Saturday, September 13, 2008

ရေစိမ်မုန့်ဟင်းခါးဖတ်

စားသုံးရန်အသင့်ပြင်ဆင်ထားသော မုန့်ပွဲ
မုန့်ပွဲပြင်ရန် အသင့်ရှိနေသော မုန့်ဖတ်များ

ဆယ်ယူပြီး မုန့်ဖတ်များ ရေအေးဖြင့် ဆေးနေပုံ

မုန့်ဖတ်များ ရေနွေးအိုးထဲမှ ဆယ်ယူနေပုံ
ရေစိမ်မုန့်ဟင်းခါး မုန့်ညှစ်နေပုံ (မွန်ရိုးရာ)
ရေစိမ်မုန့်ဟင်းခါး မုန့်နှစ်ထည့်နေ့ပုံ (မွန်ရိုးရာ)

အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရေစိမ်မုန့်ဟင်းခါးဖတ်လုပ်နည်းလေး မျှဝေပါရစေနော်။ ဘလော့ဂ်ထဲမှာ ``ညီမလေး´´ က မေးထားတာမို့ ကျွန်မကိုယ်တိုင် လုပ်ထားတာ မဟုတ်သော်ငြားလည်း ငယ်ငယ်တုန်းက မော်လမြိုင်မှာနေတုန်းက တညင်းကုန်းရေတွင်းလမ်းချားမှာ မုန့်ဟင်းခါးဖတ် လုပ်တဲ့ ဆိုင်က လုပ်တဲ့နည်းလေးရယ်၊ မွန်ရိုးရာ ရေစိမ်မုန့်ဟင်းခါးဆိုင်က လုပ်နည်းလေးတွေရယ်ကို စုပေါင်းပြီး ပြောပြပါရစေနော်။
မုန့်ဖတ်လုပ်ဖို့အတွက် ဆန်က အဓိက လိုအပ်တာပါ။ ဆန်ကို တစ်ညသိပ်ရေစိမ်ပေးထားရပါမယ်။ မနက်ကျရင် ရေစစ်ပြီး မုန့်ကြိတ်ရပါတယ်။ ရလာတဲ့ မုန့်ကိုမှ ပိတ်အိတ်ထဲ လောင်းထည့်ပြီး ရေစစ်ပေးထား ရပါတယ်။ (ဆန်မှုန့်နဲ့ လုပ်မယ်ဆိုရင်တော့ ဆန်မှုန့်နဲ့ ရေကို မုန့်နှစ်အစေးပေါက်တဲ့အထိ ဖြည်းဖြည်းချင်း နယ်ပေးရပါမယ်။)


ရလာတဲ့ မုန့်နှစ်ကိုမှ မုန့်ဖတ်ဖြစ်အောင် လုပ်ရပါမယ်။ လက်ညှစ်မုန့်ဆုံထဲ မုန့်မထည့်ခင်မှာ မီးဖိုပေါ်မှာ အိုးကြီးကြီးတစ်လုံးနဲ့ ရေထည့်ပြီး ပွက်ပွက်ဆူအောင် အရင်တည်ပေးထားရပါတယ်။ ရေနွေးဆူပြီဆိုရင် အိုးအဖုံးကို အသာလေးဖွင့်ပါ။ မျက်နှာကို ရေနွေးငွေ့ လာမဟပ်အောင် သတိထားပါ။ ပြီးတော့မှ မုန့်နှစ်ကိုယူပြီး မုန့်နှစ်ညှစ်မယ့် ဆုံထဲကို ထည့်ရပါတယ်။ မုန့်ညှစ်ဆုံထဲ မုန့်နှစ်မထည့်ခင်မှာ ကိုယ်လိုချင်တဲ့ မုန့်နှစ်အမျှင်လေးတွေရအောင် အောက်ကနေ ဇကာလေးတွေ ခံရပါတယ်။ (ဥပမာ ကိုယ်လိုချင်တဲ့ မုန့်ဖတ်ဟာ အမျှင်တော်တော်လေးသေးသေးဆိုရင် ဇကာစိပ်စိပ်ကို ထည့်ရမှာဖြစ်ပါတယ်နော်။) ပြီးရင်တော့ မောင်းတံနဲ့ ဖိချလိုက်တဲ့အခါ မုန့်နှစ်လေးတွေက အမျှင်လေးတွေဖြစ်ပြီး ရေနွေးအိုးထဲကို ကျသွားပါလိမ့်မယ်။
ရေနွေးအိုးထဲကနေ မုန့်နှစ်လေးတွေကိုတော့ လက်ကိုင်တပ်ထားတဲ့ ဇကာ (မြင်သာအောင် ပြောရမယ်ဆိုရင် ၀ါးနှီးနဲ့ ယက်လုပ်ထားတဲ့ ဇကာခုံးကို လက်ကိုင်ရှည်ရှည်လေး အပေါ်ကနေ တပ်ပေးထား တော့ ရေပုံးလေးလို ဖြစ်နေပါတယ်။)နဲ့ ဆယ်ယူပေးပါ။ ဆယ်ယူလာတဲ့ မုန့်ဖတ်တွေကို ရေအေးအေးနဲ့ ဆေးပေးပါ။ မုန့်ဖတ်လေးတွေ အေးသွားတဲ့အထိ ဆေးကြောပေးပြီးတဲ့အခါကျရင်တော့ လက်ချောင်းလေးတွေနဲ့ မုန့်ဖတ်ကို ရေထဲကနေ ဆယ်ယူလိုက်ပြီး မုန့်ဖတ်ထည့်မယ့် ၀ါးနှီးခြင်းလေးထဲ တစ်ထပ်ချင်း စီပြီးထည့်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ မုန့်ပွဲအတွက် ရေစိမ်မုန့်ဖတ်အသင့်ဖြစ်ပါပြီရှင်။
(ဓာတ်ပုံတွေကို မြန်မာ့ဆန်စပါး စာအုပ်မှ ကူးယူဖော်ပြထားပါတယ်နော်။)

