Tuesday, June 23, 2009

ကြာဇံချက်



ချစ်မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ထုံးစံအတိုင်း ကျွန်မ အလုပ်မအားသောကြောင့် ပျက်ကွက်သည်များကို ဦးစွာပထမ တောင်းပန်ချင်ပါတယ်နော်။ အလုပ်က ဆက်တိုက်ဆိုသလို ခရီးထွက်တာရယ်၊ သင်တန်းတွေရယ်နဲ့ ရက်ဆက်နေတော့ ဘလော့ဂ်ကို ပစ်ထားရသလိုဖြစ်သွားပါတယ်။ မောင်နှမတွေအပေါ်လည်း ပျက်ကွက်သွားခဲ့ပါတယ်။ ရှေ့လျှောက် အလုပ်က ဆက်များနေမှာ၊ ဒါပေမယ့် ကျွန်မ ချစ်တဲ့မောင်နှမများအတွက် ကျွန်မ တတ်အားသရွေ့အချိန်ပေးပြီး ပို့စ်လေးတွေကို တင်ပေးနိုင်အောင် ကြိုးစားပါမယ်။

အမှန်တကယ်ဆို ကျွန်မက ရာသီပေါ်အသီးအနှံတွေကို ရေရှည်ထားနိုင်အောင် ယိုထိုးပြီး သိမ်းထားတာ မျိုးကို အချိန်နဲ့တပြေးညီ ကျွန်မ ဖော်ပြပေးသင့်တာပါ။ ဒါပေမယ့် လျှပ်စစ်မီးရယ်၊ ကွန်နက်ရှင်ရယ်၊ အချိန်ရယ် အားလုံးက တစ်ချိန်တည်းမှာ ကျွန်မကို အခြေအနေပေးမှပဲ ရမှာဆိုတော့ ကျွန်မ အချိန်မီ မဖော်ပြနိုင်တော့ပါဘူး။ ဒါပေမယ့် နောက်လာမယ့်ရာသီမှာ ဘာတွေလုပ်လို့ရနိုင်တယ်ဆိုတာကို မောင်နှမတွေကို ကြိုတင်အသိပေးထားတယ် ဆိုတဲ့သဘောမျိုးနဲ့ ဆီးယို၊ မရမ်းယို၊ သရက်ယို အစရှိတာတွေကိုလည်း ကျွန်မ ဖော်ပြပေးပါမယ်နော်။

ကျွန်မရဲ့ တူမအငယ်လေးက ဒီနှစ်မှာ သူငယ်တန်း စတက်ပါတယ်။ ကျောင်းတက်တဲ့နေ့မှာ သူက ရင်ဖုံးအကျီင်္နဲ့ စကတ်ထမီလေးနဲ့ ၀တ်ချင်တယ်ဆိုလို့ ၀တ်ပေးလိုက်ပါတယ်။ ဆံပင်ကိုလည်း ကြက်တောင်စီးလေး နှစ်ဘက်စီးပေးလိုက်ပါတယ်။ ညနေ ကျောင်းလည်းဆင်းရော မိုးရွာတော့ မိုးမိပါလေရော။ တူမလေးကလည်း အအေးမိလွယ်ပါတယ်။ ညနေဘက် အိမ်ပြန်ရောက်ကတည်း ချမ်းလို့ဆိုပြီး ပြောတော့ ကလေးကို နွေးနွေးထွေးထွေးဖြစ်အောင် ထုပ်ပိုးထားပေးပါတယ်။ သူက ပြောလာပါတယ်။ တီတီရေ့  မီးမီးကို ကြာဇံချက် ချက်ကျွေးပါတဲ့လေ။ အဲ့ဒါနဲ့ပဲ ကျွန်မတို့ မိသားစု ကြာဇံချက်နဲ့ အသုပ်လေးတစ်မျိုးလုပ်စားဖို့ ပြင်ဆင်ကြပါတော့တယ်။

ကြာဇံချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြာဇံ၊ ကြက်နားရွက်မှိုခြောက်၊ ပန်းခြောက်၊ ပဲခြားခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ သံပုရာသီး၊ ငရုတ်သီးအကျက်မှုန့်၊ ချင်း၊ ငါးဖယ်ခြစ်၊ ကြက်သား၊ ငုံးဥ၊ ငရုတ်သီးအရောင်မှုန့်၊ နနွင်းမှုန့်အနည်းငယ်၊ ဆား၊ သကြား၊ ငံပြာရည်၊ ကြက်သားမှုန့်နဲ့ ဆီအနည်းငယ်တို့ပါနော်။

ကြာဇံရယ်၊ ကြက်နားရွက်မှိုရယ်၊ ပန်းခြောက်ရယ်ကို ဇလုံတစ်လုံးထဲစီထည့်ပြီး ရေစိမ်ပေးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံနွှာ၊ ရေဆေးပြီး ရေစစ်ပေးထားပါ။ ကြက်သားကိုလည်း ရေနဲ့ သန့်စင်အောင် ဆေးပြီး အသားတွေချည်းရအောင် လှီးယူပါ။ ပြီးရင်တော့ ကြက်ရိုးတွေကို ဆား၊ သကြားနဲ့ နယ်ထားပြီး ရေထည့်၊ ချင်းလေးတွေကို ခြစ်ထည့်ပြီး အရိုးပြုတ်ရည်အိုး အရင်တည်ပေးပါ။ အရိုးပြုတ်ရည် တည်ထားတဲ့အချိန်မှာ ကြက်သားတွေကို ခပ်သေးသေးအတုံးလေးတွေလှီးပြီး ဆား၊ သကြား၊ ငံပြာရည်တို့နဲ့ နှံ့အောင်နယ်ထားပေးပါ။ ကြက်ရိုးပြုတ်ကို ကြာကြာတည်နိုင်လေ အချိုရည်ထွက်လေပါပဲနော်။ ကြက်ရိုးပြုတ် ရပြီဆိုရင်တော့ ငုံးဥလေးတွေ ပြုတ်ပြီး ကျက်ရင် အအေးခံပြီး အခွံနွှာပေးထားပါ။ ကြက်ရိုးပြုတ်အရည်ကို ငှဲ့ယူ၊ ကြက်ရိုးတွေကို ထောင်းပြီး ရေနဲ့ငှဲ့ပြီး အရည်စစ်ယူပြီး အရိုးတွေကို ဖယ်ရှားပစ်ပါ။
ငါးဖယ်မထောင်းခင် ငရုတ်ဆုံထဲကို ချင်းရယ်၊ ကြက်သွန်ဖြူလေးရယ် အရင်ထောင်းပေးပါ။ ချင်းကြက်သွန်ဖြူ မညက်တညက်အချိန်လေးမှာ ငါးဖယ်ကို ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ အရသာရှိအောင် ငါးဖယ်ထောင်းတဲ့ အချိန်မှာ ဆား၊ သကြားတို့ကို ထည့်ပြီး ထောင်းပေးပါ။ ထောင်းရင်းနဲ့ စေးပိုင်လာပြီဆိုရင်တော့ ငါးဖယ်တွေကို ငရုတ်ဆုံထဲကနေ ဆယ်ယူပြီးတော့ ပန်းကန်ထဲ ထည့်ပါ။ ငါးဖယ်လုံးတဲ့အခါ လက်မှာ စေးကပ်မနေအောင် ရေပန်းကန်လုံးတစ်လုံးလည်း ပြင်ပေးထားပါ။ ပြီးတော့မှ ရေလေးဆွတ်ပြီးတော့မှ ငါးဖယ်လုံးလေးတွေ လုံးပေးပါ။

ကြွက်နားရွက်မှိုခြောက်ကို သန့်စင်အောင် အထပ်ထပ်ရေဆေးပြီးတော့မှ အရွယ်တော်လေးတွေ ရအောင် လှီးဖြတ်ထားပေးပါ။ ပန်ေးခြာက်ကိုတော့ အလယ်က ၀တ်ဆံတိုင်တွေ ဖယ်ရှားပစ်ပြီး အထုံးလေးတွေ ထုံးပေးထားပါ။ ပဲပြားလိပ်ကိုလည်း ဆယ်ယူထားပြီး အရွယ်တော်လေးတွေဖြတ်ပေးပါ။ ကြာဇံကိုလည်း ရေထဲကဆယ်၊ လေးလက်မအရှည်လောက် ကတ်ကြေးလေးနဲ့ ဖြတ်ပေးထားပါ။ ကြက်သွန်နီတွေထဲက တစ်ဝက်ကို လေးစိတ်ထိုးပေးထားပြီး ကျန်တစ်ဝက်ကို အလုံးလိုက်လေးတွေ ထားပေးပါ။ ပြီးရင် ချင်း၊ ကြက်သွန်ဖြူနဲ့ လေးစိတ်ထိုးထားတဲ့ ကြက်သွန်နီတို့ကို ငရုတ်ဆုံထဲထည့်ထောင်းပေးပါ။ ချင်းကို အရင်ထောင်း၊ ချင်း ညက်ပြီဆိုရင် ကြက်သွန်ဖြူထောင်း၊ ပြီးမှ ကြက်သွန်နီထည့်၊ ပြီးတော့ ငရုတ်သီးအရောင်မှုန့်လေး နည်းနည်းထည့်၊ မျက်လုံးမစပ်ရအောင်ရော၊ အညက်မြန်ရအောင်ရော ဆားလေးနဲ့ သကြားလေးနည်းနည်းစီထည့်ပြီး ထောင်းပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန် တွေထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော ကြက်သွန်နီအလုံးလိုက်လေးတွေကိုထည့်ပြီး မွှေ၊ ပြီးရင့် ကြက်သားတွေထည့်ပြီး အားလုံးသမအောင်မွှေပြီး အဖုံးအုပ်ပေးထားပါ။ ကြက်သားဆီပြန်လာပြီဆိုရင် ငါးဖယ်လုံးလေးတွေကိုထည့်ပြီး ဆီသတ်ပါ။ ပြီးရင်တော့ ပန်းခြောက်ရယ် မှိုခြောက်ရယ် ပဲပြားလိပ်ရယ်ကို ဟင်းအိုးထဲ ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ ပြီးရင် အဖုံးအုပ်ပြီး ၃ မိနစ်လောက်တည်ပေးပါနော်။ ပြီးရင်တော့ ကြာဇံတွေထည့်ပြီး အားလုံးသမအောင်မွှေပြီး တည်ပေးပါ။ ကြာဇံထည့်ပြီး ၃ မိနစ်လောက် တည်ပေးပြီးရင်တော့ ကြက်ပြုတ်ရည်တွေထည့်၊ ဆား၊ သကြားအနည်းငယ်နဲ့ ကြက်သားမှုန့်တို့ကိုထည့်ပြီး ဟင်းအိုးဆူတောင်တည်ပေးပါ။ ဟင်းအိုးပွက်ပွက်ဆူပြီဆိုရင်တော့ ငုံးဥထည့်၊ ပြီးတော့ ငရုတ်ကောင်းမှုန့်လေး ခပ်လိုက်ပါဦးနော်။ ပြီးရင် အပေါ့အငံမြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်လိုက်ပါနော်။

