Saturday, August 2, 2008

ရွှေတောင်ခေါက်ဆွဲ

မင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မဘလော့ဂ်မှာ မဂျူဝယ်လ်မေးထားတဲ့ ရွှေတောင်ခေါက်ဆွဲချက်နည်း လေးကို ပြောပြပါရစေနော်။
ရွှေတောင်ခေါက်ဆွဲချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ခေါက်ဆွဲအပြား၊ ကြက်သား၊ အုန်းနို့ဦးရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ မုန့်ကြွပ်ကြော်၊ ငရုတ်သီးအရောင်မှုန့်၊ ငံပြာရည်၊ ဆား၊ သကြား၊ အချိုမှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်သီးအလှော်မှုန့်၊ သံပုရာသီးနဲ့ ဆီ၊ ကြက်သွန်မြိတ်တို့ပါနော်။
ရွှေတောင်ခေါက်ဆွဲအတွက် ဂျုံခေါက်ဆွဲ အပြားဖတ်ကို ရွေးပါတယ်။ ခေါက်ဆွဲအလုံးထက်စာရင် ပိုပြီး စားကောင်းပါတယ်။ ကြက်သားကိုတော့ အရိုးအသားခွဲပြီး သီးသန့်ဖယ်ပေးထားပါ။ ကြက်သားအသားတွေကို လက်တစ်လုံးခန့်အရွယ်တွေရအောင် လှီးထားပေး၊ ကြက်ရိုးတွေကိုလည်း အရွယ်တော်လေးတွေရအောင် ခုတ်ထစ်ပြီး ဆား၊ သကြား၊ အချိုမှုန့်နဲ့ သေချာနှံအောင်နယ်ပေးထားပါနော်။ ကြက်သွန်ဖြူ၊ နီနဲ့ ချင်းတို့ကို အခွံနွှာပြီး ရေဆေးပေးထားပါ။ ချင်း၊ ကြက်သွန်ဖြူ၊ နီတို့ကို ငရုတ်သီးအရောင်မှုန့်နဲ့အတူ မညက်တညက်လေး ထောင်းပေးထားပါနော်။ ကြက်သွန်နီအစိမ်းအနည်းငယ်ကိုလည်း ပါးပါးလှီး၊ ရေစင်အောင်ဆေးပြီး ရေစစ်ပေးထားပါနော်။ ကြက်သွန်မြိတ်လေးတွေကိုလည်း ရေဆေးပေးထားပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပြီးတော့ မုန့်ကြွပ်ကြော်ဖို့ အရင်ပြင်ပါ့မယ်။ မုန့်ကြွပ်ဖတ်မရှိရင် ခေါက်ဆွဲဖတ်ကိုပဲ ကြော်လို့ရပါတယ်နော်။ မုန့်ကြွပ်ကြော်ဖို့ ဆီပူလာပြီဆိုရင် မုန့်ကြွပ်ဖတ် ထည့်ပြီး မီးအသင့်အတင့်နဲ့ မတူးအောင်ကြော်ပြီး ဇကာတစ်ခုထဲမှာ မုန်ကြွပ်ကြော်တွေထည့်ပြီး ဆီစစ်ပေးထားပါ။ မုန့်ကြွပ်တွေဆည်ပြီးသွားပြီဆိုရင် အဲ့ဒီဆီဒယ်အိုးထဲမှာပဲ နနွင်းမှုန့်လေးခပ်ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တွေထည့်ပြီး ဆီသတ်ပါနော်။ ကြက်သွန်တွေနွမ်းပြီး စိမ်းနံ့ပျောက်ပြီဆိုရင် နယ်ထားတဲ့ ကြက်သားအသားတွေထည့်ပြီး ဆီသတ်ထားတဲ့ ငရုတ်သီးအနှစ်တွေနဲ့ သမအောင်မွှေပြီး ကြက်သားထဲက ထွက်လာမယ့်အရည်နဲ့ အဖုံးအုပ်ပြီး တစ်ရည်တည်ပေးပါ။ ပထမတစ်ရည် လုံးရေခမ်းသွားပြီဆိုရင် နောက်ထပ် ရေနည်းနည်းထပ်ထည့်ပြီး ကြက်သားနူးအောင် တည်ပေးပါ။ ဟင်းအိုး ရေခမ်းခါနီးကျရင် ဟင်းအပေါ့အငံမြည်းပြီး လိုတဲ့အရသာထပ်ဖြည့်ပေးပါ။ ဟင်းအိုးအရောင်လှအောင်ရော၊ အချိုဓာတ်ရအောင်ရောဆိုရင် ပဲငံပြာရည်အပျစ် နည်းနည်းထည့်ပေးပြီး မီးပိတ်ပြီး ဟင်းအိုးချပေးပါနော်။
အုန်းနို့ဦးရည်ကို အုန်းဆီဖြစ်အောင် ချက်ဖို့အတွက် အိုးတစ်လုံးထဲမှာ အုန်းနို့ဦးရည်တွေကိုထည့်၊ ဆားလေးနည်းနည်းထည့်ပြီး အုန်းနို့ရည်ခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ။ အုန်းနို့ဥလေးတွေရလားပြီး ဆီပြန်လာပြီဆိုရင်တော့ မီးပိတ်ပြီး အုန်းနို့ဆီကို သပ်သပ်ပန်းကန်လုံးတစ်လုံးထဲ ထည့်ပေးထားပါနော်။ ကြက်ရိုးတွေကိုလည်း ချင်းအ၀ိုင်းဖတ်လေးတွေလှီးပြီး အိုးတစ်လုံးထဲရေထည့် ကြက်ရိုးထည့်ပြီး ပြုတ်ပေးထားပါ။ ကြက်ရိုးပြုတ်ရည်ပွက်ပွက်ဆူလာပြီဆိုရင် သင့်တော်တဲ့အရသာလေးထည့်ပြီး ကြက်သွန်ဖြူဓားပြားရိုက်ပြီး ထည့်ပေးပါ။ ကြက်ရိုးပြုတ်ကတော့ ကြာကြာတည်ပေးနိုင်လေ ကောင်းလေပဲနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မုန့်ပွဲပြင်မယ်နော်။ ပန်းကန်တစ်ချပ်ထဲကို ခေါက်ဆွဲဖတ်ထည့်၊ ပြီးရင် ကြက်သားဟင်းလေးထည့်၊ အုန်းနို့ချက်လေးဆမ်း၊ ကြက်သွန်နီလေးထည့်၊ (ကြိုက်တတ်ရင် ပဲပင်ပေါက်လေး ရေနွေးဖျောပြီး ထည့်) ငံပြာရည်၊ ပဲမှုန့်အကျက်၊ ငရုတ်သီးအလှော်မှုန့်လေးထည့်၊ အချိုမှုန့်နဲ့ သံပုရာရည်လေး ညှစ်ထည့်ပြီး အားလုံးနှံ့အောင်နယ်ပေးပါ။ အရသာကိုလည်း ကိုယ်လိုချင်တဲ့အရသာရအောင် ပြုပြင်ပေးပါနော်။ နောက်ဆုံးကျမှ မုန့်ပန်းကန်ပေါ်မှာ မုန့်ကြွပ်ကြော်လေးဖြူး၊ ကြက်သွန်မြိတ်လေးဖြူးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ရွှေတောင်ခေါက်ဆွဲသုပ်လေးရပါပြီနော်။ ကြက်ရိုးဟင်းချိုလေးကိုတော့ ငရုတ်ကောင်းမှုန့်လေး ဖြူးပြီးသုံးဆောင်ပါနော်။ ကျွန်မကတော့ ရွှေတောင်ခေါက်ဆွဲကို အုန်းဆီနဲ့ချက်တာမို့ အီတယ်လို့ ထင်မိပါတယ်။ အဲ့ဒါကြောင့်မို့ ကြက်ရိုးဟင်းခါး ပွက်ပွက်ဆူလာပြီဆိုရင် ကြက်သွန်ဖြူဓားပြားရိုက်ထည့်တဲ့ အချိန်မှာ ငရုတ်သီးစိမ်းလေးတွေ မညက်တညက်လေး ထောင်းထည့်လိုက်သေးတယ်။ ပြီးတော့မှ ဟင်းချိုပန်းကန်လုံးထဲကို ငံပြာရည်လေးရယ် သံပုရာရည်ချဉ်ချဉ်လေးညှစ်ထည့်လိုက်တယ်။ အဲ့ဒီတော့ ကြက်ရိုး ဟင်းခါးချဉ်ငံစပ်လေးရယ်၊ ရွှေတောင်ခေါက်ဆွဲအီအီလေးရယ် လိုက်ဖက်သွားတာမို့လေ။
ကျွန်မရဲ့ မောင်နှမတွေလည်း အအီအဆိမ့်ကြိုက်တတ်တဲ့သူအတွက် အီအီဆိမ့်ဆိမ့်လေး၊ ချဉ်ငံစပ် ကြိုက်တတ်တဲ့သူတွေအတွက် ချဉ်ငံစပ် ရွှေတောင်ခေါက်ဆွဲလေးကို ကြက်ရိုးဟင်းခါး ပူပူလေးနဲ့ ချက်စားကြည့်ကြပါဦးနော်။ မဂျူဝယ်လ်လည်း ကျေနပ်မယ်လို့ ထင်ပါတယ်နော်။ လိုတာရှိရင်လည်း ပြောပါနော်။