6 comments:

  1. ကျွန်တော် မုန့်ဟင်းခါးဖို တစ်ခု ရောက်ဖူးတယ်။ ရေစီးရေလာ မကောင်းလို့ ရေတွေက ချဉ်စော်နံနေတာ မုန့်ဟင်းခါး စားချင်စိတ် ၂ ပတ်လောက် ကုန်သွားတယ်။ နောက်တော့လည်း ပြန်စားတာပဲ။ မုန့်ဟင်းခါး မစားဘဲတော့ မနေနိုင်ပါဘူး။

    ReplyDelete
  2. ဟုတ်တယ်လေ။ တာမွေ မှာ၇ှိတဲ့ ဖို တခုကိုရောက်ဖူးတာ တကယ်ချဉ်စော်နံ ညစ်ပတ်နေတာပါဘဲ။

    သို့ သော် ဈေးထဲက ဖက်နဲ့ ထုပ်ထားတဲ့မုန့်ဖတ်တွေ က သန့် ပါတယ်။

    မုန့် ဟင်းခါး ကို မွန်းလွဲရင် မစားသင့်ပါဘူး။ ပိုက်နာ ဝမ်းသွားတတ်တယ်။

    အင်စိန်မှာတော့ ညဘက်မှာဖွင့်တဲ့ ဆိုင် ကို ဝယ်စားတာကောင်းသားဘဲ။

    ReplyDelete
  3. မန်းတလေး အိမ်မှာ တုန်းက ရက်ကွက်ထဲမှာ မုန်.တီဖို ရှီတယ် ချဉ်စော်တော.နံတယ်။ ဒါပေမယ်. မုန်.တီ၊ မုန်းဟင်းခါး မစားပဲ မနေနိုင်ပေါင်။

    ReplyDelete
  4. ကျတော်တို့ အဖိုးအဖွားတွေရှိတဲ့ ရခိုင်ဘက်မှာ အဲဒီလို မုန့်ဖက်လုပ်တာ ယနေ့တိုင်ရှိသေးတယ်. စားခါနီးမှ ချက်ချင်းညစ်ပေးတာ. အဲဒီမှာကတော့ ရခိုင်မုန်တီပေါ့

    ReplyDelete
  5. မုန့်ဟင်းခါးဖိုက ရေစီးရေလာမကောင်းရင် အနံ့အသက်က တအားဆိုးတာပဲ။
    ဒါပေမယ့် အမတို့ အကိုတို့ပြောသလိုပဲ မုန့်ဟင်းခါးဟင်းရည်နံ့ရတာနဲ့ မစားရရင် မနေနိုင်ဘူး။
    တအားကိုပဲ စားချင်လာတာ။

    ReplyDelete
  6. မော်လမြိုင် သွားလည်တုန်းက ရေစိမ်မုန့်ဟင်းခါး စားဖူးတယ်။ ချက်ချင်းလုပ် ချက်ချင်းစားမို့ထင်တယ်၊ မုန့်ဖတ်က စီးစီးပိုင်ပိုင်ဖြစ်ပြီး နွေးနွေးလေးနဲ့ စားလို့ကောင်းတယ်။

    ReplyDelete