Friday, December 12, 2008
ကျောက်ပွင့်သုပ် + ဗူးသီးဟင်းခါး + ချောကလက်ကျောက်ကျော
အားလုံးသော မောင်နှမများ မင်္ဂလာပါနော်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေထဲ အအေးပိုင်းမှာ နေကြတဲ့ မောင်နှမတွေ၊ နေမကောင်းဖြစ်ပြီး နာလန်ထခါကာစ မောင်နှမများ ခံတွင်းမလိုက်သေးဘူး ဖြစ်နေတာ ကို လျှာကျွမ်းပြန် ဖြစ်စေဖို့ အတွက် ကျောက်ပွင့်သုပ်နဲ့ ဗူးသီးဟင်းခါးတို့ လုပ်ကျွေးပါမယ်နော်။
ကျောက်ပွင့်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျောက်ပွင့်အဖြူ (ရေခဲမှို)၊ ပုစွန်သေးသေး လေးတွေ (ဂွေးလေးပုစွန်လို့လည်း ခေါ်တယ်)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မျှင်ငါးပိ၊ ငရုပ်သီးစိမ်း၊ ရှောက်သီး၊ ဆီချက်၊ ငံပြာရည်၊ ပဲမှုန့်နဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။ ကျောက်ပွင့်ကို ရေနွေးနဲ့ စိမ်ပေးပါ။ ကျွန်မကတော့ မီးဖိုပေါ်တင်ပြီးတော့ ပွက်ပွက်ဆူလိုက်ပြီးမှ ရေအေးနဲ့ပြန်ဆေးပြီး ဇကာထဲ ထည့်စစ်ထားပါတယ်။ ဂွေးလေးပုစွန်ဆိုတော့ နှုတ်ခမ်းမွှေးလည်း မရှိသေးဘူး၊ တကယ့်ပုစွန်ပေါက်စလေးတွေ၊ အဲ့ဒီပုစွန်လေးတွေကို ရေစင်အောင်ဆေး၊ ဇကာလေးနဲ့ စစ်ပြီးတော့မှ ဆားလေး နဲ့ နယ်ပါတယ်။ ပြီးတော့မှ မီးဖိုပေါ် ဒယ်အိုးတင်ပြီး မီးအသင့်အတင့်နဲ့ ပုစွန်လေးတွေကို လှော်ပါတယ်။ ပုစွန်လေးတွေက ကျက်လာပြီဆိုရင် ပန်းရောင်လေးတွေ ပြောင်းသွားတာ၊ အနံ့လေးကလည်း အရမ်းမွှေးတာပဲ။ ပုစွန်လှော်ရပြီဆိုရင် တစ်လက်စတည်း မျှင်ငါးပိလေးကို ယောက်မမှာ ကပ်ပြီး မီးကင်ပေးပါ နော်။ ပြီးတော့မှ ငရုတ်ဆုံကို ယူပြီး ပုစွန်လေးတွေ ထည့်ထောင်းပါ။ ပုစွန်ညက်ပြီဆိုရင် သပ်သပ်ဖယ်ထားပြီးတော့ ကင်ထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးတို့ကို ထည့်ပြီး ထောင်းပါနော်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတို့ကိုလည်း သီတံလေး တွေမှာ စီပြီးတော့ ကင်ပေးပါ။ ဆီချက်ကတော့ အသင့်ရှိပြီးသားမို့ မကြော်တော့ဘူးနော်။ ကြက်သွန်နီတွေကို လည်း အခွံနွှာ၊ ထက်ခြမ်းခြမ်း၊ ပါးပါးလှီးပြီး ရေထဲ နယ်ဆေးပြီး ရေစစ် ပေးထားပါနော်။ ကျောက်ပွင့်လေးတွေကို လည်း အရွယ်တော်လေးတွေဖြစ်အောင် ဖဲ့ယူ၊ ရှောက်သီးလေးတွေကို လည်း အခွံနွှာပြီး အသားလေးတွေ ဖဲ့ယူပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးယူ၊ ကျောက်ပွင့်ထည့်၊ ကြက်သွန်နီထည့်၊ ရှောက်သီး လေးတွေ ခြေထည့်၊ ထောင်းထားတဲ့ ပုစွန်၊ ကြက်သွန်ဖြူငရုတ်သီးထောင်းထည့်၊ ငံပြာရည်၊ ငါးပိ၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ ဆီချက်တို့ထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ပြီးရင် အပေါ့အငံအရသာကို မြည်းပြီး လိုတဲ့ အရသာထပ်ဖြည့်ပေးပါ။ စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင်တော့ ပန်းကန်တစ်ချပ်ထဲ ထည့်၊ အပေါ်ကနေ ကြက်သွန်ကြော်တွေထည့်၊ အသင့်လည်းရှိတယ်၊ ကြိုက်လည်း ကြိုက်တတ်တယ်ဆိုရင် နံနံပင်လေးထည့်၊ အဲ့ဒါဆိုရင် ကျောက်ပွင့်သုပ်လေးရပါပြီနော်။
ကျောက်ပွင့်သုပ်လေးနဲ့ တွဲစားဖို့ ဗူးသီးဟင်းခါးလေး ချက်ပေးဦးမယ်နော်။ ဗူးသီးဟင်းခါးကို ဒီတစ်ခါတော့ ငါးခူမီးကင်လေးနဲ့ ချက်ကျွေးမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဗူးသီး၊ ငါးခူ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊ ငံပြာရည်နဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
ငါးခူကို အကျိအချွဲတွေ ပြောင်နေအောင် မန်ကျည်းသီးနဲ့ တိုက်ဆေးပြီး ဗိုက်ဖောက် အထဲက ကလီစာ တွေထုတ်ပစ်ပါတယ်။ ပြီးတော့ ငါးကို ဓားလေးနဲ့ နည်းနည်း မွှန်းလိုက်ပြီး သီတံလေးမှာ ငါးကို ထည့်ပြီး မီးသွေးမီးဖိုမှာ မီးအသင့်အတင့်နဲ့ ကင်ပါတယ်။ အကျက်ညီအောင် ဟိုဘက်ဒီဘက်လှည့်ပြီး စိတ်ရှည်လက်ရှည် ကင်ပေးပါနော်။ ငါးကင်ရပြီဆိုရင်တော့ ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး အအေးခံထားပေးပါနော်။ ဗူးသီးကိုအခွံနွှာ၊ ရေဆေးပြီး အစိပ်လေးတွေ စိပ်ပေးပါနော်။ ကြက်သွန်ဖြူကိုလည်း အခွံနွှာထားပေးပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းစေ့တို့ကို မညက်တညက်လေး ထောင်းပေးပါ။
အားလုံးအသင့်ဖြစ်တဲ့အခါ မီးဖိုပေါ် အိုးတစ်လုံးတင်၊ ရေအသင့်အတင့်ထည့်၊ ငါးကင်လေးကို အသားလေးတွေ ထွင်ထည့်၊ ဆား၊ ငံပြာရည်နဲ့ ဟင်းခတ်မှုန့်နည်းနည်းထည့်ပြီး ဟင်းရည် အရင်တည်ပေးပါ။ ငါးကင်နဲ့ ချက်တာမို့ ဟင်းရည်ဆူလာတဲ့အခါ အနံ့အရမ်းမွှေးပါတယ်။ ဟင်းရည်ဆူတာနဲ့ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း ခပ်လိုက်ပြီး ဆူအောင် ထပ်တည်ပေးပါ။ နောက်တစ်ခေါက် ဟင်းအိုးဆူတာနဲ့ ဗူးသီးစိပ်လေးတွေ ကို ထည့်ပေးပြီး ဟင်းအိုးဆူအောင် တည်ပေးပါ။ ဟင်းအိုးလည်းပွက်၊ ဗူးသီးလည်း နူးပြီဆိုရင်တော့ အပေါ့အငံ အရသာကို မြည်းပြီး လိုတဲ့အရသာ ထပ်ဖြည့်ပါ။ အဲ့ဒါဆိုရင်တော့ ဗူးသီးဟင်းခါး ပူပူမွှေးမွှေးလေး ရပါပြီနော်။
