Sunday, October 19, 2008

ငါးနီတူခြောက် ငပိချက်


အားလုံးမင်္ဂလာပါရှင်။ ငါးနီတူခြောက်ကို ကြော်စား၊ လှော်ပြီး သုပ်စားတတ်သလို ငါးပိချက်လည်း ချက်စားတတ်ကြပါတယ်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို ငါးနီတူခြောက် ခရမ်းချဉ်သီးလေးနဲ့ ငပိချက်လေး ချက်ကျွေးပါရ စေနော်။
ငါးနီတူခြောက်ငငပိချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြပါမယ်နော်။
ငါးနီတူခြောက်
ခရမ်းချဉ်သီး၊
ကြက်သွန်ဖြူ၊
ကြက်သွန်နီ၊
ငရုတ်သီးအရောင်မှုန့်၊
ငရုတ်သီးစိမ်း၊
ငါးပိစိမ်းစား၊
ဆီ၊
ဆား၊
နနွင်းမှုန့်၊
အချိုမှုန့်အနည်းငယ်တို့ပါနော်။





ငါးနီတူခြောက်ကို ခေါင်းနဲ့ ဗိုက်သားနေရာကို ဖယ်ရှားပစ်၊ ရေနဲ့ သန့်စင်အောင်ဆေးပြီး ရေစစ်ပေး ထားပါနော်။ ပြီးရင် ငရုတ်သီးအရောင်မှုန့်နည်းနည်းကို ရေနဲ့ဖျော်၊ ပြီးတော့ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ၊ ရေဆေးပြီး ငရုတ်သီးနဲ့ ရောထောင်းပေးထားပါနော်။ ပြီးရင်တော့ ခရမ်းချဉ်သီးတွေကို ရေဆေး၊ ထက်ခြမ်းခွဲ၊ အစေ့ထုတ်ပြီး ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးထား၊ ငရုတ်သီးစိမ်းကိုလည်း ရေဆေး၊ အညှာခြွေပြီး သေးသေးလေးတွေရအောင် ညှပ်ပေးထားပါ။
အားလုံး အသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာတဲ့အခါ ခရမ်းချဉ်သီးထည့်၊ တစ်လက်စတည်း ဆား၊ အချိုမှုန့်အနည်းငယ်နဲ့ ငါးပိစိမ်းစားကွမ်းသီးလုံးလောက်ထည့်ပြီး ဆီသတ်ပေးပါနော်။ ခရမ်းချဉ်သီးထဲက အရည်တွေနဲ့ ခရမ်းချဉ်သီးကြေတဲ့အထိ တည်ပေးပါ။ ခရမ်းချဉ်သီးကြေပြီဆိုရင် ငါးနီတူ ခြောက်တွေထည့်ပြီး အားလုံးနှံ့အောင်မွှေ၊ ပြီးတော့မှ ရေ လက်ဖက်ရည် ပန်းကန်လုံးတစ်လုံးလောက် ထည့်ပြီး ဟင်းအိုးနှံ့အောင် မွှေ၊ အဖုံးအုပ်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးပွက်ပွက်ဆူလာရင် ဆီကျန်ရေကျန်လေး ဖြစ်နေတဲ့အချိန်မှာ ဟင်းအိုးအပေါ့အငံမြည်း၊ လိုအပ်တဲ့ အရသာထပ်ဖြည့်ပြီးတော့ ငရုတ်သီးစိမ်းလေးတွေအုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲ။ အဆင်သင့်လည်းရှိ၊ ကြိုက်လည်း ကြိုက်တတ်မယ် ဆိုရင်တော့ နံနံပင်၊ ဒါမှမဟုတ် ရှမ်းနံနံလေးပါ အုပ်လိုက်ဦးနော်။ အဲ့ဒါဆိုရင်တော့ ငါးနီတူ ခရမ်းချဉ် သီးချက် လေး ရပါပြီနော်။ ပဲနီလေးကြာဇံဟင်းလေးရယ်၊ ကြောင်လျှာသီး ချဉ်ဖတ်လေးရယ်၊ နဲ့ဆိုရင်တော့ အလိုက်ဖက်ဆုံးပဲပေါ့နော်။ ချစ်မောင်နှမများအားလုံးလည်း ပူလောင်လှတဲ့ နေပူပူမှာ ခံတွင်းသွက်သွားစေမယ့် ဟင်းလေးနဲ့ တ၀ကြီး အားရပါးရ လွေးလိုက်ကြပါဦးနော်။

0 comments:

Post a Comment