Sunday, February 22, 2009

ငါးဖောင်ရိုးဟင်း

အားလုံးမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့မောင်နှမတွေကို ငါးဖောင်ရိုးကို ဆီပြန်လေး ချက်ကျွေးပါဦးမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးဖောင်ရိုး၊ ငရုတ်သီးအပုပွတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်၊ နနွင်းမှုန့်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်မြိတ်တို့ ပါနော်။
ငါးဖောင်ရိုးကို အင်္ဂလိပ်လို garfish လို့ခေါ်ပြီး သိပ္ပံနာမည်ကတော့ Belone cancila လို့ ခေါ်ပါတယ်။ နှုတ်သီးချွန်ချွန်၊ အရောင်ကြည်ကြည်နဲ့ ပိန်သွယ်သွယ်ငါးမျိုးဖြစ်ပေမယ့် အသားကတော့ မာမာလေးပါ။ ငါးဖောင်ရိုးလို့ခေါ်ပေမယ့် သူက အလယ်ရိုးတစ်ရိုးပဲ ပါတာမို့ အရိုးများတဲ့ငါးကိုကြောက်တတ်ကြတဲ့ မောင်နှမတွေအတွက် စားသုံးဖို့ သင့်တော်တဲ့ ငါးမျိုးလည်းဖြစ်ပါတယ်။ သူ့မှာ တခြားငါးတွေလို အကြေးခွံတွေကို မမြင်ရပေမယ့် ငါးကိုယ်ထည်လေးကို လက်သည်းလေးနဲ့ အသာခြစ်ယူလိုက်ရင် အရောင်ကြည်ကြည်လေးနဲ့ အကြေးခွံသေးသေးလေးတွေကို ဖယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့မှ ငါးနှုတ်သီးပိုင်းကို ဖြတ်တောက်ပစ်လိုက်ပါ။ ဗိုက်ခွဲပြီး ဗိုက်ထဲက ကလီစာတွေထုတ်ဖယ်ပြီး ရေနဲ့သန့်စင်အောင် ဆေးကြောပေးပါနော်။ ပြီးတော့မှ ငါးဖောင်ရိုးကို ၂ ပိုင်းပိုင်းပြီး ရေစစ်ထားပြီး နနွင်းမှုန့်၊ ဆားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ထည့်ပြီး ခပ်နာနာနယ်ပေးထားပါနော်။
ကြက်သွန်မြိတ်ကိုလည်း ရေစင်အောင်ဆေး၊ မကောင်းတဲ့အပိုင်းတွေဖယ်ပစ်ပြီး ခပ်ရှည်ရှည်လေးတွေ ပိုင်းထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေး၊ အညှာခြွေပေးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းတို့ကို အခွံနွှာရေဆေးပေးထားပါ။
ငရုတ်သီးအပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်၊ ရေနွေးနဲ့ စိမ်ပြီးမှ ဆေးပေး၊ ပြီးတော့မှ ငရုတ်သီးတွေကို ညက်အောင်အရင်ထောင်းပါ။ ငရုတ်သီးညက်ပြီဆိုရင် ချင်းထောင်းထည့်ပါ။ ပြီးတော့မှ ချင်းကိုထည့်ထောင်း၊ ကြက်သွန်ဖြူထည့်ထောင်း၊ နောက်ဆုံးမှ ကြက်သွန်နီကို ထည့်ထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်ထည့်၊ ပြီးတော့မှ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တို့ကိုထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပေးပါ။ ဆီသတ်နံ့ မွှေးပြီဆိုရင်တော့ နယ်ထားတဲ့ ငါးလေးတွေကို ထည့်ပြီး ဟင်းအနှစ်တွေနဲ့ နှံ့ရအောင် ယောင်းမနဲ့ ဖြေးဖြေးချင်း နှံ့အောင်လုပ်ပေးပါ။ ပြီးရင် ဒယ်အိုးအဖုံးလေးကို ခဏပိတ်ထားပြီး ငါးထဲက ထွက်မယ့်အရည်ခမ်းအောင် တည်ပေးပါ။ ပထမတစ်ရည်ခမ်းလို့ ဆီပြန်ပြီဆိုရင်တော့ ဆုံဆေးရည်လေး ထည့်ပြီး နောက်တစ်ရည် တည်ပေးပါနော်။ နောက်တစ်ကြိမ် ဆီပြန်ပြီဆိုရင်တော့ အပေါ့အငန်မြည်း၊ လိုအပ်တဲ့ အရသာ ထပ်ဖြည့်၊ ပြီးတော့မှ ငရုတ်သီးစိမ်းလေးတွေရယ်၊ ကြက်သွန်မြိတ်လေးတွေ အုပ်ပြီး မီးဖိုမီးပိတ်လိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ငါးဖောင်ရိုးဆီပြန်ချက်လေး ရပါပြီနော်။

2 comments:

  1. ငါးဖောင်ရိုးကို အခြောက်ပဲ စားဖူးတာ။ တော်၂စားကောင်းမဲ့ပုံပဲ ချဉ်ရည်ဟင်းလေး
    နဲ့ ဆို ရှယ်ဘဲ

    ReplyDelete
  2. စုဗူးလေးရေ့ 
    ကင်ပွန်းချဉ်ရည် ဟင်းဝါချက်လေးနဲ့ဆို ကောင်းမှကောင်းနော်။
    အလည်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်။ :)

    ReplyDelete