တကယ်ချက်စားတဲ့အခါကျရင် ဟင်းခါးအိုးထဲ ဗူးသီးခပ်ခါနီးအချိန်ကျမှ အသုပ်သုပ်ပါနော်။ ဟင်းခါးလည်း ကျက်ပြီ၊ အသုပ်လည်း အသင့်ဖြစ်ပြီဆိုရင်တော့ ထမင်းဖြူပူပူလေးရယ်၊ ကျောက်ပွင့်သုပ်လေးရယ်၊ ဗူးသီးဟင်းခါး ပူပူလေးရယ်နဲ့ တွဲဖက်သုံးဆောင်လို့ ရပါပြီနော်။ ပြီးရင်တော့ အချိုပွဲလေးအဖြစ်နဲ့ ချောကလက် ကျောက်ကျောလေး အားပေးသွားကြဦးနော်။
နာလန်ထ မောင်နှမများအတွက်လည်း ခံတွင်းလိုက်ဖို့ နှိုးလိုက်သလို၊ အအေးပိုင်းနိုင်ငံမှာရှိတဲ့ မောင်နှမတွေအတွက်လည်း ရာသီဥတု အေးတဲ့အခါမှာ ပူပူစပ်စပ်လေး စားလိုက်ရရင်ဖြင့် နေလို့ထိုင်လို့ကောင်းသွားရအောင်လို့ အဆင်ပြေရင် လုပ်စားကြည့်ကြဦးနော်။
5 comments:
  1. မမလုလုရေ
    ကျောက်ပွင့်သုပ်လည်း ကြိုက်တယ်။
    ဗူးသီးဟင်းခါးလေးကလည်း မွှေးနေတာပဲ
    ချောကလက်ကျောက်ကျောလေးက အစပ်ပြေလေးပေါ့
    ကြိုက်တယ်
    အားလုံး
    အဆင်ပြေရင်တော့ ချောကလက်ကျောက်ကျောလုပ်နည်းလေးရေးပေးဦးနော်
    မမလုညီမ ကစ်ကစ်
    ReplyDelete
  2. မလုလုရေ...
    စားစရာတွေက အကုန်ကြိုက်နေတာနော်.
    စားလို့မရတော့ သွာရည်ကျပြီးပြန်သွားရတာ ခဏခဏ
    ပေါ့..ရှလွတ်.ဟီးး
    ဒါနဲ့ စီဘုံးက ရေးလို့မရဘူးနော်.. ပိတ်နေတယ်.
    ခင်တဲ့
    ReplyDelete
  3. တီလုဝေး...ကျောက်ပွင့်သုတ်လေးမစားရတာကြာရောပေါ့ဗျာ...ဒီနေ့တီဝါကြီးကြော်ထားတဲ့ထမင်းကြော်နဲ့လိုက်သပ...
    ဗိုက်ဆာဆာ.ရင်နာနာနဲ့ပဲအားရပါးရစားသွားတယ်ဗျာ
    တီလုရေရှဲ့ရှဲ့.နောက်နေ့မှပဲတီလုနည်းလမ်းအတိုင်းကျောက်ပွင့်ရှာပုံ
    တော်ဖွင့်ပြီးစမ်းကြည့်မယ်ဗျ
    ReplyDelete
  4. စားချင်စဖွယ် ပြင်ဆင်ကွယ် ခြင်ယင်မနား ပူပူစား။
    ReplyDelete
  5. မမလု ရေ .
    ပါးစပ်ပျက်နေတာ မမလု ကျောက်ပွင့်သုပ် နဲ့  ဗူးသီးဟင်းခါး မြင်တော့ သွားရေ ကျသွားပြီ. အစာပိတ် ချောကလက်ကျောက်ကျောလေးများ တကယ် လွေးလိုက်ရရင်တော့ ... ဟင့် နိုချင်တွားပီ.
    ReplyDelete