Wednesday, December 19, 2007

မုန့်လုံးရေပေါ်


မုန့်လုံးရေပေါ်ကို မြန်မာလူမျိုးများက သင်္ကြန်အခါမှာ အလှူဒါနပြုဖို့
လုပ်ကိုင်ကြသလို လူငယ်အချင်းချင်း ချစ်ခင် ရင်းနှီးစေတဲ့သဘောအနေနဲ့လည်း
လုပ်ကိုင်ကြပါတယ်။ မုန့်လုံးရေပေါ်လုံးကြတဲ့အခါမှာ အပျော်သဘောနဲ့ မုန့်ထဲ
ငရုတ်သီးစိမ်းတွေထည့်ပြီး ကျီစယ်ကြပါတယ်။
မုန့်လုံးရေပေါ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကောက်ညှင်း၊
ဆန်ကြမ်း၊ ထန်းလျက်၊ အုန်းသီးတို့ လိုအပ်ပါတယ်။ အချိုးကတော့
ကောက်ညှင်းတစ်ပြည်ကို ဆန်ကြမ်းတစ်လုံးထည့်ပါတယ်။ ဒါကလည်း
မုန့်သားအပျော့အမာပေါ် မူတည်ပါတယ်။ တချို့ကတော့ မုန့်သားကို
နည်းနည်းမာတာကြိုက်တတ်ကြတဲ့အတွက် ဆန်ကြမ်းပိုထည့်ပါတယ်။ ကျွန်မကတော့
မုန့်သားအိအိလေးဖြစ်နေတာကို ကြိုက်တဲ့အတွက် ကောက်ညှင်းပိုထည့်ပါတယ်။


ကောက်ညှင်းနဲ့ဆန်ကြမ်းကိုရောပြီး ရေဖြင့် သန့်စင်အောင် ဆေးပြီး စစ်ထားပါ။
ပြီးလျှင် မုန့်ကြိတ်ပါ။ မုန့်ရည်ရလာတဲ့အခါကျရင် မုန့်အိတ်ထဲကို
မုန့်ရည်တွေထည့်ပြီး မုန့်အိတ်ကို ကြိုးချည်ပြီး မုန့်ရည်ကို တစ်ညသိပ်
စစ်ထားပေးပါ။ စစ်သွားတဲ့ မုန့်တွေကိုမှ သေချာနယ်ပေးပါ။ မုန့်သားမနယ်ခင်
လက်ကို စင်အောင်ဆေးပြီးမှ နယ်ပါ။ မုန့်သားနယ်တာ နပ်လောက်ပြီဆိုရင်
မုန့်လုံးလုံးဖို့ ပြင်ပါမယ်။ ထန်းညက်ခဲကိုလည်း စိတ်ထားပေးပါနော်။
အုန်းသီးကိုလည်း ခြစ်ထားပေးပါ။
မုန့်လုံးတဲ့အခါကျရင် မုန့်သားကို အနေတော်လောက်လေးယူပြီး ဘယ်ဘက်
လက်ဝါးပြင်ပေါ်မှာတင်၊ ညာဘက် လက်မလေးနဲ့ မုန့်သားအလယ်လေးကို
ဖိလိုက်ပြီးတော့ ထန်းညက်ခဲစိတ်လေးကို တင်၊ ပြီးတော့မှ မုန့်သားလေးတွေကို
အလုံးလေးဖြစ်အောင်လုံးပါ။
မီးဖိုပေါ် ရေနွေးအိုး ပွက်ပွက်ဆူအောင်တည်ထားပါ။
လုံးပြီးသားမုန့်လုံးလေးတွေကို ရေပွက်ပွက်ဆူထဲထည့်ပါ။ မုန့်လုံးလေးတွေ
ကျက်ပြီဆိုရင်တော့ မုန့်လုံးလေးတွေက ရေပေါ်ကို ပေါလောပေါ်လာပါမယ်။
အဲ့ဒီကျက်သွားတဲ့ မုန့်လုံးလေးတွေကို ဆယ်ယူပြီးတော့ ရေအေးထဲ
ထည့်စိမ်ပြီးတော့မှ ရေစစ်ထားလိုက်ပါ။
ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ယူ၊ မုန့်လုံးလေးတွေ တန်းစီထည့်၊ အပေါ်ကနေ
အုန်းသီးဖြူးလိုက်ရင်တော့ မုန့်သားအိအိ ထန်းလျက်ချိုချို
အုန်းသီးဆိမ့်ဆိမ့်မွှေးမွှေးလေးနဲ့ မုန့်လုံးရေပေါ်ရပါပြီ။
သင်္ကြန်တွင်းမှာလုပ်တဲ့ မုန့်လုံးရေပေါ်စားရင်တော့ ငရုတ်သီးကို
သတိထားစားနော်။ အားပေးကြပါဦးနော်။

2 comments:

  1. ဗူးသီးကြော်ကတည်းက မုန့်ကြိတ်ဖို့ရာ အခက်တွေ့နေတယ် မမလု ;-(။
    ခု မုန့်လုံးရေပေါ်မှာလဲ ဘယ်လို ကြိတ်ရမယ် မသိဘူးရယ်။

    ReplyDelete
  2. မဂရေ့စ်နဲ့ မပန်းနွယ်ရေ့ ကောက်ညှင်းမှုန့်ရော ဆန်မှုန့်ရောကို နိုင်ငံခြားမှာ ရယ်ဒီမိတ်တွေကို ၀ယ်လို့ရပါတယ်။ ကျွန်မကတော့ ဂျပန်မှာနေတုန်းက ကောက်ညှင်းမှုန့်သီးသန့်ကိုသုံးပြီး မုန့်လုံးရေပေါ်နဲ့ မုန့်ကြာစေ့လုပ်ကျွေးဖူးပါတယ်။ အဆင်ပြေပါတယ်။ မုန့်သား ပိုအိပါတယ်။ ဒါပေမယ့် မုန့်တွေကတစ်လုံးနဲ့တစ်လုံး ကပ်ကုန်တာမို့ ချက်ချင်းဆယ်၊ ချက်ချင်းစားမှ ကောင်းပါတယ်။ အဲ့ဒါကြောင့်မို့ မုန့်လုံးရေပေါ်အတွက် မုန့်နှစ်စပ်မယ်ဆိုရင် မုန့်သားမာမာကြိုက်တတ်ရင် ဆန်မှုန့်များများပိုထည့်ပြီး မုန့်သားအိအိလေးကြိုက်တတ်ရင် ဆန်မှုန့်နည်းနည်းလျော့ထည့်ပါ။ ပုံမှန်အတိုင်းဆိုရင် ကောက်ညှင်းငါးဆ ဆန်တစ်ဆ ထည့်တတ်ကြပါတယ်။
    ကောက်ညှင်းမှုန့်နဲ့ဆန်မှုန့်ကို ရေနဲ့စပ်ပြီး မုန့်သားနယ်တဲ့အခါမှာ ရေကို ချိန်ထည့်ပါ။ ရေများသွားရင် မုန့်လုံးလို့မရဘဲ ချော်ထွက်နေတတ်ပါတယ်။ ရေကို ဖြည်းဖြည်းချင်းထည့်ပြီး ကောက်ညှင်းဆန်မှုန့်နဲ့ ရေ သမသွားအောင် နယ်ပေးပါနော်။ အဲ့ဒါဆိုရင် အဆင်ပြေမှာပါ။

    ReplyDelete