Friday, September 12, 2008

ပြောင်းဖူးပြုတ်သုပ်

အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မ မောင်နှမတွေကို နေ့ခင်းနေ့လည်ပိုင်းမှာ ပဲဖြစ်ဖြစ်၊ ညခင်းဘက်မှာ သူငယ်ချင်းတွေ၊ မောင်နှမတွေစုံလို့ စကားလက်ဆုံကျရင်းဖြစ်ဖြစ် အဆာပြေတစ်ခုခု လုပ်စားဖို့ အလွယ်ကူဆုံး ပြောင်းဖူးသုပ်လေးကို သုပ်ကျွေးပါရစေဦးနော်။
ပြောင်းဖူးသုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ပြောင်းဖူး (သကြားပြောင်း)
ကြက်သွန်နီ
ငရုတ်သီးစိမ်း
ဆား
နှမ်းဆီအနည်းငယ်တို့ပါနော်။

ပြောင်းဖူးကို အခွံနွှာ၊ အမွှေးလေးတွေ ဖယ်ရှားပြီး အဖူးလိုက် ရေဆေးလိုက်ပါနော်။ ပြီးရင် rice cooker ထဲကို ပြောင်းဖူးတွေထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ရေကို နည်းနည်းပဲထည့်ပြီး ပြောင်းဖူးကို ရေခမ်းပြုတ်ပါ။
(ကျွန်မရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ ပြောင်းဖူးပြုတ်မလို့ ကော်ကျိုရေ့  ငါ့ကို ရေလေးထည့်ပေးပါဦးဆို ရေကို ပုံးလိုက် မ လာပြီး သွန်ထည့်မလို့တဲ့လေ၊ အိုးအပြည့် ရေကိုထည့်မလို့တဲ့။ အမလေ့း့  နင်လုပ်ခါမှ ငါ့ပြောင်းဖူးပြုတ်လည်း ပျက်တော့မယ်လို့ပြောတော့မှ အမ့ ပြောင်းဖူးပြုတ်ဖို့ ရေအပြည့်ထည့်ပြုတ်ရတာမဟုတ်ဘူးလားတဲ့။ အယ့့် နင်ကလည်းဟယ် ရေခမ်းလေးပြုတ်မှ ပိုကောင်းတာပေါ့။ ဆားလေးပါ တစ်ခါတည်း ထည့်ပြုတ်တော့ ပြောင်းဖူးအချို အရသာပေါ်တယ်လေလို့ ဆိုတော့ ဟုတ်လား အမတဲ့  ကျွန်တော် အခုမှ သိတယ်တဲ့ အေးရော :D)
ပြောင်းဖူးပြုတ်ကျက်ပြီဆိုရင်တော့ ပြောင်းဖူးတွေကို အအေးခံ၊ ကိုယ်လက်နဲ့ ခံနိုင်တဲ့ အပူဒဏ်လောက် ရောက်ပြီဆိုရင် ပြောင်းဖူးကို ထက်ပိုင်းပိုင်းပြီး ပြောင်းဖူးခြွေပေးပါ။ ခြွေလို့ရလာတဲ့ ပြောင်းဖူးတွေကို ဇလုံတစ်လုံး ထဲထည့်ပေးပါ။ ပြီးရင် ကြက်သွန်နီတွေကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးထည့်ပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ပါးပါးညှပ်ထည့်ပေးပါ။ ပြီးရင်တော့ နှမ်းဆီအနည်းငယ်ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။
အဲ့ဒါဆိုရင်တော့ ပြောင်းဖူးရဲ့အရသာ ချိုချိုလေးရယ်၊ ငရုတ်သီးစိမ်းကိုက်မိလို့ စပ်စပ်လေးရယ်၊ ကြက်သွန်နီကြောင့် ရှိန်းတိန်းတိန်း အရသာလေးရယ်၊ နှမ်းဆီမွှေးမွှေးလေးရယ်ကြောင့် အနံ့အရသာ စုံလင်လှတဲ့ ပြောင်းဖူးသုပ်လေးရသွားပါပြီနော်။ ရေနွေးကြမ်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါတယ်ရှင်။

4 comments:

  1. ဒီမှာ ပြောင်းခြံတွေ အများကြီးဘဲ။ ပြောင်းဖူးတွေပေါ်နေပြီ။

    သို့ သော် ရန်ကုန် က ပလို့ ပြောင်း လို စီးစီးလေး စားချင်နေတယ်။

    နိုင်လွန်ပြောင်း သိပ် မစီးလှဘူး။

    အနောက်နိုင်ငံမှာ နွားကျွေးတဲ့ပြောင်းတွေလဲ၇ှိတယ်။ သိပ် အသားမများဘူးပေါ့။

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. အန်တီမေရေ့ 
    လုလုလည်း ပလို့ပြောင်းကို သိပ်ကြိုက်တာပဲ။ စေးစေးလေးနဲ့ ဆိမ့်နေတာပဲနော်။
    နိုင်ငံခြားက ပြောင်းတွေလည်း ချိုမယ်ထင်တယ်နော်။ နွားကျွေးတဲ့ ပြောင်းတွေက အစေ့ထုတ်ပြောင်းလားဟင်

    ReplyDelete
  4. ထိုင်း နဲ့  ယူကေ အချိုပြောင်းsweet corn တွေက တကယ်ချိုတာ ပြောင်းဖူးပြုတ်ရင် ပြုတ်ရည်ကို ဟင်းချိုလုပ်လိုက်တယ်။ ပြောင်းဖူးစေ့ထက် ပင်စည် အရိုးတံက ချိုတာ။ သိပ်တော့ မစေးလှဘူး။

    ReplyDelete