးးးးးးးးးးးး

    ချစ်တဲ့
    မြူးလေး

    ReplyDelete
  9. တကယ်ပြောတာပါလုလုရေ..ဒို့အတွက်တော့ မရှိမဖြစ်
    "လုလု" လို့ ပြောရမလိုဖြစ်နေပြီ..ဒို့ကပုဇွန်ချဉ်သုပ်စားချင်နေတာ
    ကြာပြီ..ဒီမှာကပုဇွန်ချဉ်မရတော့ လုလုပြောတဲ့ ပုဇွန်သုပ်
    ပဲ လုပ်စားတော့မယ်..ကျေးဇူးအထူးတင်တယ်နော်..

    ReplyDelete
  10. ၂ မျိုးစလုံးကြိုက်တယ်။ မှိုပုဇွန်ချဉ်စပ်ဟင်းရည်လေး လုပ်သောက်ကြည့်အုံးမှ။ အချဉ်ပဲ စားချင်နေတယ်ဆို။ :)

    ReplyDelete
  11. နုစံရေ့ 
    မတွေ့တာကြာပြီနော်။ ဂျပန်မှာ ရတဲ့ ပုစွန်ကိုလည်း အဲ့ဒီလို သုပ်စားကြည့်နော်။
    မမရှင်လေးရေ့  လာမြည်းတာ အဆင်ပြေရဲ့လားနော်။
    ကျောပိုးအိတ်လေးရေ့ 
    ခဏလောက် အမောဖြေပြီးမှ စားပါလားနော်။
    အပြင်တွေ့လည်း ဧည့်သည်လုပ်လို့ရပါတယ်နော်။
    စုဗူးလေးရေ့  မမလုလည်း ပုစွန်သုပ်ကြိုက်တယ်။
    ညီမလေးခိုင်ရေ့  အမြဲတမ်း အလည်လာဖို့ ဖိတ်ခေါ်ပါရစေနော်။
    ကူးကူးလေးရေ့  စားချင်သလောက်သာ စားပါနော်။
    indavao > thank you for ur visit.
    မြူးလေးရေ စားချင်သလောက်သာ စားနော်။ အ၀စား။
    မလေးရေ့  ပုစွန်ချဉ်သုပ်အစားထိုးလေး သုပ်စားကြည့်ပါနော်၊ မလေး နောက်တစ်ခါလာရင် လင့်ခ်လေး ချန်ခဲ့ပါလားနော်။
    မိုးကောင်းသူလေးရေ့  အချဉ်က နဂိုကတည်းကကြိုက်တယ်ဆိုတဲ့ ချောနှမလေးရေ့ ကြိုက်သလောက်သာစားပါနော်။

    ReplyDelete