Thursday, December 18, 2008
ကန်ဇွန်းဥဆနွင်းမကင်း
ချစ်မောင်နှမများအားလုံး မင်္ဂလာပါနော်။ ပြီးတဲ့ခဲ့ တနင်္ဂနွေပိတ်ရက်တုန်းက အိမ်မှာ လုပ်စားဖြစ်ခဲ့တဲ့ ကန်စွန်းဥဆနွင်းမကင်းလုပ်နည်းလေးကို မျှဝေပေးပါမယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ကန်စွန်းဥ တစ်ပိဿာ၊ ဂျုံမှုန့် (၂၀) ကျပ်သား၊ သကြား (၂၅) ကျပ်သား၊ အုန်းသီး (၂) လုံး၊ ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ ကြက်ဥ (၆) လုံး၊ ဘိန်းစေ့ (၂.၅) ကျပ်သား၊ ဆီ (၁၅) ကျပ်သားနဲ့ ထောပတ် (၂၅) ကျပ်သားတို့ပါနော်။
ပထဦးဆုံး ကန်ဇွန်းဥတွေကို သေသေချာချာ အခွံနွင်၊ ရေဆေးပြီးတော့ ရေခမ်း နူးအောင်ပြုတ်ပေးပါ။ (ကန်ဇွန်းဥကတော့ ကျွန်မ၀ယ်လို့ရခဲ့တာက ငချိပ်မျိုးပါ၊ ရွှေဝါကန်စွန်းဆိုရင် ပိုပြီး နူးညံ့ပါတယ်)။ ကန်ဇွန်းဥ ပြုတ်ထားချိန်မှာ အုန်းသီးနှစ်လုံးကို ခြစ်ပြီးတော့ အုန်းသီးဖတ်တွေကို ရေနွေးလေးနဲ့ရောနယ်ပြီး ဦးရေကို သီးသန့်ဖယ်ပေးထားပါ။ ပြီးတော့မှ ကျန်တဲ့အုန်းသီးဖတ်တွေကို ရေနွေးလက်ဖက်ရည်ပန်းကန်လုံး (၂) လုံးလောက်နဲ့နယ်ပေးထားပါ။ ကြက်ဥ (၆)လုံးကိုလည်း ခြောက်သွေ့နေတဲ့ပန်းကန်လုံးထဲ ထည့်ပြီး ညက်အောင် ခေါက်ပေးထားပါ။ ကျန်တဲ့ပစ္စည်းတွေအားလုံးကိုလည်း အသင့်ပြင်ထားပေးပါနော်။
ကန်ဇွန်းဥပြုတ်နူးပြီဆိုရင်တော့ အအေးခံပြီး ကန်ဇွန်းဥတွေကို ချေပြီးတော့ စေးပိုင်နေအောင် နယ်ပေးပါ။ ပြီးတော့ လင်ပန်းကြီးကြီးတစ်ချပ်ယူပြီး နယ်ထားတဲ့ ကန်ဇွန်းဥရယ်၊ ဂျုံမှုန့်ရယ်၊ သကြားရယ်၊ ဆားရယ်၊ ဆိုဒါရယ်၊ အုန်းသီးဖတ်နဲ့ အုန်းရည်တွေရယ်၊ ကြက်ဥတွေရယ်ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ အဲ့ဒီလို မုန့်နယ်တဲ့အခါ တစ်နာရီလောက် အချိန်ယူရပါတယ်။ မုန့်တွေစေးပိုင်နေအောင် နယ်ရတာမို့လေ။ အဲ့ဒီလို နယ်ရင်းနဲ့ပဲ ဆီနဲ့ ထောပတ်တို့ကို နည်းနည်းချင်းစီထည့်ပြီး နယ်သွားပေးပါ။ မုန့်အားလုံးနယ်ပြီးရင်တော့ မုန့်ဖုတ်မယ့်အိုးအတွင်းသားအားလုံးကို ထောပတ်ဆီနဲ့ နှံ့အောင် သုပ်ပြီးမှ နယ်ထားတဲ့ မုန့်တွေကို ညီညာပြန့်ပြူးအောင်ရော၊ လေခိုတာတွေ မရှိအောင်ရော ဖိပြီးထည့်ပေးပါ။ (မုန့်ထည့်ပြီးတဲ့အခါမှာ မုန့်သားရဲ့အပေါ်မှာ အနည်းဆုံး လက်နှစ်လုံးလောက်တော့ အိုးနေရာ ချန်ပေးထားပါ၊ ဒါမှ မုန့်ဖုတ်တဲ့အခါ မုန့်သားပွလာဖို့ နေရာကျန်မှာပါ။) ပြီးတော့မှ အပေါ်ကနေ အုန်းနို့ဦးရေကို ညီညီညာညာဆမ်းပေးပြီး မီးသွေးမီးဖိုမှာ အောက်မီးနည်းနည်း၊ အပေါ်မီးများများနဲ့ဖုတ်ပေးပါ။ မုန့်အိုးတည်ပြီး နာရီဝက်လောက်နေရင် မုန့်အိုးကို ဖွင့်ပြီး ဘိန်းစေ့လေးတွေဖြူး ပေးပါ။ ပြီးတော့မှ နောက်ထပ် နာရီဝက်လောက်ကြာအောင် ထပ်ဖုတ်ပေးပါ။ မုန့်ဖုတ်တဲ့အချိန်မှာ ထွက်လာတဲ့ မွှေးအီနေတဲ့ အနံ့လေးက စားချင်စိတ်ကို နှိုးဆွပေးနေသလိုပဲ။ မုန့်ကျက်မကျက်သိချင်ရင် မုန့်အိုးထဲကို ဓားဦးချွန်လေးနဲ့ ထိုးကြည့်ပါ။ ဓားဦးချွန်မှာ မုန့်လေးတွေ ကပ်နေသေးရင် မုန့်အကျက်လိုနေသေးပြီး မုန့်သားတွေ မကပ်တော့ဘူးဆိုရင်တော့ မုန့်ကျက်ပါပြီနော်။
ရလာတဲ့ မုန့်ကိုမှ အအေးခံပြီးတော့မှ လိုချင်တဲ့ပုံစံလေးတွေ လှီးစားရုံးပါပဲနော်။ ချစ်ညီမလေး piggy htet နဲ့ အခြားသော မောင်နှမများအားလုံးလည်း ဒီတစ်ခါတော့ ကန်ဇွန်းဥ ဆနွင်းမကင်းလေး လုပ်စားကြည့်ပါဦး နော်။
(အိမ်မှာ မုန့်ဖုတ်တဲ့နေ့က မုန့်အိုးက ကြပ်သွားလို့ မုန့်ဖုတ်တဲ့အချိန်မှာ အဆီတွေက အပြင်ကို လျှံကျလာတယ်။ ဘိန်းစေ့တွေပါ ပါကုန်ရော၊ နည်းနည်းလည်း တူးတဲ့နေရာက တူးသွားတယ်၊ အဲ့ဒါကြောင့်မို့ ပုံထဲမှာ နေရာစုံက မုန့်သားကို လှီးထည့်ပြထားတာ :D)
(ကျွန်မယောင်းမကတော့ ကျွန်မကို ပြောနေပြီ့  အလုပ်ထွက်ပြီး ထမင်းဆိုင်ဖွင့်ရင်ဖွင့်၊ ဒါမှမဟုတ် မုန့်ဆိုင်ဖွင့် ပါလားတဲ့။ အလုပ်ဖွင့်ရက်ရော ပိတ်ရက်ရော တစ်မျိုးပြီးတစ်မျိုးလုပ်စားနေလို့တဲ့။ အဲ့ဒီလို အားပေးတာ :D)
4 comments:
  1. မမလုလုရေ
    ကန်စွန်းဥ ဆနွင်းမကင်းအတွက် ကျေးဇူးပါ။
    စားလို့ကောင်းပေမယ့် အလုပ်တော်တော်မ်များမယ့်ပုံပဲ။ လက်ဝင်မယ်ထင်တယ်။
    ချက်ပြုတ်နည်းတွေကို အမြဲ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ
    မမလုလုနဲ့ ၀ိုင်းတော်သားများအားလုံး ထပ်ချက်နိုင်ကြပါစေ။
    ညီမ ခင်ကြည်ပြာ
    ReplyDelete
  2. ညီမလေးခင်ကြည်ပြာရေ
    အားပေးတဲ့အတွက် ကျေးဇူးပါ။
    အဲ့ဒီမုန့်လုပ်တဲ့နေ့က တစ်အိမ်လုံး ဘယ်သူမှ မနေရဘူး။
    ဟင်းချက်နည်းတွေကိုလည်း အိမ်မှာချက်စားတိုင်း တင်ပေးပါမယ်နော်။
    အမြဲအားပေးတဲ့အတွက် ကျေးဇူးပါ ညီမလေး
    ReplyDelete
  3. Ma Lu Lu,
    Thank you very much for all the recipes. Your blog is very helpful for me as a housewife who does not good at cooking. Only one more request if possible. Pls let me know where I can find the conversion table from vice to g or lb. Thanks again.
    Phuu Pwint Han
    ReplyDelete
  4. * is not good at cooking :)
    ReplyDelete