Tuesday, January 8, 2008

ဝက်သားပေါင်း




ဝက်သားပေါင်းစားချင်တယ်လို့ ပြောထားတော့ ညီမလေးအမွန်အတွက် ၀က်သားပေါင်းလုပ်နည်းလေးကို ပြောပြပါရစေနော်။ ၀က်သားပေါင်းလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်သားအသား၊ ကြက်သွန်ဖြူ၊ကြက်ဥ၊ ချင်း၊ ဆား၊ သကြား၊ ကော်မှုန့် (corn flour)၊ ဂျုံမှုန့် (wheat flour)၊ အချိုမှုန့်၊ နှမ်းဆီ၊ တရုတ်မာဆလာ၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကြည်နဲ့ ဖက်ထုပ်ရွက် (rice paper) တို့ပါနော်။
ဝက်သားပေါင်းနည်းအမျိုးမျိုးရှိတဲ့အထဲက ကျွန်မတို့အိမ်မှာ လူဦးရေများများနဲ့ လုပ်စားဖြစ်တဲ့ နည်းတွေကို ပြောပြပါမယ်နော်။
ဝက်သားအသားသက်သက် (၅၀) ကျပ်သား ကို သန့်ရှင်းအောင် ရေဆေးပြီး နုတ်နုတ်စင်းပါနော်။ ပြီးရင် ချင်း (ခြစ်ပြီးသား စားပွဲတင်ဇွန်း ၃ ဇွန်း) နဲ့ ကြက်သွန်ဖြူ (ခြစ်ပြီးသား စားပွဲတင်ဇွန်း ၅ ဇွန်း)ကိုလည်း ပြင်ထားပေးပါ။ ဂျုံမှုန့် စားပွဲတင်ဇွန်း (၃) ဇွန်းနဲ့ ကော်မှုန့် စားပွဲတင်ဇွန်း (၃) ဇွန်းကိုလည်း ပြင်ပေးထားပါ။ ပဲငံပြာရည်အပျစ် (၃) ဇွန်းနဲ့ အကြည် (၃) ဇွန်းပြင်ပေးထားပါ။ တရုတ်မာဆလာ လက်ဖက်ရည်ဇွန်း (၁) ဇွန်း ပြင်ပေးထားပါနော်။ ဆား၊ သကြားနဲ့ အချိုမှုန့်တို့ကိုလည်း ပြင်ပေးထားပါ။ ကြက်ဥ(၅)လုံးကိုလည်း အနှစ်ကိုဖယ်ပြီး အကာတွေချည်း ယူထားပေးပါ။ နှမ်းဆီ စားပွဲတင်ဇွန်း (၂) ဇွန်းကိုလည်း ပြင်ပေးထားပါ

(ကက) ဇလုံတစ်ခုထဲကို ၀က်သားနုတ်နုတ်စင်းထားတာတွေထည့်ပါ။ ပြီးရင်တော့ ဆား၊ သကြား၊ အချိုမှုန့်၊ ခြစ်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ပဲငံပြာရည်၊နှမ်းဆီ၊ တရုတ်မာဆလာတို့ကို ထည့်ပြီး အားလုံး သမအောင် နယ်ပေးပါ။ ပြီးရင် ကြက်ဥအကာတွေကိုပါထည့်ပြီး သမအောင် မွှေပေးပြီး နာရီဝက်လောက် နှပ်ထားပေးပါနော်။ (ကမ္ဘောဒီးယားဝက်သားပေါင်းကတော့ အထက်မှာ ကျွန်မဖေါ်ပြခဲ့တဲ့အတိုင်း ပါဝင်ပစ္စည်းရော လုပ်ပုံကိုင်နည်းပါ အတူတူပါပဲရှင်။ ထူးခြားတာကတော့ အဲ့ဒီဝက်သားနုတ်နုတ်စင်းထဲမှာ သူတို့က ငါးဆားနယ်နည်းနည်းကိုပါ ရောပြီး နုတ်နုတ်စင်းထည့်ပါတယ်။ ကျွန်မ အရမ်းကို အံ့သြသွားပါတယ်။ ၀က်သားနဲ့ ငါးဆားနယ် ဘယ်လိုများ လိုက်ဖက်မလဲလို့လေ။ ဒါပေမယ့် အရသာရော အနံ့ပါ ထူးထူးခြားခြားလေး ဖြစ်နေတာကို စားကြည့်တဲ့အခါမှ သိရပါတယ်။ ကြိုက်တတ်ရင် စမ်းသပ်ကြည့်လို့ရအောင် ထည့်ရေးပေးလိုက်တာပါနော်။)

