Thursday, September 11, 2008

ငါးခရမ်းကစော့သီးအစပ်ချက်

မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ငါးရွှေကို ခရမ်းကစော့သီး၊ ငရုတ်သီးစိမ်းတို့နဲ့ အစပ်ချက်လေး ချက်ကျွေးပါရစေနော်။
ကျွန်မ ရုံးကအပြန် အိမ်ပြန်ရောက်တော့ ဇကာခုံးလေးထဲမှာ ခရမ်းကစော့သီးက အပြည့်။ အမေ့  ခရမ်းသီးတွေအများကြီး ဘာလုပ်မလို့လဲလို့မေးတော့ ´´ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ကြည့်ပြီး အဲ့ဒီဇာတ်ကား ထဲမှာ မင်းသား မင်းသမီးတွေ စပျစ်သီးခူးနေတာကို အားကျပြီး ခြံထဲက ခရမ်းကစော့ပင်က အသီးတွေကို အားရပါးရ ခူးထားတာတဲ့ ရီလိုက်ရတာ´´ နာဂစ်ဖြစ်တုန်းက ကျွန်မတို့ခြံထဲက ခရမ်းကစော့ပင်ခမျာ အရွက်အပွင့် အသီးအကုန် နာဂစ်နဲ့အတူပါသွားပြီး အပင်ကိုင်းလေးပဲ ကျန်ခဲ့တာ။ အခုကျတော့လည်း အသီးတွေရော အပွင့်တွေရော ခူးလို့ကို မနိုင်အောင် ပြန်ပြီး သီးပွင့်နေကြပြီလေ။
အိမ်ထောင်ကျသွားတဲ့ ညီမငယ်အိမ်မှာ စိုက်ထားတဲ့ မိုးမျှော်ငရုတ်ပင်ကလည်း ငရုတ်သီးတွေက တအားပဲ။ ခူးလို့ကို မနိုင်လောက်ကို ကိုင်းညွတ်သီးနေတာ။ ပိတ်ရက်တုန်းက ခူးပြီး အိမ်ကိုလာပို့ပေးထားတာ့ အစိမ်း တွေရော၊ အမှည့်တွေရော။ အမှည့်တွေကိုတော့ အခြောက်လှန်းထားတယ်။ စပ်ချက်ကတော့ ကမ်းကုန်ပဲ့
ညီမတစ်ယောက်ရဲ့ မိတ်ဆွေကလည်း ငါးရွှေတစ်ကောင် လက်ဆောင်လာပေးထားတော့ ကျွန်မလည်း ရှိတဲ့ ငါးရွှေရယ်၊ ခရမ်းကစော့သီးရယ်၊ ငရုတ်သီးစိမ်းရယ်ကို ချက်ဖို့ ပြင်လိုက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
ငါးရွှေ
ခရမ်းကစော့သီး
ကြက်သွန်ဖြူ ကြက်သွန်နီ
ချင်း
ငရုတ်သီးစိမ်း
နနွင်းမှုန့်
ဆား
ငါးပိစိမ်းစား
ဟင်းခတ်မှုန့်အနည်းငယ်
နနွင်းမှုန့်
ဆီအနည်းငယ်တို့ပါနော်။

ငါးရွှေကို ခေါင်းဖြတ်၊ ဗိုက်ခွဲ အတွင်းက ကလီစာတွေကို ထုတ်ပစ်ပြီး အကျိအချွဲတွေ ကုန်အောင် မန်ကျည်းသီးနဲ့ နယ်ဆေးပစ်ပါ။ ပြီးတော့မှ ကိုယ်လိုချင်တဲ့အရွယ်လေးတွေ ရအောင်တုံးပြီး ချင်းအရည်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့နဲ့ နယ်နှပ်ပေးထားပါ။
ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးစိမ်းနဲ့ ချင်းတို့ကို အခွံနွှာ ရေဆေးပေးထားပါ။ ခရမ်းကစော့သီးကိုလည်း ရေဆေး၊ အညှာခြွေ၊ ထက်ခြမ်းခွဲပြီး ဆားရည်လေးထဲ စိမ်ပေးထားပါနော်။ ငရုတ်ဆုံထဲမှာတော့ ဆားလေး နည်းနည်းထည့်ပြီး ငရုတ်သီးစိမ်းတွေ ထည့်ထောင်း၊ ပြီးရင် ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထည့်ပြီး ထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီလေးနည်းနည်းထည့်၊ ဆီပူလာရင် နနွင်းမှုန့် လေးခပ်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ချင်းတွေကိုထည့်ပြီး ဆီသတ်၊ (နည်းနည်းတော့ ငရုတ်သီး ညှော်မယ်နော်) ငါးပိစိမ်းစားလေးကို ရေလေးနဲ့ ဖျော်ပြီးထည့်၊ ပြီးတော့မှ နယ်ထားတဲ့ ငါးတွေကိုထည့်ပြီး အားလုံးသမအောင် မွှေပေး၊ ဒယ်အိုးအဖုံးအုပ်ပြီး ပထမတစ်ရည်ခမ်းအောင် တည်ပေးပါနော်။ ရေခမ်းပြီ ဆိုရင်တော့ ခရမ်းကစော့သီးလေးတွေကိုထည့်ပြီး နည်းနည်းလေးမွှေပြီး ရေလေး လက်ဘက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးစာလောက်ထည့်ပြီး အဖုံးအုပ်ပြီး ထပ်တည်ပေးပါနော်။ အဲ့ဒီတစ်ရည်ခမ်းသွားတဲ့ အခါမှာ ဟင်းအိုးကို အပေါ့အငံမြည်း၊ လိုတဲ့အရသာထပ်ဖြည့်၊ အရည်ဆမ်းစားချင်တယ်ဆိုရင်တော့ ရေလေးထပ်ထည့်ပြီး ဆူအောင်တည်ပေးပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ ကြိုက်တတ်ရင် အချဉ်ထည့်ပါ။
အဲ့ဒါဆိုရင်တော့ ငါးရွှေခရမ်းကစော့သီးအစပ်ချက်လေး ရပါပြီနော်။ တို့စရာအစုံအလင်လေးနဲ့သာ ဆိုရင်တော့ ပိုပြီး ထမင်းမြိန်စေတာပေါ့ရှင်။ အားလုံးအဆင်ပြေပါစေနော်။

2 comments:

  1. လုလုရေ... နိုင်ငံခြား ကအစာတွေ ဟာ အဆီအဆိမ့်များလွန်းတယ်။ အဝလွန် ကြတယ်။ လုလု ရဲ့ ဆိုဒ် ကို ဖွင့်မိရင် သားရေကျလာလို့  အသေအချာတောင်မဖတ်ရဲလှပါဘူး။ ပိုက်ထဲက အက်ဆစ်တွေထွက်လာမှာမို့ ပါ။ မြန်မာ ထမင်းတွေချက်စားလဲ ဝလာမှာစိုးနေတယ်။ ရန်ကုန်မှာလို စားမဲ့ အဖေါ် ချက်ပေးမဲ့ အဖေါ်လဲမရှိပါဘူး။ ခင်ပွန်းဖြစ်သူနဲ့  အဖေါ်လုပ်ကာ အီတာလျံစာ အမေရိကန် စာတွေဘဲ စားနေရပါတယ်။ သနားစရာ လေးပါ။

    ကြုံးဝါးထားတာကတော့ ရန်ကုန် အလည်ပြန်တဲ့ အခါ လုလု ကစ်ချင် ကို အင်တာနက် က ပြပြီး အိမ်က ထမင်းချက် မဌေး ကို ချက်ခိုင်းမှာ။ ရုံး ကလူတွေနဲ့ ဝိုင်းစားကြမှာ ပါ။ အဖေါ်တွေ နဲ့  အမျိုးတွေနဲ့ စားရလို့ ကတော့ ဝပစေ ပေါ့။

    ခင်မင်စွာဖြင့်။

    အန်တီ မေမြန်မာ သို့ မဟုတ် မေဘားမား။

    ReplyDelete
  2. အန်တီမေမြမ်ာရေ့ 
    မြန်မာအများစုက မြန်မာအစားအစာကိုပဲ ခံတွင်းတွေ့လှပါတယ်။ အကြောင်းကြောင်း ကြောင့်သာ ရေမြေခြားကို ရောက်နေရပေမယ့် မြန်မာအစားအစာကိုပဲ တမ်းတမက်မောကြပါတယ်။ အန်တီမေပြောတဲ့အတိုင်း ရန်ကုန်အလည်ပြန်လာတဲ့အခါ အိမ်မှာ မြန်မာဟင်းတွေ အ၀ခကျစားနော်။ လုလုလည်း အဆင်ပြေမယ်ဆိုရင် ထမင်းဖိတ်ကျွေးပါမယ်နော်။
    အမြဲတမ်း အလည်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော် :)

    ReplyDelete