Sunday, March 9, 2008

မုန့်သိုင်းခြုံ



ဒီနေ့တော့ ကျွန်မရဲ့ ချစ်မောင်နှမတွေကို မြန်မာမုန့်တွေထဲက မုန့်သိုင်းခြုံလုပ်ကျွေးပါရစေနော်။ ဒီမုန့်ကလေး လုပ်စားဖို့အတွက် လိုအပ်တဲ့အမယ်တွေက မများသလို၊ လုပ်ရတာလည်း လက်မ၀င်တဲ့အတွက် လွယ်လွယ်ကူကူ လုပ်စားနိုင်ပါတယ်နော်။
မုန့်သိုင်းခြုံလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဘဲဥ ၇ လုံး၊ ဂျုံမှုန့်ငါးကျပ်သားခန့်၊ စားဆော်ဒါအနည်းငယ်၊ အုန်းသီး၊ သကြား၊ ဆီနဲ့ ဆားအနည်းငယ် တို့ပါနော်။
ဂျုံမှုန့်ရယ်၊ ဘဲဥရယ်၊ ရေအနည်းငယ်ရယ်၊ ဆားလေးရယ်နဲ့ သကြားလေးရယ်နဲ့ အတူ ရောခေါက်ပေးပါ။ မုန့်နှစ်ပွအောင် စားဆော်ဒါလေး လက်ဖက်စားဇွန်းတစ်ဇွန်းလောက်ထည့်မွှေပေးပါနော်။ မုန့်နှစ်ရည်က အရမ်းကျဲကျဲမဟုတ်ဘဲ ဇွန်းလေးနဲ့ခပ်ပြီး အောက်ဘက်ကို လောင်းချကြည့်ပါ။ ကြွက်မြီးတန်းလေး အနေအထား ဆိုရင်တော့ မုန့်နှစ်ရည်စပ်တာ အတော်ပါပဲနော်။ အုန်းသီးကို လက်ခြစ်နဲ့ ခြစ်ထားပေးပါ။ ပြီးတော့မှ မီးဖိုပေါ် ဒယ်အိုးလေးတင်ပြီး အုန်းသီးနဲ့ သကြားကို မီးလေးအသင့်အတင့်နဲ့ အသာအယာ လှိမ့်ပေးထားပါ။ အုန်းသီးလေးတွေ သကြားဓာတ်ဝင်ပြီး ခပ်တောင့်တောင့်လေးဖြစ်သွားပြီဆိုရင်တော့ ဒယ်အိုးကို မီးဖိုပေါ်ကနေ ချပြီး အုန်းယိုလေးကို အအေးခံထားပေးပါနော်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မီးအသင့်အတင့်နဲ့ မီးဖိုပေါ်မှာ ဒယ်အိုးအပြန့်ကို တင်၊ ပြီးတော့ ဆီလေး နည်းနည်းလေးကိုထည့်၊ ပြီးတော့မှ မုန့်နှစ်ကို ဇွန်းလေးနဲ့ခပ်ပြီးတော့ အ၀ိုင်းလေးဖြစ်အောင် ၀ိုင်းပေးပါ။ ပြီးတော့မှ အလယ်ကနေ အုန်းသီးယိုလေးကိုထည့်ပြီး မုန့်အနားဖတ်လေးတွေကို အလယ်ကိုရောက်အောင် ခေါက်ထည့်ပေးပါ။ ပြီးတော့မှ မုန့်ကို ဟိုဘက်လှန်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ပူပူနွေးနွေး မွှေးမွှေးအီအီအရသာလေးနဲ့ မုန့်သိုင်းခြုံလေး ရပါပြီနော်။ ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။
မှတ်ချက်။ ။ ဘဲဥအစား ကြက်ဥကိုလည်း အစားထိုးသုံးနိုင်ပါတယ်။

3 comments:

  1. လုလုရေ - တခုလောက်မေးပါရစေ။ ကျပ်သားက ချိန်ဖို့မလွယ်လို့ - ကျပ်သားနဲ့ ခွက်ချိန် ဘယ်လို ပြောင်းရတယ်ဆိုတာ သိပါရစေ။ ဒါမှမဟုတ်လဲ အောင်စနဲ့ ဘယ်ကို ဘယ်လို ပြောင်းရတယ် ပေါ့။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. Botlay ရေ့ 
    လွယ်လွယ်ပြောရရင် တစ်ကီလိုက 62 ကျပ်သားပါနော်။ အဲ့ဒီလိုဆိုရင် ရပြီလားမသိ။

    ReplyDelete
  3. လုပ်စားခြင်နေတာကြာပြီ အဲဒီလောက်ဘဲဥတွေ အများကြိးထည့်ရတယ် မထင်ခဲ့ဘူး။ ဒါကြောင့် ဒီလောက်စားကောင်းတာကိုး လုလုရေ။ အန်တီသက်တော့ ပိတ်ရက်ဟာ အဲဒီလို ရေဆင်းမှာ မရနိုင်တဲ့ အစားအသောက်တွေလုပ်စားတဲ့နေ့ပါဘဲ။ ရေဆင်းက ငတ်တယ်လေ။ ဒါတောင် အန်တီသက်တို့ရဲ့ မဟာကျောင်းတော်ကြီးရှိနေလို့နော်။
    ချစ်ခင်လျက်

    ReplyDelete