ပထမတစ်နည်းကတော့ ၀က်သားတွေကို ဇလုံထဲထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းတဲ့နည်းကို ပြောပြပါမယ်နော်။
မီးဖိုပေါ် အိုးတစ်လုံးတင်၊ အဲ့ဒီအိုးထဲ ရေထည့်ပြီး ၀က်သားဇလုံကိုထည့်ပါ။ ပြီးရင် အပေါ်က အိုးအဖုံးဖုံးပြီး ရေနွေးငွေ့နဲ့ ၀က်သားပေါင်းပေးပါနော်။ ကြက်ဥအကာများရင် များသလို ၀က်သားပေါင်းက ပွတက်လာပါလိမ့်မယ်နော်။ ရေနွေးပွက်ပွက်ဆူတဲ့အချိန်ကစပြီး အနည်းဆုံး ၁၅ မိနစ်လောက် ပေါင်းပေးပါ။ ၀က်သားပေါင်းကျက်ပြီဆိုရင်တော့ ရေနွေးအိုးအဖုံးကိုဖွင့်ပြီး ခဏစောင့်ပါနော်။ (မျက်နှာက ချက်ချင်း အိုးနား မကပ်လိုက်နဲ့နော်။ မျက်နှာကို ရေနွေးငွေ့အပူတွေ ဟပ်ကုန်မှာစိုးလို့။ ) ပြီးတော့မှ ၀က်သားပေါင်းဇလုံကို ထုပ်ယူလိုက်ပြီးတော့ အပေါ်ကနေ တရုတ်နံနံ၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရာကို ဖြူးပါ။
အချဉ်အတွက်ကတော့ ငရုတ်ဆီကြိုက်နှစ်သက်ရင် ငရုတ်ဆီနဲ့ တို့စားနိုင်သလို သံပုရာရည် ဒါမှမဟုတ် ရှောက်ရည်ထဲကို ငရုတ်ကောင်းမှုန့်ရယ်၊ ဆားလေးနည်းနည်းရယ်၊ သကြားလေးနည်းနည်းရယ်ထည့်ပြီး မွှေလိုက်ပါ။ ငရုတ်သီးအပွတောင့်တွေကို ရေဆေးပြီး အစေ့တွေဖယ်ကာ လေးထောင့်တုံးလေးတွေဖြစ်အောင် လှီးပေးထားပါ။ ခရမ်းသီး ခပ်နုနုချိုချိုလေးတွေကို ရေဆေးပြီး အစိမ်းအတိုင်း အ၀ိုင်းလေးတွေ ဖြစ်အောင်လှီးပေးထားပါ။ ဆတ်လတ်ရွက်ကိုလည်း ရေဆေး၊ ရေစစ်ပြီး ပြင်ထားပေးပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းလည်း ပြင်ပေးထားပါ။
ပြီးတော့မှ ၀က်သားပေါင်းကို ဓားနဲ့ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေဖြစ်အောင်လှီးပြီး ဆတ်လတ်ရွက်လေးကို အောက်ခံ၊ ပြီးတော့ ငရုတ်ပွနဲ့ ခရမ်းသီးလေးကိုထည့်၊ ၀က်သားပေါင်းကို ငရုတ်ကောင်းမှုန့်အချဉ်နဲ့ တို့ပြီး အပေါ်ကနေတင်ပြီး ဆတ်လတ်ရွက်နဲ့ ပြန်ထုပ်လိုက်ပြီး အလွယ်တကူ သုံးဆောင်နိုင်ပါတယ်။ ကြိုက်တတ်ရင်တော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုပါ ကိုက်စားပါနော်။

