Tuesday, December 4, 2007

ကြံရဖန်ရ အိမ်ရှင်မဘဝ


ဈေးဝယ်မထွက်ဖြစ်တဲ့ နေ့မျိုးတွေမှာ အိမ်မှာရှိတဲ့ အခြောက်အခြမ်းတွေနဲ့ စားမြိန်ဟင်းကောင်းတစ်ခွက်ချက်နိုင်ဖို့ စဉ်းစားလိုက်တဲ့အခါမှာ ငါးရံ့ခြောက်ကလည်း အဆင်သင့်ရှိနေ၊ ခရမ်းချဉ်ကလည်း ရှိပြီးသားဆိုတော့ အဆင်ပြေတာပေါ့နော်။ ငရုတ်သီးစိမ်းလေးတွေလည်း အပင်မှာအသီးတွေအများကြီး၊ ရခိုင်ငါးပိကလည်း လက်ဆောင်ရထားတာမို့ ရခိုင်ငါးပိထောင်းစပ်စပ်လေးထောင်းလိုက်မယ်လို့လည်း စိတ်ကူးလိုက်ပြန်သေးတယ်။ ခြံထဲက ဗူးစင်မှာ ဗူးညွန့်လေးတွေလည်း လက်ကျန်ဗူးညွန့်လေးတွေကို မနက်က ခြံထဲ တံမြက်စည်းလှည်းရင်းနဲ့ တွေ့ခဲ့တာမို့ ဗူးညွန့်လေး ပြုတ်တို့လိုက်ရရင် ကောင်းမှာဆိုပြီး ဟင်းချက်ဖို့ကို စတင်အကောင်အထည်ဖေါ်ပါတော့တယ်။

ငါးခြောက်ခရမ်းချဉ်သီးချက်
ငါးရံ့ခြောက်က တော်တော်လေးခြောက်နေတာမို့ မချက်ခင်ကတည်းက ကြိုတင်ပြီး ရေစိမ်ထားလိုက်တယ်။ နာရီဝက်လောက်ကြာမှ ငါးခြောက်ကို ရေထဲကနေဆယ်၊ အကြေးခွံတွေရှိရင် ဖယ်ရှားပစ်ပြီးတော့မှ လက်သုံးလုံးအရွယ်လောက်မှန်းပြီး လှီးလိုက်ပါနော်။ ပြီးတော့ ကိုင်းခရမ်းချဉ်သီးတွေကို ရေစင်အောင်ဆေး၊ ရေစစ်ထားပြီးတော့ ခရမ်းချဉ်သီးတွေကို ခပ်ပါးပါးလှီးလိုက်ပါတယ်။ ကိုင်းခရမ်းချဉ်သီးက အချဉ်ဓါတ်ပါတဲ့အတွက် ငါးခြောက်နဲ့ တွဲပြီးချက်စားတဲ့အခါမှာ အဆင်ပြေပါတယ်။ ငရုတ်သီးအခြောက်တောင့်ကိုလည်း အစေ့ထုတ် ရေစိမ်ပြီး ညက်အောင်ထောင်းပါတယ်။ ပြီးတော့မှ ကြက်သွန်ဖြူနီကို အခွံနွှာပြီး ထည့်ထောင်းပါတယ်။ ငရုတ်သီးစိမ်းလေးတွေကိုလည်း ရေဆေးပြီး ထက်ခြမ်းခြမ်းထားလိုက်ပါတယ်။
အားလုံးအသင့်ဖြစ်ပြီဆိုတော့မှ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီလေးထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး နည်းနည်းခပ်၊ ပြီးတော့မှ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကို ထည့်ပြီး ဆီသတ်ပေးပါ။ ဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ တပြိုင်နက် ငါးခြောက်တွေကိုထည့်ပြီး ဆီသတ်ပေးပါ။ အဲ့ဒီအချိန်မှာ ဆားအနည်းငယ်နဲ့ အချိုမှုန့်တို့ကိုလည်း ထည့်ပေးပါ။ ဆားကိုတော့ ငါးခြောက်အပေါ့အငံပေါ်မူတည်ပြီး အလေးအပေါ့မှန်းပြီးထည့်ပါနော်။ ပြီးရင် ငါးခြောက်တွေကို ဒယ်အိုးရဲ့ တစ်ဖက်နားကို ကပ်ထားပြီး ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပြီး မွှေပေးပါ။ ပြီးတော့မှ ခရမ်းချဉ်သီးနဲ့ ငါးခြောက်ကို ရောပြီး နောက်ထပ်မွှေပေးပါနော်။ ပြီးရင်တော့ ခရမ်းချဉ်သီးလည်း နူးသွားရအောင် အဖုံးအုပ်ထားပေးပါ။ ငါးမိနစ်လောက်ကြာရင် အဖုံးဖွင့်ပြီး ဟင်းအိုးမကပ်ရအောင်နဲ့ အထက်အောက် သမသွားအောင် တစ်ခါမွှေပေးပါ။ ပြီးလျှင် မီးဖိုကို မီးလျော့ပြီး ဒယ်အိုးအဖုံးအုပ်ပြီး နောက်ထပ် ငါးမိနစ်လောက် ထပ်တည်ပေးပါနော်။ ပြီးရင်တော့ ဆီအပြန် ရေအကျန်ကိုတော့ ကိုယ်နှစ်သက်သလောက်ထား၊ ငရုတ်သီးစိမ်းလေးအုပ်၊ အပေါ့အငံမြည်းပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ငါးခြောက် ခရမ်းချဉ်သီးချက်ဟင်း တစ်ခွက်ရပါပြီ။