8 comments:

  1. http://www.mandalar.net/community/viewtopic.php?f=15&t=602&start=0&st=0&sk=t&sd=a

    We open your thread on our forum, thanks

    ReplyDelete
  2. ကျေးဇူးအထူးတင်ပါတယ် အစ်မလုလု။ :-)

    ReplyDelete
  3. ကိုစတီဗင်ရေ့ 
    မေတ္တာရပ်ဝန်းမီးဖိုဆောင်ထဲက ဟင်းအမယ်စုံများကို မန္တလာဖိုရမ်မှာ ဖော်ပြပေးတာကို ကျွန်မတို့ဝိုင်းတော်သားများက ကျေးဇူးတင်ပါတယ်။ အားလုံးအဆင်ပြေကြတယ်ဆိုရင် ကျွန်မနဲ့ဝိုင်းတော်သားများအားလုံးရဲ့ ကြိုးပမ်းရကျိုးနပ်ပါတယ်နော်။

    ReplyDelete
  4. မပန်းနွယ်လည်း လိုတာရှိရင် ပြောပါနော်။ :)

    ReplyDelete
  5. thkx for yr sharing.. I like shwetaung noodle..

    khine

    ReplyDelete
  6. စားလို့တော်တော့်ကို ကောင်းတယ်ဗျို့။ ဒီမှာညွှန်ကြားထားတဲ့အတိုင်း တသွေမတိမ်းလိုက်လုပ်ပြီး၊ ပြီးတာနဲ့ အပြင်ကနေ၀ယ်စားလိုက်တာ တော်တော့်ကို ကောင်းတယ် :)

    ReplyDelete
  7. အစ်မရေ... တိုရှည်မုန်.လုပ်နည်းလေးသိရင်ပေးပါနော်...
    လုပ်လိုက်တိုင်း အဆင် မချောဘူး... :(
    thanks,
    ma mie

    ReplyDelete
  8. Ama yay, what is "Oh Not Oo Yay"? Is it Coconut Juice which we drink when we open the coonut?

    ReplyDelete