Thursday, May 1, 2008

ကြက်ပတေ

ဒီနေ့ မော်လမြိုင်အလွမ်းပြေ ကြက်ပတေ လုပ်စားကြရအောင်နော်။ ကျွန်မတို့ မောင်နှမတွေအားလုံး က မော်လမြိုင်၊ အမှတ် (၆) ယခင် မော်တလိန်းဂျက်ဆင် ကျောင်းထွက်တွေပါ။ တစ်နေ့မှာ ကျွန်မက ဖိုရမ်တစ်ခု မှာ မော်လမြိုင်က ငယ်သူငယ်ချင်းတွေနဲ့ မထင်မှတ်ဘဲပြန်ဆုံရတဲ့အကြောင်းကို မောင်နှမတွေနဲ့ ညစာစားတဲ့ အချိန်မှာ ပြန်ပြောဖြစ်ရင်းနဲ့ အထက်တန်းကျောင်းသားဘ၀တုန်းက နေ့ခင်းမုန့်စားကျောင်းလွှတ်တဲ့အခါ ခဏခဏသွားစားဖြစ်ကြတဲ့ ကြက်ပတေအကြောင်းပြောရင်း အလွမ်းပြေ အိမ်မှာ ပြန်ချက်စားခဲ့ကြတာလေးကို မောင်နှမတွေကို တင်ပေးတာပါနော်။ အဲ့  တစ်ခုပြောချင်တာက ကြက်ပတေလို့ ခေါ်တာ ဟိန္ဒူဘာသာစကားနဲ့လားမသိဘူးနော်။ ကျွန်မလည်း သေချာမသိဘူး။ သိတဲ့လူရှိရင်လည်း ပြောပြကြပါဦးနော်။

ကြက်ပတေလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကုလားပဲလုံးအဖြူ နို့ဆီဗူး ၁ ဗူး၊ အာလူး ၅၀ ကျပ်သား၊ ဘဲဥ ၁၀ လုံး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ မာဆလာအမွှေး၊ မာဆလာအစပ်၊ ဖာလာစေ့၊ ပျဉ်းတော်သိမ်၊ ကရဝေးရွက်၊ ဆီအနည်းငယ်၊ သခွါးသီး၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအလှော်မှုန့်၊ ဆား၊ နနွင်းမှုန့်တို့ပါ။

ကုလားပဲလုံးကို မချက်ခင် အနည်းဆုံး ၈ နာရီလောက် ရေစိမ်ပေးပါ။ ရေအေးနဲ့ စိမ်လို့ရသလို ရေနွေးကြက်သီးနွေးလေးနဲ့ဆို ပိုပြီး ကောင်းပါတယ်။ ရေစိမ်ပြီးသား ကုလာပဲလုံးတွေလေးတွေကို ဆယ်ယူပြီးတော့ အိုးတစ်လုံးထဲထည့်ပြီး မီးအသင့်အတင့်နဲ့ ကုလားပဲနူးတဲ့အထိ ပြုတ်ပေးပါ။ ပေါင်းအိုးနဲ့ ပြုတ်ရင် ပိုကောင်းပါတယ်။ အာလူးကိုလည်း အလုံးလိုက် ရေစင်အောင်ဆေးပြီး ပြုတ်ပေးပါ။

