Thursday, January 22, 2009

ငါးနီတူမန်ကျည်းသီးစိမ်းသုပ်


အားလုံးမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ငါးနီတူခြောက်ကို မန်ကျည်းသီးစိမ်း နုနုလေးတွေ ထောင်းထားတာနဲ့ သုပ်ကျွေးပါဦးမယ်နော်။ အရင်တစ်ခါတုန်းကလည်း ငါးနီခြောက်ကို သုပ်ကျွေးဖူးပေမယ့် ရာသီစာလေး ရတုန်း သုပ်စားရတာမို့ နောက်တစ်နည်းနဲ့ သုပ်တာလေးကို မျှဝေပေးလိုက်ပါတယ်နော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးနီတူခြောက် (၁၅) ကျပ်သား၊ မန်ကျည်းသီးစိမ်းနုနု (လူကြီးလက်တစ်ဆုပ်စာ)၊ ခရမ်းချဉ်သီး (၂) လုံး၊ ကြက်သွန်နီ (၃) လုံး၊ ကြက်သွန်ဖြူ (၇) မွှာ၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ ငရုတ်ကောင်းလှော်စေ့ (၁၀) စေ့၊ ငါးပိစိမ်းစား အနည်းငယ်၊ ဆားအနည်းငယ်နဲ့ ဟင်းချိုမှုန့် အနည်းငယ်တို့ပါနော်။
ငါးနီတူခြောက်ကို ခေါင်းနဲ့ ဗိုက်တွေကို ဖယ်ရှားပစ်ပါ။ ငါးပိစိမ်းစားကို မီးကင်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပေးပါ။ ငရုတ်သီးစိမ်းကို အညှာခြွေ၊ ရေဆေးပြီး ရေစစ်ပေးထားပါ။ မန်ကျည်းသီးစိမ်းကို အပြင်က အခွံကို ဓားပါးလေးနဲ့ခြစ်၊ ရေဆေး၊ ရေစစ်ပေးထားပါ။

ငါးခြောက်ကို သန့်စင်ပြီးတဲ့အခါမှာ မီးဖိုပေါ် ဒယ်အိုးတင်၊ ငါးခြောက် ထည့်ပြီး ငါးခြောက်ကို မီးအသင့်အတင့်နဲ့ ကြွတ်လာအောင် လှော်ပေးပါ။ နည်းနည်းတော့ ညှော်ပါတယ်။ ငါးခြောက်လှော်ပြီးတဲ့အခါ သီးသန့်ဖယ်ထားပေးပြီး အဲ့ဒီဒယ်အိုးနဲ့ပဲ ငရုတ်သီးတွေကို ထည့်ပြီး မီးခပ်နွေးနွေးနဲ့လှော်ပါမယ်။ ငရုတ်သီးတွေ ကျက်ပြီဆိုရင်လည်း သီးသန့်ဖယ်ပေးထားပါ။

ပြီးရင် ငရုတ်ဆုံထဲကို မီးကင်ထားတဲ့ ငါးပိစိမ်းစား၊ ကြက်သွန်ဖြူအနည်းငယ်၊ ငရုတ်သီးစိမ်းနဲ့ ငရုတ်ကောင်း တို့ကို ထည့်ထောင်းပါ။ မန်ကျည်းသီးစိမ်းတွေကိုလည်း ငရုတ်ဆုံထဲထည့်ပြီး ထောင်းပါ။ ထောင်းတဲ့အခါမှာ ညက်လွယ်အောင်လို့ ဆားလေးထည့်ထောင်းပါတယ်နော်။ ခရမ်းချဉ်သီးကိုလည်း ပါးပါးလှီးပါတယ်။

အားလုံးအသင့်ဖြစ်တဲ့အခါမှာ ဇလုံတစ်လုံးထဲကို လှော်ထားတဲ့ ငါးခြောက်ရယ်၊ လှီးထားတဲ့ ကြက်သွန်ဖြူ၊ နီ၊ ထောင်းထားတဲ့ အဆာပလာတွေရယ်၊ ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်ထည့်ပြီး အားလုံး သမအောင်ရောနယ်ပေးပါ။ အရသာအပေါ့အငံကို မြည်းပြီး လိုတဲ့အရသာကို ကဲထည့်ပါနော်။

အဲ့ဒါဆိုရင်တော့ စားရတာ ခံတွင်းမြိန်စေပြီး လျှာသွက်စေမယ့် မန်ကျည်းသီးစိမ်းထောင်းနဲ့ သုပ်ထားတဲ့ ငါးနီတူခြောက်သုပ်လေး ရပါပြီနော်။ ဆောင်းချမ်းချမ်းလေးမှာ ရေနွေးကြမ်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။

6 comments:

  1. အစ်မရေ...အစောကြီးလာစားသွားတယ်.. :)

    ReplyDelete
  2. အမလုလုရေ
    ညီမလည်း လာစားသွားတယ်နော်
    မန်ကျည်းသီးစိမ်းနဲ့ သုပ်စားတာ တစ်ခါမှ မစားဖူးသေးဘူး
    စားချင်တယ်
    ခင်ကြည်ပြာ

    ReplyDelete
  3. ဒီအသုပ်လေးကို ထမင်းဖြူလေးနဲ့ပဲ စားလိုက်ရရင် အရမ်းမြိန်မှာပဲ အမရေ။ ပုံလေးကြည့်ရုံနဲ့ အရမ်းကို စားချင်လာတယ်။

    ReplyDelete
  4. သွားရည်ယိုစရာကြီး။ ဒီမှာတော့ ငါးနီတူလဲ မရ၊ ငါးမဲတူလဲ မရ၊ မန်းကျည်းသီးစိမ်း နုနုလေးတွေကတော့ ဝေလာဝေးးး။ :(

    ReplyDelete
  5. Fan ရေ့  အစောကြီးလာစားတော့ များများစားရတာပေါ့နော်။ ကျေးဇူးတင်တယ်နော်။
    ညီမခင်ကြည်ပြာရေ့  လာလည်သွားတဲ့အတွက် ကျေးဇူးပါ။ မန်ကျည်းသီးစိမ်းနဲ့သုပ်တာလည်း တစ်မျိုးလေးအရသာပေါ့နော်။
    ဦးနော် တီတီခင် ကလေးလေးတို့ရေ့  အများကြီးစားသွားနော်။ အလည်လာလို့ ကျေးဇူးပါနော်။
    ဂျမ်းလေးရေ့  ဟုတ်တယ် ထမင်းဖြူပူပူလေးနဲ့စား၊ ရေနွေးကြမ်းလေးသောက်၊ သိပ်ကောင်းတာပဲနော်။
    ကိုစေးထူးရေ့  ငါးနီတူဝယ်လို့ရမယ်ထင်ပါတယ်။ မန်ကျည်သီးစိမ်းမရှိရင်လည်း သံပုရာရည်၊ ရှောက်ရည်လေးနဲ့ သုပ်စားနော်။ အလည်လာလို့ ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete