Monday, August 4, 2008

ဂျူးဖူးကြော်


အားလုံးမင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မရဲ့ ချစ်မောင်နှမတွေကို ဂျူးဖူး (Chinese chives) ကြော်ကျွေးပါ့မယ်နော်။ အခုလို မိုးရာသီမှာ ပုစွန်ကလည်း ပေါတယ်လေ။ ပုစွန်လေးလည်း ပေါတုန်း၊ ဂျူးဖူးလေးလည်း ဈေးထဲမှာ တွေ့တုန်း၊ ဂျူးဖူးကို ပုစွန်လေးနဲ့ ကြော်ဖို့ စိတ်ကူးရမိပါတယ်။
ဂျူးဖူးကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဂျူးဖူး၊ ပုစွန်၊ ကြက်သွန်နီ၊ ပဲငံပြာရည်အကျဲ၊ ဆား၊ အချိုမှုန့်၊ သကြားအနည်းငယ်နဲ့ ဆီတို့ပါနော်။
ဂျူးဖူးကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ပြီးရင် တစ်လက်မခွဲအရွယ်လေးတွေရအောင် လှီးဖြတ်ပေးပါ။ ပုစွန်ကိုလည်း အခွံနွှာ၊ ရေဆေးပြီး ပဲငံပြာရည်အကျဲ၊ သကြားလေးနဲ့ နယ်ပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေးပြီး မထူမပါး အကွင်းလိုက်လေးတွေ လှီးပေးပါနော်။



အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီနည်းနည်းလေးထည့်၊ ဆီပူလာပြီဆိုရင် ကြက်သွန်နီတွေထည့်ပြီး ဆီသတ်၊ ကြက်သွန်နီတွေနွမ်းသွားပြီး စိမ်းနံ့ပျောက်သွားတာနဲ့ ပုစွန်တွေကိုထည့်ပြီး မွှေပေး၊ ပုဇွန်လေးတွေ ရဲလာပြီဆိုရင်တော့ ဂျူးဖူးတွေထည့်ပြီး ကြော်ပေးပါ။ အရသာအတွက် ဆား၊ သကြား၊ အချိုမှုန့်လေးနည်းနည်းထည့်ပြီး ကြော်ပေးပါနော်။ ဂျူးဖူးတွေအားလုံးနွမ်းပြီဆိုရင် အပေါ့အငံကိုမြည်း၊ လိုတဲ့အရသာကို ထပ်ဖြည့်ပြီး မီးဖိုပေါ်က ချပေးလိုက်ရုံပဲနော်။ ဂျူးဖူးကြော်တဲ့အခါမှာ ပုစွန်မှ မဟုတ်ပါဘူး၊ အခြား အသားတွေနဲ့လည်း ကြော်လို့ရပေမယ့် ပုစွန်နဲ့ကြော်တာကတော့ အလိုက်ဖက်ဆုံးလို့ ကျွန်မက ထင်ပါတယ်။ အရသာလည်း ရှိသလို ဂျူးဖူးစိမ်းစိမ်းလေးတွေကြား ပုစွန်ရဲရဲလေးတွေနဲ့ဆိုတော့ အမြင်လည်းလှတယ် ချိုလည်းချိုတယ်လေ။ ဟင်းချက်ဖို့အချိန်ရှားပါးတဲ့ မောင်နှမတွေအတွက်လည်း ဒီဟင်းလေးက ချက်ရတာ အချိန်လည်းမယူဘူး၊ ငါးမိနစ်အတွင်း ကျက်နိုင်တာမို့ ဂျူးဖူးဝယ်လို့ရတဲ့အခါ ကြော်စားကြည့်လိုက်ကြဦးနော်။ ညစာကို ထမင်းများများ မစားချင်ဘူး၊ အသီးအရွက်လောက်ပဲ စားချင်တယ်ဆိုရင်လည်းဂျူးဖူးကြော်လေးချည်းပဲ စားကြည့်ပေါ့နော်။

1 comment:

  1. ဂျူးဖူးကို..ဝက်သဲနဲ့ကြော်စားလဲကောင်းတယ်..မ
    အစဉ်အားပေးလျှက်ပါ...

    ReplyDelete