ဒုတိယနည်းကတော့ (ကက) အတိုင်း ပြုပြင်ထားတဲ့ အသားတွေကို (rice paper) နဲ့ ထုပ်ရမှာဖြစ်ပါတယ်။ rice paper က မာနေတာမို့ အသားနဲ့ မထုပ်ခင်မှာ ရေနဲ့စိမ်ရမှာဖြစ်ပါတယ်။ ပန်းကန်ပြားတစ်ချပ်ထဲကို့  rice paper ထည့်ပြီး အပေါ်ကနေ ရေဖျန်းပေးပါ။ အဲ့ဒီအရွက်ပျော့သွားတဲ့အခါ လက်မနဲ့ လက်ညှိုး အဲ့ဒီအရွက်ကိုထည့်ပြီးတော့ အပေါ်ကနေ ၀က်သားကို ဇွန်းလေးနဲ့ ယူပြီး ဖက်ထုပ်ရွက်ရဲ့ အလယ်ထဲကို ဇွန်းလေးနဲ့ အသာလေး ဖိထည့်ပေးပါနော်။ အသားတွေကို အများကြီး မထည့်ရဘူးနော်။ ပြီးတော့မှ အပေါ်ကနေ ဖက်ထုပ်ရွက်လေးတွေကို နှုတ်ခမ်းသပ်လိုက်ပါနော်။ တချို့ကလည်း အဲ့ဒီဝက်သားလုံးအပေါ်ကနေ ပဲစိမ်းလုံးလေးတွေ၊ ပြောင်းဖူးစေ့လေးတွေ ထည့်တတ်ပါတယ်နော်။ ကိုယ်လိုချင်တဲ့ အလုံးအရေအတွက် ရအောင်လုံးပါနော်။ ပြီးတော့မှ ကြိမ်ခြင်းလေးတွေရှိရင် ကြိမ်ခြင်းလေးထဲကို အောက်ကနေ ဂေါ်ဖီထုပ် ဒါမှမဟုတ် မုန်ညင်းဖြူ ခံထည့်၊ အပေါ်ကနေ ၀က်သားထုပ်လေးတွေ တန်းစီထည့်ပြီး ကြိမ်ခြင်းအဖုံးအုပ်ပြီး ရေနွေးငွေ့နဲ့ ၁၅ မိနစ်လောက် ပေါင်းပေးပါနော်။ နှစ်ထပ်ပေါင်းအိုးနဲ့လည်း ပေါင်းလို့ရပါတယ်နော်။ တကယ်လို့ ပေါင်းအိုးမရှိခဲ့ရင်လည်း ပထမနည်းအတိုင်း ရေနွေးငွေ့နဲ့ ပေါင်းနိုင်ပါတယ်။
သူ့အတွက် အချဉ်စပ်နည်းကတော့ ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း (၅) ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း (၁) ဇွန်း၊ ခြစ်ထားတဲ့ ချင်း လက်ဘက်ရည်ဇွန်း (၁) ဇွန်း၊ သကြား လက်ဘက်ရည်ဇွန်းတစ်ဝက်တို့နဲ့ အတူရောဖျော်ပါ။ ကြိုက်တတ်ရင် ကြက်သွန်မြိတ်၊ တရုတ်နံနံတို့နဲ့အတူ တွဲဘက်သုံးဆောင်နိုင်ပါတယ်နော်။

3 comments:

  1. မမရေ..

    မွန် ၀က်သားမစားဘူး။ အချစ်အတွက် ပေါင်းပေးမလို့ပါ။ ဟိဟိ

    ReplyDelete
  2. အမရေ ၀က်သားဒုတ်ထိုးလုပ်နည်းက မတင်ရသေးတာလား ရှာမတွေ့လို့ အမရဲ့ ဘလော့မှာ သိချင်တာတွေကိုဘယ်လိုရှာရမလဲ အိမ်မှာဝက်သားဒုတ်ထိုးလုပ်စာုးကည့်မလို့ လုပ်ပါအုံး

    ReplyDelete
  3. ၀က်သားဒုတ်ထိုးလုပ်နည်းက http://lulucooking.blogspot.com/2007/12/blog-post_3286.html အဲ့ဒီလင့်ခ်မှာပါနော်။ နောက်ပြီး အစားအသောက်တွေကို ရှာဖွေချင်တယ်ဆိုရင် ဘလော့ဂ်ရဲ့ ဘယ်ဘက်မှာ ဟင်း၊ ဟင်းရံ၊ အရည်သောက် စသဖြင့် လေဘယ်လ်လေးတွ ပေးထားပါတယ်နော်။ အဲ့ဒီထဲကနေ တဆင့်သွားရှာလို့ရပါတယ်နော်။

    ReplyDelete