Sunday, July 20, 2008

ဆားဘဲဥလုပ်ကြရအောင့့် 


အားလုံးမင်္ဂလာပါရှင့့်  ဒီတစ်ခါ လုလုမောင်နှမတွေကို ဘဲဥအငန်ပြုလုပ်နည်းလေး ပြောပြပါရစေဦးနော်။ ကျွန်မတို့ မော်လမြိုင်မှာ ညဘက်ဆိုရင် ဘဲဥဆားနယ်ပြုတ်ဆိုပြီး အော်ကာ လှည့်ရောင်းတတ်တဲ့ ဦးလေးကြီးတစ်ယောက်ရှိတယ်။ ညတိုင်း မုန့်ဖက်ထုပ်ပူပူနွေးနွေးဆိုပြီး အော်ရောင်းတတ်တဲ့ဈေးသည်ရယ်၊ ဘဲဥဆားနယ်ပြုတ်အသည်ရယ် ရှိတယ်။ ကျွန်မ ခပ်ငယ်ငယ်က ဘဲဥဆားနယ်ကို ဘယ်လိုလုပ်ရတယ်ဆိုတာကို မသိပေမယ့် ဘဲဥဆားနယ်ရဲ့အထဲက အနှစ်လေးကို အရမ်းကြိုက်တာ့ အခုထက်ထိ ကြိုက်တယ့့်  ဘဲဥဆားနယ်ရဲ့ အထဲက အနှစ်လေးက လိပ်ဥပြုတ်လေးလိုလို၊ ဂျယ်လီလုံးလေးလိုလိုနဲ့ အရမ်းကို စားကောင်းပါတယ်။ အဲ့ဒါနဲ့ အခု အဲ့ဒီဘဲဥဆားနယ် ဘယ်လို လုပ်ရတယ်ဆိုတာလေးကို မျှဝေပါရစေနော်။
ဘဲဥဆားနယ် (ကြက်ဥ၊ ငုံးဥလည်းရပါတယ်) လုပ်ဖို့အတွက် အဓိက လိုအပ်တာက ဘဲဥ၊ ဆား၊ ရွှံ့စေး၊ ရေ နဲ့ မြေအိုးသို့မဟုတ် အ၀ကျယ်ပုလင်းသန့်သန့်တို့ပါနော်။

ဘဲဥလတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထားပါ။ ပထမတစ်နည်းကတော့ မီးဖိုပေါ်မှာ ရေနွေးအိုးတည်ပြီး ရေနွေးဆူလာအောင် စောင့်ပါ။ ရေနွေးပွက်ပွက်ဆူလာတာနဲ့ ဆားခပ်များများထည့်ပြီး ကျိုပါ။ ဆားအားလုံး အရည်ပျော်သွားပြီဆိုရင် နောက်ထပ် ဆားထပ်ထည့်ပြီး ကျိုပါ။ နောက်ဆုံး ထပ်ထည့်တဲ့ဆား လုံးဝကို မပျော်ဝင် နိုင်တော့တဲ့အထိ ကျိုပါ။ ပြီးရင် ဆားကျိုရည်ကို အအေးခံထားပါ။ အဲ့ဒီအချိန်မှာ ဆားတချို့ဟာ ခြောက်ပြီး အပွင့်လေးတွေ တက်လာတာကို တွေ့ရပါမယ်နော်။ ဆားပျော်ရည်အေးသွားပြီဆိုရင် ပုလင်း ဒါမှမဟုတ် မြေအိုးထဲကို ဘဲဥတွေ ထည့်ပါ။ ပြီးတော့ အပေါ်ကနေ ဆားပျော်ရည်တွေ လောင်းထည့်ပေးပြီး အဖုံးကို ပိတ်ပေးပြီး အေးပြီး အလင်းရောင်တိုက်ရိုက်မရတဲ့နေရာမှာ အနည်းဆုံးနှစ်ပတ်ကနေ တစ်လထိ သိမ်းပေးပါနော်။ ဆားရည်ထဲ စိမ်တဲ့အချိန်ကြာလေလေ ဘဲဥထဲကို ဆားငံဓာတ်များများဝင်လေလေပါပဲ။ ဆားရည်ကျိုတဲ့ အခါမှာလည်း ဆားများများထည့်ဖို့မမေ့နဲ့ဦးနော်။ တစ်လကြာပြီဆိုမှ ဆားရည်အိုးထဲကနေ ဘဲဥတွေကို ဆယ်ယူ၊ ရေဆေး၊ ခြောက်အောင်အ၀တ်နဲ့သုပ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တာ ထည့်သိမ်း၊ စားမယ်ဆိုရင်လည်း အဆင်သင့်ဖြစ်ပါပြီ။
ဒုတိယနည်းကတော့ ရွှံ့စေးတွေကို ဆားတွေနဲ့ နယ်ပြီး ဘဲဥကို မံပေးရတာပါ။ ရွှံ့စေးတွေနဲ့ နယ်ပြီး ဘဲဥရဲ့ အပေါ်ကနေ ဆားတွေ ပက်ပေးပြီး ဘဲဥတွေကို သစ်သားသေတ္တာအကျဲထဲထည့်ပြီး အလင်းရောင် တိုက်ရိုက်မရဘဲ အေးပြီး ခြောက်သွေ့တဲ့နေရာမှာ နှစ်ပတ်ကနေ တစ်လအထိ သိမ်းပေးပါနော်။ တစ်လကြာရင်တော့ အပေါ်က မံထားတဲ့ ရွှံ့တွေကို ခွာထုတ်၊ ရေဆေးပြီးမှ ချက်စားဖို့အသင့်ဖြစ်တဲ့ ဆားဘဲဥရပါပြီနော်။
ဆားဘဲဥကို ပြုတ်ပြီးတော့ ထမင်းပူပူလေးနဲ့ ဆီလေးဆမ်းပြီး နယ်စားတတ်ကြသလို တချို့ကလည်း ဆန်ပြုတ်နဲ့ စားတတ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကြော်တဲ့အခါမှာလည်း ဆားဘဲဥကို ဖောက်ပြီး ထည့်ကြော် တတ်ပါတယ်။ ၀က်သားပေါင်းပြီးရင်လည်း ဘဲဥအငန်လေးထည့်ပြီး စားတတ်သေးတယ်နော်။ အမျိုးသမီးများနဲ့ ပိုပြီးသင့်တော်တယ်လို့ အဖွားကပြောပါတယ်။ အဲ့ သွေးတိုးရှိတဲ့လူတော့ သိပ်မစားနဲ့နော်။ ကျွန်မကတော့ ဘဲဥအလယ်က ဂျယ်လီလေးလို ဖြစ်နေတဲ့ အနှစ်ကို ပိုကြိုက်တယ့့် 

2 comments:

  1. အင်း.. ဘဲဥငံကို သိပ်ကြိုက်တာ... အိမ်မှာဆိုအဖေက အမြဲတမ်း ဆန်ပြုတ်နဲ့သောက်တယ်.. အမကတော့ ဘဲဥအနှစ်ကို ယူစားတယ်.. အနှစ်က ပိုစားကောင်းလို့.. :D

    ReplyDelete
  2. အိမ်း...အစားမှားလို့ ပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် မအီမသာ ဖြစ်တယ်ဆိုရင် ဆြာ့ ဆြာကြီးနဲ့ ဆက်သွယ်တိုင်ပင်လော့...ကျန်းမာခြင်း ချမ်းသာခြင်း သုခ ကို နောင်ဘဝ၌ အလုံးစုံ ခံစားရပေအံ့ .....

    ReplyDelete