Friday, October 24, 2008

ကြွက်ကြော်မွှေးမွှေးလေး


အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ထူးထူးဆန်းဆန်းဟင်းလျာတစ်မျိုး ချက်ကျွေးပါမယ်နော်။ ကျွန်မရဲ့ ညီမရဲ့ သူငယ်ချင်းက ထန်းတပင်ကဆိုတော့ သူတို့လာတိုင်း လယ်ကြွက်တွေ ပါလာနေကျလေ။ သူတို့ယူလာတဲ့ လယ်ကြွက်တွေက အကုန်သန့်စင်ပြီးသား၊ အကောင်လိုက် ကားယားလေး ဖြစ်ပြီးသားကို ယူလာတာ။ သူတို့ကတော့ လယ်ကြွယ်ကို အမြီး၊ ခေါင်း၊ ခြေ၊ လက်တွေ ဖြတ်၊ အရေခွံဆုတ်ပြီး တော့ ဗိုက်ခွဲ၊ ကလီစာတွေ ထုတ်ပစ်ပြီး ဆားလေးနဲ့ နယ်ပြီး မနက်တစ်နေလှန်းပြီးတော့မှ ပို့ပေးလိုက်တာ။ အဲ့ဒါကိုမှ အမွှေးအကြိုင်အစုံနဲ့ ကြွပ်ကြွပ်စပ်စပ်လေးနေအောင် ကြော်လိုက်တာလေးကို မောင်နှမတွေကို လက်ဆင့်ကမ်းလိုက်ပါတယ်နော်။
လယ်ကြွက် (၃) ကောင် တစ်ကောင်ကို (၁၅) ကျပ်သားခန့်အလေးချိန်ရှိ
ကြက်သွန်ဖြူ (၁၀) ကျပ်သား
ကြက်သွန်နီ (၁၀) ကျပ်သား
ချင်း (၂.၅) ကျပ်သား
မာဆလာ၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးခြောက် အပုတောင့် + အရှည်တောင့်၊ ဆီတို့ပါနော်။

စစချင်း ကြွက်သားကို အတုံးခပ်လတ်လတ် ခုတ်ထစ်ပါတယ်။ ချင်းစိမ်းကို အခွံနွှာ၊ ရေဆေး၊ ခပ်ပါးပါးလှီး၊ ညက်အောင်ထောင်းပြီး အရည်ညှစ်ယူပါတယ်။ ရလာတဲ့ ချင်းစိမ်းအရည်ကိုမှ ဇလုံတစ်လုံးထဲထည့်၊ ကြွက်သားထည့်၊ ဆားထည့်၊ ဟင်းခတ်မှုန့်ထည့်၊ မဆလာ လက်ဖက်စားဇွန်း (၃) ဇွန်းလောက် ထည့်ပြီး သမအောင် နယ်ပြီး နှပ်ထားပေးပါ။

ငရုတ်သီးအခြောက်တောင့် အပုပွတောင့်ရော အရှည်တောင့် နှစ်မျိုးစလုံး(ငရုတ်အပုပွတောင့်က အရောင်လှဖို့၊ အရှည်တောင့်ကတော့ အရသာ ရှူးရှဲဖြစ်ဖို့) ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေနွေးနဲ့ ဆေးပစ်ပါ။ ပြီးတော့မှ ရေစင်အောင်ညစ်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပေးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး အခွံနွှာပြီးသား ကြက်သွန်ဖြူတစ်ဝက်ကို ငရုတ်သီးနဲ့အတူ ရောထောင်းပေးပါ။ ကြက်သွန်ဖြူ မညက်တညက် အချိန်လေးမှာ ကြက်သွန်နီကိုလည်း လေးစိတ်ထိုးပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပေးပါ။ ပြီးရင် ငရုတ်သီးတွေကို ငရုတ်ဆုံထဲကနေ ကလော်ယူထားလိုက်ပါနော်။ ကျန်တဲ့ ကြက်သွန်ဖြူတစ်ဝက်ကိုလည်း ဓားပြားလေးတစ်ချက် လောက် ရိုက်လိုက်ပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး ခပ်ပေးပါ။ ပြီးရင်တော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကို ထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပါ။ ကြက်သွန် စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ၊ ကရဝေးရွက်နဲ့ သစ်ဂျပိုးခေါက်ကို ထည့်ပြီး မွှေပါ။ တစ်လက်စတည်းဆိုသလို နယ်နှပ်ထားတဲ့ ကြွက်သားတွေကိုလည်း ထည့်ပြီး ကြော်ပါ။ အသားတွေနဲ့ ငရုတ်သီးကြက်သွန်အနှစ်တွေ အားလုံးသမအောင် မွှေပေးပြီး မီးနည်းနည်နဲ့ ဖြေးဖြေးချင်း အသားလည်း အကျက်ညီအောင်၊ ကြွပ်တာလည်း ညီအောင်၊ တူးမသွားအောင် ကြော်ပေးပါ။ ပြီးရင်တော့ မာဆလာအမွှေးရော အစပ်ပါထည့်ပြီး မွှေပေးပြီး တဖြည်းဖြည်းနဲ့ ကြွပ်လာအောင် မီးအေးအေးနဲ့ တည်ပေးပါ။ အသားကြော် ကြွပ်လာ တဲ့နဲ့အမျှ မွှေရတာ တဖြည်းဖြည်းနဲ့ သွက်လာပါလိမ့်မယ်။ ဟင်းခတ်အမွှေးအကြိုင်များများနဲ့ ကြော်ထားတာမို့ အနံ့ကလည်းမွှေးကြိုင်နေပြီး စားချင်စဖွယ်ကို ဖြစ်လာတော့တာနော်။ အရသာ အပေါ့အငံကိုလည်း မြည်းကြည့်ဦးနော်။ ကိုယ့်အကြိုက် အရသာဖြစ်ပြီ၊ အသားတွေလည်း ကြွပ်လောက်ပြီဆိုရင် တော့ မီးဖိုပေါ်ကနေ မီးပိတ်ပြီး ဟင်းအိုးချလိုက်ရုံပဲနော်။ ကြွက်သားကြော်လေးကိုတော့ ထမင်းဖြူလေးရယ်၊ ကင်ပွန်းရွက်ဟင်းဝါချက်လေးရယ်၊ ပဲနှပ်လေးရယ်နဲ့ဆို အရမ်းကိုလိုက်ဖက်ပါတယ်နော်။ ကျွန်မအစ်ကိုကတော့ ဘီယာအေးအေးလေးနဲ့ မြည်းတော့တာပေါ့။ ထန်းရည်ချိုလေးနဲ့ဆိုလည်း ကောင်းတယ်ဆိုလားပဲ။

