Sunday, April 27, 2008

ကြက်ဆီထမင်း



ကြက်ဆီထမင်းကို ချဉ်ခြင်းတက်နေတဲ့ ကျွန်မညီမလေးတစ်ယောက်နဲ့ အကိုတစ်ယောက်အတွက် ဒီပို့စ်လေး တင်ပါရစေဦးနော်။ ကြက်ဆီထမင်းဆိုတာကို ကျွန်မ လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး စားဖူးတာပါ။ စစချင်းစားဖူးခါစတုန်းကလေ ဘယ်လိုအရသာလဲဆိုတာကို ကျွန်မ မခံစားတတ်ဘူး။ နောက်ပိုင်း ကျွန်မ သူငယ်ချင်းက ကျွန်မကို မကြာခဏ လုပ်ကျွေးတော့မှပဲ ကြက်ဆီထမင်းကို အရသာခံစားတတ်သွားတော့တယ်။
ကြက်ဆီထမင်းလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သား၊ ကြက်အဆီပြင်၊ ရှမ်းဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ သခွါးသီး၊ နံနံပင်၊ ဆား၊ အချိုမှုန့်၊ ငရုတ်ကောင်း၊ ပဲငံပြာရည်အကျဲ၊ သကြားအနည်းငယ်နဲ့ အချိုမှုန့်အနည်းငယ်တို့ပါနော်။
ကြက်တစ်ကောင်လုံးက အထဲက ကလီစာတွေ ထုတ်ပစ်ပြီး ရင်အုပ်ပိုင်း၊ ပေါင်ပိုင်းနဲ့ အသားများတဲ့ အပိုင်းတွေကို သပ်သပ်၊ အရိုးပိုင်းတွေကို သပ်သပ်ခွဲထုတ်ပေးပါ။ ပြီးရင် ကြက်သားအားလုံးကိုသန့်စင်အောင် ရေဆေးပြီး ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်အကျဲတို့နဲ့ နယ်ပြီး နှပ်ပေးထားပါနော်။ ကြက်အဆီပြင် ကိုလည်း သန့်စင်အောင် ရေဆေးပေးထားပါနော်။

ရှမ်းဆန်နို့ဆီဗူး ၂ ဗူးကိုလည်း သေချာစင်အောင်ဆေးပြီး ရေစစ်ပေးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းတို့ကိုလည်း အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်နီကို မထူမပါးလှီးပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး၊ ချင်းကို ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ကြက်သားရောအရိုးတွေကိုပါ အိုးတစ်လုံးထဲထည့်၊ ကြက်သွန်ဖြူ ဓားပြားရိုက်နဲ့ ပါးပါးလှီးထားတဲ့ ချင်းတွေကိုထည့် ရေစပ်စပ်လေးထည့်ပြီး မီးဖိုပေါ်တင်ပြီး ပြုတ်ပေးပါနော်။ ပထမ လုံးရည်ခမ်းတာနဲ့ ကြက်သားအသားတုံးတွေကို ဆယ်ယူပြီး ကျန်တဲ့ ကြက်ရိုးတွေထဲကို ရေထပ်ထည့်ပြီး နူးအောင်ပြုတ်ပေးပါနော်။
ကြက်ရိုးပြုတ်ထားတဲ့အချိန်မှာ ဒီဘက်မီးဖိုမှာ ဒယ်အိုးတင်၊ ဆီနည်းနည်းထည့်၊ ဆီပူလာရင် ကြက်အဆီပြင်ကိုထည့်ကြော်ပြီး ကြက်ဆီထုတ်ယူပါ။ ရလာတဲ့ ကြက်ဆီတွေထဲကို မထူမပါးလှီးထားတဲ့ ကြက်သွန်နီထည့်ပြီး ဆီသတ်၊ ကြက်သွန်နီနွမ်းတာနဲ့ ဆီထဲကို ဆန်ထည့်ပြီး လှော်ပါနော်။ အဲ့ဒီအချိန်လောက်ဆိုရင် ကြက်ရိုးပြုတ်အိုးကလည်း ပွက်ပွက်ဆူပြီနော်။
Rice cooker ကိုယူပြီး ကြက်ဆီနဲ့ လှော်ထားတဲ့ဆန်ထည့်၊ ပြီးတော့ ကြက်ရိုးပြုတ် နို့ဆီဗူး ၂ ဗူးခွဲလောက်ထည့်ပြီး တည်ပါနော်။ ထမင်းပျော့သွားလို့မဖြစ်ဘူးနော်။ ထမင်းအိုးတည်ထားတဲ့အချိန်မှာ အခုနက ဆယ်ထားတဲ့ ကြက်သားအသားတုံးတွေကို ဆီပူပူထဲမှာ ထည့်ကြော်ပါနော်။ တချို့က ကြော်တာမကြိုက်တော့ ကြက်သားတွေကို ထမင်းပေါင်းအိုးထဲမှာ ထမင်းကျက်ခါနီးထည့်ပြီး အပူနဲ့ ပြန်နှပ်တယ်၊ ပြန်ပေါင်းတယ်။ ကြက်သားအပေါ်ကနေ ငရုတ်ကောင်းမှုန့်လေးဖြူးပြီးတော့ပေါ့။ တချို့ကလည်း ကြက်ကင်နဲ့ စားကြတယ်။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ကွဲပါတယ်။ ကျွန်မကတော့ ကြက်သားကို ထမင်းပေါင်းအိုးထဲ ပြန်ပေါင်း လိုက်တာပဲ။ မြန်လည်းမြန်တယ်လေ။ အလုပ်လည်း မများတော့ဘူးပေါ့။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ထမင်းကို ပုံစံခွက်လေးနဲ့ဖြစ်သွားအောင်ပန်းကန်လုံးလေးထဲ ထည့်၊ ပြီးတော့မှ ကိုယ်ပြင်ချင်တဲ့ ပန်းကန်ပြားပေါ် မှောက်ချလိုက်၊ ကြက်သားလေးတစ်တုံး ဘေးနားမှာထည့်၊ ပြီးတော့ သခွါးသီး၊ နံနံပင်တို့ထည့်ပြီး အလှဆင်၊ အချဉ်ရည်ကိုတော့ ကိုယ်နှစ်သက်မယ့် အချဉ်လေးနဲ့ တွဲပြီး သုံးဆောင်နိုင်ပါတယ်။ အရည်သောက်အနေနဲ့ကတော့ ကြက်ရိုးပြုတ်လေးထဲ တိုဟူးနဲ့ မှိုလေးခပ်ပြီး သုံးဆောင်ပေါ့နော်။
အဲ့ဒါဆိုရင်တော့ ချဉ်ခြင်းတပ်နေကြတဲ့ ဟိုမောင်နှမနှစ်ယောက် ကျေနပ်လောက်ပြီလို့ ထင်ပါတယ် နော်။ လောလောဆယ် ကြက်ဆီထမင်းဓာတ်ပုံ မရှိသေးပါ။ အင်တာနက်က ရတဲ့ပုံလေးပဲတင်ထားပါတယ်။ ဆိုင်တွေမှာ ချက်တဲ့နည်းနဲ့တော့ နည်းနည်းကွဲလွဲမယ်ထင်ပါတယ်။