စားပွဲပေါ်မှာတော့ နံနံပင်လေးတွေညှပ်ထားတာရယ်၊ သံပုရာသီးစိတ်လေးတွေရယ်၊ ငံပြာရည်ပန်းကန်လေးရယ်၊ ငရုတ်သီးအကျက်မှုန့်ပုလင်းလေးရယ်၊ ငရုတ်ကောင်းမှုန့်ဗူးလေးရယ် တန်းစီပြီး ပြင်ထားပါနော်။ စားတတ်ရင် ကြက်သွန်နီအစိမ်းကို ပါးပါးလေး၊ ရေနဲ့စိမ်ဆေးပြီးတော့ (အနံ့မွှန်တာ သက်သာချင်ရင် ကြက်သွန်နီအစိမ်းကို လှီးပြီးတဲ့အခါ ရေခဲရေနဲ့ စိမ်ပြီးတော့မှ ဆေးပါ၊) ရေစင်အောင် ညှစ်ပြီး ဇကာလေးနဲ့ ထည့်ပေးထားနော်။

စားပွဲပြင်ရအောင်နော်။ ပန်းကန်ထဲကို ကြာဇံချက်လေးခပ်ထည့်ပါ၊ ပဲပြားခြောက်၊ မှိုခြောက်၊ ပန်းခြောက်၊ ငါးဖယ်လုံး၊ ကြက်သွန်နီ၊ ငုံးဥ၊ ကြက်သား အားလုံးပါအောင် မျှမျှတတလေး ခပ်ယူပါနော်။ ပြီးတော့မှ နံနံပင်လေးထည့်၊ ငရုတ်သီးမှုန့်လေး၊ ငံပြာရည်လေးထည့်၊ သံပုရာသီးစိတ်လေးညှစ်ပြီးထည့်၊ ငရုတ်ကောင်းမှုန့် လေးထည့်ခပ်ပြီး သုံးဆောင်ပါနော်။ ကြာဇံချက်ဆိုတဲ့အတိုင်း ဆီသတ်ချက်ထားတာမို့ သုံးဆောင်တဲ့အခါ သည်းမသွားအောင် သတိထားပြီး သောက်ပါနော်။

ကြာဇံချက်ချက်ပေးပါလို့ တောင်းဆိုတဲ့ တူမလေးကတော့ အဖြူထည်လေး သောက်ပါတယ်၊ သူ့ကို အကြောင်းပြပြီးတော့ တစ်အိမ်လုံးတော့ ကြာဇံချက်စားလိုက်ရတာပေါ့နော်။
ကြာဇံချက်နဲ့ တွဲဖက်သုံးဆောင်တာကတော့ ပြည်ကြီးငါး ကျောက်ပွင့်သုပ်ပါနော်။ (အဲ့ဒီအသုပ်ကိုတော့ နောက်တစ်ခါကျရင် ထည့်ရေးပေးပါမယ်နော်)။

မောင်နှမများအားလုံး အခါအခွင့်သင့်တဲ့အခါ၊ သူငယ်ချင်းတွေ ဆုံတဲ့အခါ၊ ကြာဇံချက်လေး ချက်စားကြည့်ပါဦးနော်။

8 comments:

  1. ကြာဇံချက် မလုပ်စားဖူးဘူး..
    မလုလုပြောသလို ချက်စားကြည့်မယ်..

    ReplyDelete
  2. ကြာဇံချက်ကို ကြက်ရိုးပြုတ်ရည်ထဲ ရှိသမျှ အကုန်ပစ်ထည့်လိုက်တာမျိုးပဲ လုပ်ခဲ့ဖူးတာ။
    ခုလို စနစ်တကျ ဆီသတ် ပြီး မလုပ်ဖူးဘူး။
    ဒါကြောင့် ဆရာမပြ ငပိဖုတ်တောင် နည်းမကျလို့ ပြောခဲ့တာ ဖြစ်မှာပဲ။
    ကျေးဇူးနော် ညီမလေး။

    ReplyDelete
  3. ဟေး မမလု ပြန်လာပြီဟေးးးးးးးးးးးးးးးးးးးး

    ReplyDelete
  4. ဒီတပတ် ဘာချက်စားရင် ကောင်းမလဲဆိုပြီး စဉ်းစားနေတာ.. အခုတော့ ကြာဇံချက် ချက်စားတော့မယ်.. ငါးဖယ်နဲ့ စားချင်တာ..:(