6 comments:

  1. ထန်းရည်တစ်ကျိုက်၊ ကြွက်ကြော်တစ်ကိုက်နဲ့ အလိုက်ပဲဗျို့။
    ကျေးဇူး မလုလု

    ReplyDelete
  2. အောင်းမငီး၊ ကြွက်ကြော်တစ်ခါမှ မစားဖူးသေးဘူး အစ်မရဲ့။ အူယားလို့။

    ReplyDelete
  3. အိမ်ကြွက်၊ လယ်ကြွက်၊ ပဲခင်းကြွက်၊ အင်းကြွက်(အင်းစပ်နားနေတဲ့ကြွက်)၊ ကြွက်ဖားလောင်း စသည်ဖြင့် တွေ့ဖူးတယ်ဗျ။ အိမ်ကြွက်နဲ့ ကြွက်ဖားလောင်းကို တော့ မစားကြပါဘူး။ အကောင်ပုံသဏ္ဍန်ကလည်း မတူကြဘူးခင်ဗျ။ ပဲခင်းကြွက်ကတော့ စားလို့ အဆိမ့်ဆုံးပေါ့ခင်ဗျာ။ အကောင်က ဆူဖြိုးသကိုးဗျ။ အဆီတ၀င်းဝင်းနဲ့ ကြော်စားရင် သိပ်ကောင်းခင်ဗျ။ အင်းကြွက်တွေကတော့ လယ်ကြွက် အမျိုးအစား တွေပဲနဲ့ တူပါတယ် ဘာစိုက်ခင်းမှ မရှိတော့တဲ့အချိန်မှာ အကောင်သေးသွားတာခင်ဗျ။ မလုလုရဲ့ ကြွက်သား ဟင်းကို မြင်ရတာ ဧရာဝတီမြစ်နံဘေးက ဇာတိရွာမှာ စားခဲ့တာတကယ့်အောက်မေ့ဖွယ်ရာပဲခင်ဗျာ။

    ReplyDelete
  4. ကြွက်ကြော်ကို ကြိုက်တဲ့ အမည်မသိကိုလည်း ကျေးဇူးပါ။
    ညီမလေးပန်းနွယ်ရေ့  ကြွက်ကြော်ကို ကြည့်ပြီး အသည်းယားလား။ ဟိဟိ
    ကိုမင်းညိုရေ့  ကြွက်တွေအကြောင်း စုံစုံလင်လင်ရှင်းပြထားတဲ့အတွက် ကျေးဇူးပါနော်။ ကျွန်မလည်း စားဖူးတာလေးကိုပဲ မျှဝေရတာပါ။ ကိုမင်းညိုရဲ့ ဧရာဝတီမြစ်ကမ်းနံဘေးက ဇာတိရွာကိုလည်း သတိရသွားတယ်လား။

    ReplyDelete
  5. မလုလုရေ..
    ကြွက်ကြော်တခါမှ မစားဖူးလို့ အထူးအဆန်းဖြစ်နေတယ် ပုံကြည့်ပြီး။

    ReplyDelete