Wednesday, November 5, 2008

ဂွေးသီး ငပိချက်


ချစ်မောင်နှမများအားလုံး မင်္ဂလာပါနော်။ ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ဂွေးသီး ငပိချက်လေး ချက်ကျွေးပါဦးမယ်နော်။ ဂွေးသီးကို အင်္ဂလိပ်လို hog plum လို့ခေါ်ပါတယ်။ ဂွေးသီးနုနုလေးတွေကို ငါးပိချက် ချက်စားတတ်ကြသလို ဂွေးသီးအစိမ်းတွေကိုလည်း အချဉ်ပေါင်းလုပ်စားတတ်ကြပါတယ်။ ဂွေးသီးငပိချက် ချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့

ဂွေးသီးနုနု (၁၅) ကျပ်သား

ကြက်သွန်ဖြူ

ကြက်သွန်နီ

ငရုတ်သီးအရောင်မှုန့်

ငရုတ်သီးစိမ်း

ပုစွန်ခြောက် (၅) ကျပ်သား

ငါးပိစိမ်းစား ကွမ်းသီးလုံးခန့်

ဆား

နနွင်းမှုန့်

ငံပြာရည်

ဟင်းခတ်မှုန့်အနည်းငယ်နဲ့

ဆီတို့ပါနော်။

ဂွေးသီးကို ရေဆေးပြီး အပြင်ဘက်က အစိမ်းရောင် အခွံတွေကို နွှာပေးပါ။ ပြီးတော့မှ အဲ့ဒီအသီးကို လေးစိတ်စိတ်ပေးပါ။ ပြီးရင် ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးစိမ်းတို့ကို အခွံနွှာ ရေဆေးပေးထားပါ။

ငရုတ်ဆုံထဲကို ပုစွန်ခြောက်တွေထည့်ပြီး မညက်တညက်လေးရအောင် ထောင်းပေးပြီး ပန်းကန်လုံး တစ်လုံးထဲကို ပုစွန်ခြောက်မှုန့်လေးတွေ ထည့်ပေးထားပါ။ ပြီးရင် အခွံနွှာ၊ လေးစိတ်ထိုးထားတဲ့ ဂွေးသီးတွေကို ထည့်ပြီး ထောင်းပါ။ အညက်မြန်အောင်အတွက် ဆားအနည်းငယ်ထည့်ပြီး ထောင်းပေးပါ။ ပြီးရင် ဂွေးသီးတွေကို ဆယ်ယူထားပါ။ ပြီးရင်တော့ ကြက်သွန်ဖြူလေးအရင်ထည့်ထောင်းပါ။ ကြက်သွန်ဖြူ မညက်တညက်အချိန်ကျရင် ငရုတ်သီးအရောင်မှုန့်လေးကို ထည့်ပြီး ဆက်ထောင်းပေးပါ။ ပြီးတော့မှ ကြက်သွန်နီတွေကို ထည့်ပြီး ထောင်းပါ။ ငါးပိစိမ်းစားကိုလည်း ပန်းကန်လုံးလေးထဲ ထည့်ပြီး ရေနွေးအကြမ်းပန်းကန်တစ်လုံးလောက်ထည့်ပြီး ဖျော်ထားပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးအရင်ခပ်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ပုစွန်ခြောက်မှုန့်တွေကိုထည့်ပြီး ဆက်မွှေပါ။ ပုစွန်ခြောက်နံ့မွှေးလာပြီဆိုရင် ထောင်းထားတဲ့ ဂွေးသီးတွေကို ထည့်ပြီး အားလုံး သမအောင် မွှေပေးပါ။ ပြီးရင်တော့ ဖျော်ထားတဲ့ ငါးပိစိမ်းစားလေးတွေကိုထည့်၊ ဆား၊ ဟင်းခတ်မှုန့်လေးထည့်၊ ငံပြာရည်လေးနည်းနည်းထည့်ပြီး ဒယ်အိုးအဖုံးအုပ်ပြီး တည်ပေးထားပါနော်။ ရေခမ်းခါနီးကျရင်တော့ ဒယ်အိုးအဖုံးကိုဖွင့်ပြီး ဟင်းအားလုံးနှံ့သွားအောင် အထက်အောက်သမအောင် မွှေပေးလိုက်ပါ။ အပေါ့အငံအရသာကို မြည်းပါ။ အရသာက ကိုယ်စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ငရုတ်သီးစိမ်းတောင့်လေးတွေကို အညှာခြွေပြီးထည့်မွှေလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ထမင်းမြိန်စေမယ့် ဂွေးသီးငပိချက်ချဉ်ဖြုန်းဖြုန်းလေး ရပါပြီနော်။ တို့စရာအစုံအလင်၊ ပဲပင်ပေါက်ပဲပြားကြော်၊ ငါးမီးအုံးဗူးသီးဟင်းခါး၊ ၀က်သားနှပ်တို့နဲ့ဆိုရင် ထမင်းပိုမြိန်ပါမယ်နော်။

1 comment:

  1. အားးးးးးးးး
    စားးးးးးချင်လိုက်တာ..ရှလွတ်..ဂလု

    ReplyDelete