Tuesday, November 11, 2008

မယ်ဇလီဖူးသုပ်


အားလုံးမင်္ဂလာပါရှင်။ ကျွန်မ ခုတလော အလုပ်များနေတာကြောင့်ရော၊ အင်တာနက် ကွန်နက်ရှင် မကောင်းတာရောကြောင့် ဘလော့ဂ်ဘက်ကို လှည့်ကို မလှည့်ဖြစ်ပါဘူး။ အခုမှ ကော်နက်ရှင်လေး တစ်ချက်ရတုန်း ကျော်ခွပြီး တက်လာခဲ့တာ။ မနက်ဖြန်ဆိုရင်လည်း တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့ မောင်နှမတွေကို တန်ဆောင်မုန်းလပြည့်ည နက္ခတ်တွေစုံတဲ့အချိန်မှာ မယ်ဇလီဖူးသုပ်လေးကို စားရင် ဆေးပေါင်းခတယ်လို့ လူကြီးတွေ ပြောစကားနဲ့အညီ အချိန်မီလေး သုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။
မယ်ဇလီဖူးသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ မယ်ဇလီဖူး၊ ပုစွန်ခြောက်၊ မြေပဲ၊ နှမ်း၊ ကြက်သွန်နီ၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။


ကျွန်မအဘွားပြောတာတော့ လပြည့်နေ့ နက္ခတ်တွေစုံတဲ့အချိန်ကျမှ မယ်ဇလီဖူးကို ခူးပြီးတော့မှ သုပ်ရတယ်ပြောတယ်။ အဲ့ဒီတော့မှ ဆေးဘက်ပိုဝင်တယ်တဲ့။ မယ်ဇလီဖူးကို ခူးပြီးတဲ့အခါ သန့်စင်အောင် ရေနဲ့ ဆေးကြောပေးပါ။ ပြီးတော့မှ မီးဖိုပေါ်မှာ အိုးတစ်လုံးတင်၊ ရေတစ်ဝက်သာသာလောက်ထည့်၊ ပြီးရင် မယ်ဇလီဖူးတွေထည့်ပြီး ပြုတ်ပါ။ ပထမတစ်ရည် ပွက်ပွက်ဆူလာရင် အဲ့ဒီရေတွေကို သွန်ပစ်ပြီးတော့မှ နောက်တစ်ရေ ထပ်ထည့်ပြီး ထပ်တည်ပေးပါ။ သုံးကြိမ်မြောက်ရေလဲပြီးတဲ့အခါကျရင်တော့ မယ်ဇလီအဖူးတွေကို နူးအောင် ပြုတ်ပေးပါ။ (ခါးတာကြိုက်ရင်တော့ ၂ ကြိမ်မြောက်ရေလဲပြီးတဲ့အခါ နူးအောင်ပြုတ်လို့ရပါပြီ)။
မယ်ဇလီဖူးပြုတ်ထားတဲ့အချိန်မှာ ကြက်သွန်နီကို အခွံနွှာ၊ အလုံးလိုက်ရေဆေး၊ ထက်ခြမ်းခြမ်း ပါးပါးလှီးပေးထားပါ။ မြေပဲနဲ့ နှမ်းကို လှော်ပေးထားပါ။ မယ်ဇလီဖူးပြုတ် နူးပြီဆိုရင်တော့ ရေတွေငှဲ့ပစ်ပြီး မယ်ဇလီဖူးတွေကို ဇကာနဲ့ ရေစစ်ပေးထားပါ။
ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ကြက်သွန်နီတွေ ထည့်ပြီး မီးအသင့်အတင့်နဲ့ ကြော်ပါ။ တဖြည်းဖြည်း မွှေနေရင်းနဲ့ ကြက်သွန်လေးတွေ ရွှေဝါရောင် ပြောင်းပြီဆိုရင် မီးဖိုပေါ်ကနေ ဒယ်အိုးချပြီး ကြက်သွန်နီဖတ်လေးတွေကို အမြန်ဆယ်ယူပါ။ ဆီကိုတော့ ဒယ်အိုးထဲမှာပဲ အအေးခံလိုက်ပါနော်။
ပုစွန်ခြောက်ကို မညက်တညက်ထောင်းပါ။ ပြီးရင် မြေပဲနဲ့ နှမ်းကိုလည်း မညက်တညက်လေးတွေ ဖြစ်အောင်ထောင်းပေးပါ။ မယ်ဇလီဖူးလေးတွေကိုလည်း ငရုတ်ဆုံထဲ ထည့်ပြီး ကြေသွားအောင် နည်းနည်းထောင်းလိုက်ပါ။ (ညက်စရာမလိုပါဘူး)
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို မယ်ဇလီဖူး၊ ပုစွန်ခြောက်မှုန့်၊ မြေပဲ၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ကြက်သွန်နီဆီချက်တို့ကိုထည့်ပြီး အားလုံးသမအောင် ရောနယ်ပေးပါ။ ပြီးရင် အပေါ့အငံမြည်းပြီး လိုအပ်တဲ့အရသာထပ်ဖြည့်ပါ။ (အစပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်းလေးတွေပါ ပါးပါးလှီးထည့်ပြီး ရောသုပ်ပေးပါနော်) အဲ့ဒါဆိုရင်တော့ ဆေးပေါင်းခတဲ့ညမှာ စားသုံးနိုင်တဲ့ ခါးဆိမ့်သက် အရသာလေးနဲ့ မယ်ဇလီဖူးသုပ်လေး ရပါပြီနော်။ ရေနွေးကြမ်းလေးပဲဖြစ်ဖြစ်၊ မယ်ဇလီဟင်းခါးနဲ့ပဲဖြစ်ဖြစ် တွဲဖက်သုံးဆောင်ပါနော်။
ချစ်မောင်နှမများလည်း တန်ဆောင်မုန်းလပြည့်နေ့ည ၁၂ နာရီတိတိမှာ ပြည့်ဝန်းဝိုင်းစက်စွာ လင်းလက်နေတဲ့ လမင်းကြီးကို ကြည့်၊ မယ်ဇလီဖူးသုပ်ကို စားရင်း လိုချင်တဲ့ဆုလေးကို တောင်းလိုက်ကြဦးနော်။

2 comments:

  1. မမလုလု
    မယ်ဇလီဖူးသုပ်အတွက် ကျေးဇူးပါ။
    နောက်ထပ် ပို့စ်တွေလည်း တင်ပေးပါဦးနော်
    ခင်မင်စွာဖြင့်
    ကျေးဇူးတင်သူ

    ReplyDelete
  2. ကျေးဇူးတင်သူရေ
    အလည်လာတဲ့အတွက် ကျေးဇူးပါနော်။
    နောက်ထပ်လည်း ဟင်းတွေချက်ပြီး တင်ပေးပါမယ်နော်

    ReplyDelete