ကုလားပဲ နူးပြီဆိုရင် ခဏအအေးခံပြီး ပဲလုံးတွေကို သပ်သပ်ဆယ်ယူပြီး ပဲပြုတ်ရည်ကိုတော့ အိုးထဲ ဒီအတိုင်းထားပေးပါ။ အာလူးပြုတ်နူးပြီဆိုရင်လည်း အအေးခံ၊ အခွံနွှာပြီး အာလူးတွေကို အလုံးသိပ်ကြီးရင် ခွဲစိပ်ပေါ့၊ အလုံးသိပ်မကြီးရင်တော့ အလုံးလိုက်ပဲ ထားပေးပါနော်။ ပြီးရင် ဘဲဥတွေကို ကျက်အောင်ပြုတ်၊ အအေးခံပြီး အခွံနွှာထားပေးပါ။ ကြက်သွန်ဖြူ ဥတစ်လုံး ၁၅ ဥလောက်ကို အပေါ်ယံက အခွံတွေပေးထားပါ။ ကြက်သွန်နီ ၇ ဥကိုလည်း အခွံနွှာပေးထားပါ။ ချင်း လက်၃ ဆစ်လောက်ကိုလည်း အခွံသင်ပေးထားပါ။ ပြီိးရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနဲ့ ဖာလာစေ့တို့ကို မညက်တညက်လေး ဖြစ်အောင် ထောင်းပါ။ ကရဝေးရွက်ကို ရေစင်အောင်ဆေးပြီး အရွက်လေးတွေချည်းရအောင် ချွေပေးထားပါ။ သခွါးသီး၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်အနည်းငယ်၊ သံပုရာသီး၊ ကြက်သွန်စိမ်းတို့ကိုလည်း ရေစင်အောင်ဆေးပြီး ရေစစ်ပေးပါနော်။ သခွါးသီး၊ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းတို့ကို ခပ်ပါးပါးလှီးပေးထားပါ။ ရှောက်ရွက်ကိုလည်း ရေဆေးပြီး ပါးပါးလှီးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးထဲ ဆီလေးနည်းနည်းထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်တွေထည့်ပြီး ဆီသတ်၊ ကြက်သွန်တွေ နွမ်းသွားပြီဆိုရင် ပျဉ်တော်သိမ်နဲ့ ကရဝေးရွက်ထည့်၊ တစ်လက်စတည်း ကုလားပဲထည့်၊ အာလူးထည့်၊ ဆား၊ မာဆလာအမွှေးအစပ်ထည့်ပြီး ဆီသတ်ပေးပါ။ ပဲနဲ့အာလူးထဲ အရသာဝင်သွားရအောင် ဆီသတ်တဲ့အခါမှာ ရေလေးလက်ဘက်ရည်ပန်းကန်လုံး တစ်လုံးလောက် ထည့်ပြီး အဖုံးအုပ်၊ မီးလျော့ပြီး ရေခမ်းတဲ့အထိ တည်ပေးပါနော်။ ရေခမ်းသွားပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ပဲအိုးချထားလိုက်ပါ။
ပဲပြုတ်ရည်အိုးကိုမီးဖိုပေါ် တင်ပေးပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဆူလာပြီဆိုတာနဲ့ ခုနက ဆီသတ်ထားတဲ့ အာလူးပဲတွေကို ဟင်းရည်အိုးထဲထည့်ပါ။ ဘဲဥပြုတ်တွေလည်း ထည့်၊ ဟင်းအိုးအဖုံးအုပ်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ။ ဟင်းအိုးပွက်ပွက်ဆူလာပြီဆိုရင် အပေါ့အငံမြည်းပြီးတော့ လိုတဲ့အရသာ ထပ်ထည့်ပြီး ဟင်းအိုးကို ပူနေအောင် တည်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်ထဲကို ပဲဟင်းရည်ခပ်ထည့်ပါ။ အာလူးတစ်လုံးနဲ့ ဘဲဥတစ်လုံးကတော့ ကိုယ်တာနဲ့ပေါ့နော်။ ပြီးရင် လှီးထားတဲ့ သခွါးသီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းထည့်၊ သံပုရာရည်လေးခပ်ချဉ်ချဉ်လေး ညှစ်ထည့်၊ ငရုတ်သီးအလှော်မှုန့်လေးထည့်၊ ရှောက်ရွက်လေးထည့်ပါနော်။ ပြီးမှ ကိုယ်ကြိုက်တတ်တဲ့အရသာ ချဉ်ငံစပ်ကို လိုသလောက်ထည့်ပြီး ပူပူလေး သုံးဆောင်နိုင်ပါပြီနော်။ ကျွန်မ အခုရေးနေရင်းနဲ့ နောက်တစ်ပန်းကန်လောက် စားချင်နေသေးလို့ တံတွေးမြိုချနေရတယ့့်  ငတ်ကြီးကျလိုက်တဲ့ ငါနော့့်

4 comments:

  1. hi , u write not yet finished, pls try to write till finished.

    ReplyDelete
  2. ပြင်ပြီးပါပြီနော်
    အဆုံးထိ ဖတ်လို့ရပါပြီနော်
    ကြည့်လိုက်ပါဦးနော့်

    ReplyDelete
  3. မွန်ပြည်မှာ ကုလားပဲကို ဆင်ခေါင်းပဲ လို့ လဲ ခေါတယ်နော၊

    ReplyDelete
  4. ဘောလုံးပွဲ half time အချိန်မှာ ကြပတေ စပ်စပ်လေး လွေးခဲ့တဲ့ ငယ်ဘဝကို လွမ်းတယ်၊ ကျေးဇူးဘဲ လုလုရယ်၊ လုပ်စားကြည့်မယ်

    ReplyDelete