Monday, October 27, 2008

ချင်းသုပ်


ချစ်မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ချင်းသုပ်လေး သုပ်ကျွေးပါဦးမယ်နော်။ ချင်းသုပ်သုပ်ဖို့ စလာတာကတော့ ကျွန်မရဲ့ ရုံးက သူငယ်ချင်းတစ်ယောက်ကနေ စခဲ့တာပါပဲ။ သူက ချင်းသုပ်သုပ်စားရအောင်ဆိုတော့ ရုံးက ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တွေက လိုအပ်တာ လေးတွေ အိမ်ကနေ ၀ိုင်းသယ်လာခဲ့တာမို့ အဆာပလာစုံစုံနဲ့ ချင်းသုပ်လေး ဖြစ်ခဲ့ပါတယ်။
ချင်းသုပ်သုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
ခြစ်ပြီးသားချင်း
ငှက်ပျောသီးအစိမ်းအကြွပ်ကြော်
အုန်းကြော်
မြေပဲကြော်
ပဲဆံကြော်
နှမ်း
ခရမ်းချဉ်သီး
သံပုရာသီး
ဆား
အချိုမှုန့်
ပုစွန်ခြောက်
ပဲမှုန့်အကျက်မှုန့်
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
ပဲဆီတို့ပါနော်။ ဆီတို့ပါနော်။


ခြစ်ပြီးသားချင်းကို ရေနွေးနွေးလေးထည့်ထားတဲ့ ဇလုံထဲ ထည့်လိုက်ပါတယ်။ ပြီးတော့မှ ချင်းဖတ်တွေ ကို ဆယ်ယူပြီးတော့ အရည်တွေ ညှစ်ပစ်လိုက်ပါတယ်။ ချင်းထဲက အပူအရှိန်းဓာတ် နည်းနည်း သက်သာသွား ရအောင်နဲ့ စိမ်းနံ့နံတာလေး သက်သာသွားရအောင်ပါ။ ရလာတဲ့ ချင်းဖတ်ကိုမှ ဆား၊ အချိုမှုန့်၊ သံပုရာရည် (သို့) ရှောက်ရည်တို့နဲ့ သမအောင် နယ်ပြီး နှပ်ထားပါတယ်။ ခရမ်းချဉ်သီးကို ရေဆေး၊ ထက်ခြမ်းခြမ်းပြီး ခပ်ပါးပါးလှီးပါတယ်။ ကျန်တဲ့အကြော်စုံတွေက တော့ ဈေးထဲမှာ အလွယ်တကူဝယ်လို့ရပါတယ်နော်။ အားလုံးအသင့်ဖြစ်ပြီ၊ စားခါနီးပြီဆိုမှ နှပ်ထားတဲ့ ချင်းထဲကို ပုစွန်ခြောက်ကို မညက်တညက်လေးထောင်းပြီး ထည့်ပေးပါ။ ပြီးရင် ပဲမှုန့်အကျက်ကို ထည့်၊ ပဲဆီထည့်ပြီး အားလုံး သမအောင် ရောမွှေပေးပါ။
ပြီးတော့မှ ပန်းကန်ပြားတစ်ချပ်ယူ၊ အလယ်မှာ နှပ်ထားတဲ့ချင်းကို ပုံ၊ ဘေးနားကနေ ငှက်ပျောကြော်၊ အုန်းကြော်၊ မြေပဲကြော်၊ ခရမ်းချဉ်သီး၊ အကြော်စုံ၊ နှမ်း၊ ကြက်သွန်ဖြူတို့တစ်ပုံစီပုံပြီး ပြင်ပေးပါနော်။ အားလုံးကို ရောနယ်စားတာ မကြိုက်ဘူးဆိုရင်တော့ အခုလို တစ်ပုံချင်း ပုံထားတဲ့အထဲက ကိုယ်ကြိုက်သလို ယူစားပေါ့နော်။ ဒါမှမဟုတ် နယ်လိုက်တာကို ကြိုက်တတ်ရင်တော့ အားလုံးကို ရောသမမွှေ၊ လိုတဲ့အရသာကို စိတ်ကြိုက်စပ်ယူ နော်။ ကြိုက်တတ်ရင် ကန်စွန်းဥအစိမ်းကိုလည်း အခွံနွှာ၊ ရေဆေး၊ ပါးပါးလှီးပြီး ကြွပ်နေအောင်ကြော်ပြီး ထည့်သုပ်ကြည့်နော်။ အရသာတစ်မျိုး ပိုထူးပြီး စားလို့ကောင်းပါတယ်နော်။ ချင်းသုပ်လေးကို ရေနွေးကြမ်း ပူပူလေးနဲ့ တွဲဖက်ပြီး သုံးဆောင်ပါနော်။

5 comments:

  1. အမလုလုနဲ့ဝိုင်းတော်သားများသို့
    ဒီဘလော့ဂ်လေးလုပ်ပေးထားလို့ ကျေးဇူးတင်ပါတယ်။
    မြန်မာအစားအစာတွေကို တကူးတက တင်ပေးထားလို့လည်း ကျေးဇူးတင်ပါတယ်
    ချင်းသုပ်း၊ လက်ဘက်သုပ်အပြင် မြင်းခွာရွက်သုပ်၊ ကန်ဇွန်းဥသုပ် စတာတွေကိုလည်း တင်ပေးပါဦးး
    ကျေးဇူးတင်စွာဖြင့်
    မြန်မာအစားအစာကြိုက်နှစ်သက်သူ

    ReplyDelete
  2. မလုလု
    ချင်းသုပ်အတွက် ကျေးဇူးပါခင်ဗျာ။
    ညီမလေး

    ReplyDelete
  3. မြန်မာအစားအစာကြိုက်နှစ်သက်သူရေ့ 
    အလည်လာတဲ့အတွက် ကျေးဇူးပါနော်။ မြန်မာ့ရိုးရာအသုပ်တွေကိုလည်း အလျဉ်းသင့်သလို တင်ပေးသွားမှာပါနော်။
    ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. ဂျင်းသုပ် စားသွားတယ်နော်။
    ကြက်သားကာလသမီးချက်ကတော့ မှတ်သားလောက်ပါ့ဗျာ။

    ReplyDelete
  5. ဖုန်းဖုန်း​တွေကိုဂျင်းသုပ်ကပ်မယ်ဆိုရင် ဘယ်လိုသုပ်ရမှာလည်းဟင်

    ReplyDelete