Tuesday, July 8, 2008

ကြက်သားချဉ်စပ်သုပ်


အားလုံးမင်္ဂလာပါနော်။ ကျွန်မ မောင်နှမတွေကို ဒီတစ်ခါမှာတော့ ကြက်သားသုပ်လေး သုပ်ကျွေးပါရစေ။ ကြက်သားကို အမျိုးမျိုးသုပ်စားကြတဲ့အထဲက အခုတစ်ခါမှာတော့ ကျွန်မ ကြက်သားသုပ်ကို ချဉ်ချဉ်စပ်စပ်လေး သုပ်ကျွေးမယ်နော်။
ကြက်သားသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သားအသား၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုပ်ကောင်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ သံပုရာသီး၊ ကြက်သွန်ဖြူကြော်၊ ငရုတ်သီးအပုတောင့် အကြမ်းမှုန့်၊ သကြား၊ ဆီ၊ ငံပြာရည်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်တို့ပါနော်။
ကြက်သားအသားချည်း (၂၅) ကျပ်သား သီးသန့်ဝယ်၊ ရေသန့်စင်အောင်ဆေးပြီး ဆား၊ ငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့နဲ့ ခပ်နာနာနယ်နှပ်ထားပေးပါ။ ကြက်သွန်ဖြူ ဥတစ်လုံး ၁၅ လုံး လောက်ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ ကြက်သွန်မြိတ်နဲ့ နံနံပင်ကို ရေစင်အောင်ဆေးပြီး လိုတဲ့အရွယ်လောက် လှီးဖြတ်ထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး အညှာချွေ ထားပါ။ ချင်းကိုလည်း အခွံနွှာ၊ ရေဆေးပြီး မထူမပါးလေးဖြစ်အောင် လှီးပေးထားပါ။


အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ဒယ်အိုးတင်ဆီနည်းနည်းထည့် ဆီပူလာရင် ငရုတ်သီး အကြမ်းမှုန့်လေးထည့်၊ ကမန်းကတမ်းမွှေပြီး မီးဖိုပေါ်ကချထားပေးပါ။ နယ်နှပ်ထားတဲ့ ကြက်သားကိုလည်း ချင်းနဲ့ရောပြီး ကျက်အောင် ပြုတ်ပေးပါ။ ကြက်သားပြုတ်နေချိန်မှာ ကြက်သွန်ဖြူ မညက်တညက်ထောင်း၊ ငရုတ်သီးစိမ်းကိုလည်း မညက်တညက်ထောင်းပေးထားပါ။ ကြက်သားပြုတ်ရပြီဆိုရင် ကြက်သားဖတ်လေးတွေ ကို ဆယ်ယူပြီး ပန်းကန်တစ်ချပ်ထဲထည့်ပြီး အအေးခံထားပါ။ အေးသွားရင် ကြက်သားတွေကို အသားမျှင် လေးတွေဖြစ်အောင် မျှင်ပေးပါ။
ပြီးရင် ဇလုံတစ်လုံးထဲမှာ ကြက်သားရယ်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ ငံပြာရည်၊ ငရုတ်သီးအကြမ်းမှုန့်ဆီချက်ရယ်၊ အချိုမှုန့်အနည်းငယ်တို့ကိုထည့်ပြီး နှံ့အောင်နယ်ပေးပါ။ အရသာကတော့ အားလုံး ခပ်ကဲကဲပဲ၊ ချဉ်ငံစပ်ပြဲလန်။ ပြီးတော့မှ အပေါ်ကနေ ကြက်သွန်မြိတ်နဲ့ နံနံပင်ထည့်၊ ကြက်သွန်ဖြူကြော်လေးဖြူး၊ ငရုတ်ကောင်းမှုန့်လေး နည်းနည်းဖြူးပေးပါနော်။ ကြက်ပြုတ်ရည်လေးရယ်၊ ကြက်သားသုပ်ချဉ်ငံစပ်လေးရယ်၊ ထမင်းဖြူပူပူနွေးနွေးလေးနဲ့ဆိုရင်တော့ မျက်ရည်လည်တဲ့အထိ လျှာသွက်သွားမှာနော်။ လက်ကိုင်ပုဝါလေးလည်း ဆောင်ထားဖို့ မမေ့နဲ့ဦးနော်။

3 comments:

  1. မလုရေ.. ကြက်သားချဉ်စပ် သုပ်စားကြည့်ရမယ်.. အဟဲ.. ဟင်းတစ်ခွက်ထပ်ရသွားပြန်ပြီ။ ကျေးဇူး မလုရေ..

    ReplyDelete
  2. ချဉ်ငံစပ်ပြဲလန် ဆိုပါလား ဟားဟား လုလုကတော. လုပ်ပြီ။

    ReplyDelete
  3. ချဉ်ပြီးစပ်တာတော့ကောင်းပါတယ် ပြဲပြီးလန်တာတော့မကောင်းဘူးထင်ပါတယ်
    ဟားဟား ကျေးဇူး

    ReplyDelete