Friday, October 31, 2008

ယိုးဒယားသင်္ဘောသီးထောင်း


အားလုံးမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ယိုးဒယားသင်္ဘောသီးထောင်းလုပ်ကျွေး ပါမယ်နော်။ မှော်ဘီမှာရှိတဲ့ ကျွန်မညီမလေးက သင်္ဘောသီးစိမ်းတွေ သုပ်စားဖို့ အများကြီးထည့်ပေးလိုက်တာမို့ အိမ်မှာ သင်္ဘောသီးကို အမျိုးမျိုး သုပ်စားနေကြတာ။ အဲ့ဒီထဲက ယိုးဒယားသင်္ဘောသီးထောင်းလုပ်နည်းလေးကို မောင်နှမတွေကို မျှဝေလိုက်ပါတယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ (၅) ယောက်စာအတွက်
သင်္ဘောသီးအစိမ်း
ငရုတ်သီးအစိမ်း + အမှည့်
ငါးပိစိမ်းစား
ပုစွန်ခြောက်
မြေပဲလှော်
ပဲတောင့်ရှည်
ခရမ်းချဉ်သီး
သံပုရာသီး
ငံပြာရည်
သကြား
ဟင်းခတ်မှုန့်တို့ပါနော်။

သင်္ဘောသီးကို အခွံနွှာ၊ ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး ရေဆေးပေးပါ။ ပြီးတော့မှ သင်္ဘောခြစ်နဲ့ သဘောင်္သီးတွေကို ခြစ်ယူပါ။ ကြက်သွန်ဖြူကို အခွံနွှာ ရေဆေးပေးထားပါ။ ငရုတ်သီးတွေကို ရေဆေးပြီး အညှာခြွေပေးထားပါ။ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပေးထားပြီး ခရမ်းချဉ်သီးကို မထူမပါး လှီးပါ။ ခရမ်းချဉ်သီး အလုံးသေးပါက ထက်ခြမ်းခြမ်းထည့်နိုင်ပါတယ်။ ပဲတောင့်ရှည်ကို ၁ လက်မခွဲ အရှည်လောက်တွေရအောင် ဖြတ်ထားပေးပါ။ ငါးပိစိမ်းစားကို မီးအုံးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇောက်နက်တဲ့ ငရုတ်ဆုံထဲကို ကြက်သွန်ဖြူအရင်ထည့်ထောင်းပါ၊ ပြီးရင် ငရုတ်သီးတောင့်တွေ ထည့်ထောင်း၊ ပြီးတာနဲ့ ငါးပိစိမ်းစား၊ သကြား၊ ပုစွန်ခြောက်၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး အားလုံး သမအောင် ထောင်းပါ။ ပုစွန်ခြောက်ညက်စရာမလိုပါဘူး။ ပြီးတာနဲ့ ပဲသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ပြီး အားလုံးသမအောင် အသာလေးမွှေပေးပါ။ ပြီးရင် သကြားနဲ့ ငံပြာရည်ကိုထည့်၊ ခြစ်ထားတဲ့ သင်္ဘောသီးတွေကို ထည့်ပြီး တစ်ဘက်က တူလေးဆွပေး၊ လက်တစ်ဘက် ငရုတ်ကျည်ပွေ့နဲ့ အသာအယာလှည့်ထောင်းပေးပါ။ ပြီးရင် ညှစ်ထားတဲ့ သံပုရာရည်ကိုပါ ဆမ်းထည့်ပြီး အားလုံး သမအောင် ထောင်း၊ အရသာ အပေါ့အငံကိုမြည်းပြီး လိုတဲ့အရသာကို ကဲထည့်၊ ပြီးရင် မြေပဲထောင်းလေးကိုပါ ထည့်ပြီး မွှေပေးပါ။ စိတ်ကြိုက်အရသာတွေ့ပြီဆိုရင် တော့ ချိုချဉ်ငံစပ်အရသာလေးနဲ့ ယိုးဒယား သင်္ဘောသီးထောင်းလေး ရပါပြီနော်။
တွဲဖက်စားသုံးတာလေးကတော့ ကောက်ညှင်းကင်၊ ကြက်ကြော်တို့နဲ့ သုံးဆောင်ပါနော်။

7 comments:

  1. မမလုရေ့ 
    သင်္ဘောသီးထောင်း အရမ်းကြိုက်တယ်။
    ကောက်ညှင်းကင်လည်း ကြိုက်တယ်။
    ကောက်ညှင်းကင်လုပ်နည်းလေးပါ ရေးပေးဦး

    ReplyDelete
  2. ယိုးဒယားသင်္ဘောသီးထောင်း အရမ်းကြိုက်တာ။ ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်နော်။ သင်္ဘောသီးရှိတဲ့ အချိန်ကြရင် လုပ်စားကြည့်လိုက်အုန်းမယ်။ :P :P

    ReplyDelete
  3. ကောက်ညှင်းကင်တဲ့ စိတ်ဝင်စားသွားပြန်ပြီ
    ဘယ်လိုလဲ မသိဘူး

    ReplyDelete
  4. ညီမလေးတို့ရေ့
    သင်္ဘောသီးထောင်း ကြိုက်တယ်ဆိုလို့ ကျေးဇူးနော်။ မမလည်း သိပ်ကြိုက်တယ်။ ညီမလေး megumi ရေ ဂျပန်မှာ သင်္ဘောသီးရှားတယ်နော်။ အိုကီနာဝါက ရတဲ့အခါ သုပ်စားပေါ့နော်။
    ညီမလေးမုဒိတာရေ့  သင်္ဘောသီးသုပ်အတွက်လည်း ကျေးဇူး။ ကောက်ညှင်းကင်လုပ်နည်းလေးလည်း တင်ပေးထားတယ်နော်။

    ReplyDelete
  5. မလုလုရေ-
    ယိုးဒယားမတွေသုပ်တာ ငပိစိမ်းစားထည့်တာ မတွေ့ မိဘူး၊
    တချို့ က ကဏန်းပေါက်စ (ဆားရည်စိမ်လို့ ထင်တယ်) ထည့်တယ်၊

    ReplyDelete
  6. ရွှေခိုင်ရေ့ 
    ဂဏန်းဆားရည်စိမ်ထည့်သုပ်တာက လာအိုဘက်ကသူငယ်ချင်းတွေ သုပ်ကျွေးတာ စားဖူးတယ်။ မမလုသူငယ်ချင်းမလေး (ထိုင်းမလေး) သုပ်တဲ့အထဲတော့ ငါးပိစိမ်းစားထည့်သုပ်တယ်။ ကွဲလွဲနိုင်ပါတယ်၊ ကြိုက်တဲ့အပေါ်မူတည်ပြီးတော့လေ။

    ReplyDelete
  7. အစ်မတို့ ရေ..
    ကိုယ်သိချင်တဲ့ မုန့် လုပ်နည်းလေးတွေကို တစ်စုတစ်စည်းတည်းတွေ့ ရတဲ့
    ဒီဝဘ်ဆိုက်လေးဖြစ်မြောက်အောင် လုပ်ပေးထားတဲ့သူအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်...
    မုန့် လုပ်နည်းလေးတွေကို အသိမိတ်ဆွေကို ပြန်လည်ဝေမျှပေးဖို့ အတွက် လည်း ကူးသွားပါတယ်...

    ReplyDelete