4 comments:

  1. အမလုလုရှင့်
    ကြက်အဆီပြင်ဆိုတာဘာကိုခေါ်တာပါလဲ.မသိလို့ပြောပေးပါနော်.. ကျေးဇူးတင်ပါတယ်.

    ReplyDelete
  2. ညီမလေးဖြူရေ
    ကြက်အဆီပြင်ဆိုတာ ကြက်၀၀ဆူဆူတွေကို ၀ယ်မိတဲ့အခါကျရင် ကြက်သားနဲ့ ကြက်အရေခွံကြားမှာ အဆီပြင် ဆင်စွယ်ရောင်အပြင်လိုက် အဖတ်လိုက်လေးတွေပါလာတာကို ခေါ်တာပါနော်။ အထူးသဖြင့် အသားစားကြက်တွေဝယ်တဲ့အခါ ကြက်အဆီပြင်တွေ ပါလေ့ရှိပါတယ်နော်။ အဲ့ဒါကို ပြောချင်တာပါနော်။ ရလားမသိဘူးနော် ညီမလေးရေ။

    ReplyDelete
  3. ညီမလေးဖြူရေ
    ကြက်အဆီပြင်ဆိုတာ ကြက်၀၀ဆူဆူတွေကို ၀ယ်မိတဲ့အခါကျရင် ကြက်သားနဲ့ ကြက်အရေခွံကြားမှာ အဆီပြင် ဆင်စွယ်ရောင်အပြင်လိုက် အဖတ်လိုက်လေးတွေပါလာတာကို ခေါ်တာပါနော်။ အထူးသဖြင့် အသားစားကြက်တွေဝယ်တဲ့အခါ ကြက်အဆီပြင်တွေ ပါလေ့ရှိပါတယ်နော်။ အဲ့ဒါကို ပြောချင်တာပါနော်။ ရလားမသိဘူးနော် ညီမလေးရေ။

    ReplyDelete
  4. ဟုတ်ကဲ့အမလုလု..
    ဒီမှာရှာကြည့်လိုက်မယ်..
    ဟင်းမချက်တတ်တဲ့ညီမလေး.အမချက်တဲ့ဟင်းတွေကြည့်ပီးအမြဲချက်နေတာ..အားပေးနေတယ်နော်အမ
    ကျေးဇူးအမ..

    ReplyDelete