Tuesday, February 5, 2008

သတ်သတ်လွတ်မှိုကြော်

သတ်သတ်လွတ်စားတဲ့ ချစ်မောင်နှမတွေအတွက် ရည်ရွယ်ပြီး မှိုကြော်လေး ကြော်ပေးပါရစေနော်။ မှိုမှာ သဘာဝအလျှောက် ပေါက်တဲ့မှိုနဲ့ စိုက်ပျိုးမှိုဆိုပြီး ရှိပါတယ်။ တောင်ပို့မှိုကျတော့ နွေအကုန်မိုးအကူးရာသီမှာ စတင်ပြီး ပေါက်တတ်ပါတယ်။ ကောက်ရိုးမှို၊ ငွေနှင်းမှိုစတာတွေကတော့ စိုက်ပျိုးမှိုတွေပါနော်။ အခု ကျွန်မကြော်တဲ့အခါမှာ သုံးမယ့်မှိုကတော့ ကောက်ရိုးမှိုပါ။
မှိုကြော်တဲ့အခါမှာ လူကြီးသူမတွေက အဆိပ်အတောက်ကင်းအောင် ကန်ဇွန်းရွက်လေးထည့်ကြော် ဒါမှမဟုတ်ရင် ငရုတ်သီးစိမ်းလေးထည့်ကြော်ဆိုပြီး အမြဲသတိပေးလေ့ရှိပါတယ်။ အခု မှိုကြော်ဖို့ လိုအပ်တာလေးတွေကတော့ ကောက်ရိုးမှို၊ ကန်ဇွန်းညွန့် နည်းနည်း၊ ငရုတ်သီးစိမ်းအနည်းငယ်၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲ၊ အချိုမှုန့်အနည်းငယ်နဲ့ ဆီတို့ပါ။

ကောက်ရိုးမှိုက ခူးပြီးခါစမှာ လုံးလုံးဖူးဖူးလေးတွေဖြစ်နေပေမယ့် နောက်တစ်ရက်ကျရင် အပွင့်လေးတွေ ပွင့်အာ ထွက်သွားပါတယ်။ မှိုပွင့်နဲ့ မှိုအခြေက ကောက်ရိုးမျှင်လေးတွေကို ဖယ်ရှားပစ်ဖို့ မှိုပွင့်လေးကို လက်တစ်ဖက်ကကိုင်၊ ရေဇလုံကို အောက်မှာခံထားပြီး မှိုကို ရေဆွတ်ပြီး သွားပွတ်တံအဟောင်းလေးနဲ့ အသာအယာ ပွတ်ဆေးပေးပါ။ ပြီးရင်တော့ မှိုပွင့်လေးတွေကို ရေစင်အောင်ဆေး၊ ထက်ခြမ်းခွဲပြီး ရေစစ်ပေးထားပါ။ ကန်ဇွန်းညွန့်လေးတွေကိုလည်း ရေစင်အောင်ဆေး၊ လိုအပ်သလို ဖြတ်တောက်ပြီး ရေစစ်ပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်းကိုလည်း ရေဆေးပြီး ထက်ခြမ်းခွဲပေးထားပါ။ ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး ဓားပြားရိုက်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်ပြီး ဆီထည့်ပါနော်။ ဆီပူလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူနွမ်းပြီဆိုရင်တော့ မှိုကိုထည့်ပြီး မွှေပေးပါ။ မီးပြင်းပါစေနော်။ ဆား၊ သကြားအနည်းငယ်၊ ပဲငံပြာရည်အကျဲအနည်းငယ်နဲ့ အချိုမှုန့်အနည်းငယ်ထည့် မွှေပြီး အဖုံးခဏလောက် အုပ်ထားလိုက်ပါနော်။ ၂ မိနစ်လောက်နေလို့ မှိုနူးသွားပြီဆိုရင်တော့ ဒယ်အိုးဖုံးပြန်ဖွင့်ပြီး ကန်ဇွန်းရွက်ထည့်ပြီး မှိုတွေနဲ့ နှံ့အောင် ကြော်ပေးပါ။ ကန်ဇွန်းရွက်နွမ်းတာနဲ့ တပြိုင်နက် ငရုတ်သီးစိမ်းလေးအုပ်ပြီး မွှေပေးပါ။ ဆား၊ အချိုမှုန့်အနည်းငယ်ထပ်ထည့်ပြီး အပေါ့အငံအရသာကိုမြည်းပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ မီးပိတ်ပြီး ဟင်းအိုးကို မီးဖိုပေါ်ကနေ ချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ ပူပူနွေးနွေး သတ်သတ်လွတ် မှိုကြော်လေး ရပါပြီနော်။ သတ်သတ်လွတ်စားတတ်တဲ့ မောင်နှမတွေအတွက် ဟင်းတစ်ခွက်ပါနော်။

1 comment:

  1. မှိုကို အာရှနိုင်ငံတွေကသာ အဆိပ်ရှိမှာစိုးလို့  ကြောက်လန့် နေတာ။ အိမ်က ဂရိမ ကတော့ မှိုကို ရေတောင် ပြောင်အောင် မလောင်းဘဲ ပါးစပ်ထဲ ထဲ့ပစ်စားတာ။ ကျနော့်မှို ခိုးစားနေတာ မျက်မြင်တွေ့  လိုက်ရလို့ သာ သိတာ။... အောင်မယ် သူ က ပြောသေး ငါဘယ်သူ ပစည်းမှ မကိုင် မထိ မစားဘူးတဲ့ ပါးစပ်ထဲမှာ ကျနော့် မှို ပါးလုပ်ပါးလောင်းနဲ့ ဟီးဟီး ဗမာ ပီပီ အားနာလို့  ပါးစပ် အဟောင်းသားနဲ့  ဘာမှပြန်မပြောနိုင်လိုက်ဘူး...

    ReplyDelete