    ReplyDelete
  5. လာစားသွားပါတယ်။ ဟုတ်တယ်။ ငါးဖယ်နဲ့ စားချင်လိုက်တာ။

    ReplyDelete
  6. ဟင်းချက်ကောင်းတဲ့ ပေါက်ရေ့  ပေါက်လက်ရာတွေကိုလည်း မကြာခဏသွားငမ်းနေကျသိလား။ အခုလည်း ချက်စားကြည့်ဦးနော်။
    စာရေးအရမ်းကောင်းတဲ့ မမိုးချို့ 
    မမ ညီမလေးတို့ဝိုင်းတော်သားများဘလော့ဂ်ကို အလည်လာပြီး အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်မမ။ စာရေးကောင်းတဲ့ မမကို အရမ်းအားကျတာပဲ။
    ဒေါ်ရွှေအိရေ့ 
    ဒီနေ့မှ ရွှေအိရဲ့ ဘလော့၈်ကို ရောက်ဖူးပေမယ့် ဖတ်ရတာ သိပ်သဘောကျတာပဲ။ လာအားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်။
    နုစံရေ့ 
    ရန်ကုန်မှာတုန်းက မတွေ့လိုက်ရလို့ စိတ်ထဲ ဟာတာတာပဲ့ ဒါပေမယ့် အသံလေးတော့ ကြားလိုက်ရတယ်နော့့်  ငါးဖယ်နဲ့ ကြာဇံချက်စားချင်ရင် ဂျပန်မှာ matai လို့ခေါ်တဲ့ ငါးရှိတယ်။ ငါးကြင်းဖြူနဲ့ ခပ်ဆင်ဆင်လေ၊ အဲ့ဒီငါးကို ခြစ်ပြီး corn flour လေးထည့်၊ ဆား၊ ချင်းနဲ့ကြက်သွန်ဖြူခြစ်ပြီး နှံ့အောင်၊ နယ်ပြီး လင်ပန်းတစ်ချပ်ထဲကို နယ်ပြီးသားငါးကို အလုံးလိုက်ရအောင်လုံးပြီး နာနာပေါက်ပေး၊ အဲ့ဒါဆို ငါးဖယ်ခြစ်အလွမ်းပြေရမယ်သိလား။ စမ်းသပ်ကြည့်ဦးနော်။
    ရှင်လေးရေ့ 
    မနေ့ညကမှ ရှင်လေးရဲ့ ဘလော့ဂ်ကို တွေ့တာ။ အမြဲတမ်းလာအားပေးနေကျမို့ ကျေးဇူးအရမ်းတင်ပါတယ်နော်။ နောက်လည်း လာအားပေးကြပါဦးနော်။

    ReplyDelete
  7. သမီးက ကြာဇံချက်စားရင် ငရုတ်သီးမှုန့် ရယ် ၊ သံပရာသီးရယ် ၊ ပြီးတော့ ကြက်သွန်နီရယ် နံနံရွက်ရယ် အဲဒါတွေနဲ့ စားတာ။

    ပြောရင်းနဲ့ စားချင်လိုက်တာ။ အမရေ ပြောပြောဆိုဆို
    နဲ့ စားသွားတယ်နော်။

    စားကောင်းလိုက်တာနော်
း)

    ReplyDelete
  8. ကျော်လင်းJuly 20, 2011 at 9:34 AM

    လိုအပ်တာတွေက ဝယ်မရလို့  စားချင်ရက်နဲ့ မစားရဘူး... ခုတော့ ကွန်ပျူတာထဲက ကြာဆံချက် အနံ့  ထွက်လာလို့  စားလိုက်ပြီဗျာ.. နောက်လူတွေအတွက် မကျန်တော့လို့  ဆောရီး နှော.. ဒီပို့ (စ်) ကို တင်ပေးတဲ့ မလုလု ကို ကျေးဇူးပါဗျာ.. :)

    ReplyDelete