ရခိုင်ငါးပိထောင်းနဲ့ ဗူးညွန့်ပြုတ်
ရခိုင်ငါးပိက တခြားရပ်ရွာက ငါးပိစိမ်းစာတွေနဲ့ အရောင်မတူပါဘူး။ ရခိုင်ငါးပိက အရောင်က မလှပေမယ့် အချိုအရသာက အရမ်းကောင်းပါတယ်။ ရခိုင်ငါးပိထောင်းထောင်းမယ်ဆိုရင် ငါးပိစိမ်းစားက နည်းနည်း ငရုတ်သီးများများ ထည့်ထောင်းတာမျိုးဆိုတော့ အခုလို ဆောင်းရာသီမှာ စားလိုက်ရရင် ဖျားချင်သလိုဖြစ်နေတာတွေ တစ်ခါတည်းကို ထွက်ပြေးသွားမှာ့  အဲ့ဒါနဲ့ပဲ ငါးပိစိမ်းစားလေးကို ငှက်ပျောဖက်လေးနဲ့ထုပ်ပြီး မီးသွေးမီးဖိုရဲ့ ကုန်ခါနီး မီးကျီခဲတွေထဲ ထည့်ပြီးမီးကင်ပါတယ်။ ငှက်ပျောဖက်အုံးထားတဲ့အတွက် ငါးပိမီးကင်နံ့လေးက ပိုပြီး မွှေးပါတယ်။ ကြက်သွန်ဖြူကိုလည်း တစ်လက်စတည်း မီးအုံးပါတယ်။ ငရုတ်သီးစိမ်းလေးတွေကိုတော့ သီတံလေးနဲ့သီပြီး မီးကင်ပါတယ်။ ပြီးရင်တော့ မီးကင်ထားတဲ့ ငါးပိ၊ ကြက်သွန်ဖြူတို့ကို ပြာတွေဖယ်ပြီးတော့ သန့်စင်ထားပါ။ ကင်ပြီးသားငရုတ်သီးစိမ်းတွေကိုလည်း သီတံကနေ ဖြုတ်ယူထားပါ။ ငရုတ်ဆုံကို သန့်စင်ပြီးနောက် ငရုတ်သီးအရင်ထည့်ထောင်းပါ၊ ပြီးရင်တော့ ကြက်သွန်ဖြူကိုထည့်ထောင်းပါ။ ကြိုက်တတ်ရင်တော့ ပုဇွန်ခြောက်လေး နည်းနည်းထည့်ထောင်းပါ၊ နောက်ဆုံးမှ ငါးပိကင်ကိုထည့်ပြီး သေချာနှံ့အောင်ထောင်းပေးပါ။ တချို့ကတော့ ငရုတ်ကောင်းလှော်ပြီး နည်းနည်းထည့်ပါတယ်။ အဲ့ဒါဆိုရင်တော့ ရခိုင်ငါးပိထောင်းစပ်စပ်လေးရပါပြီ။
ခြံထဲက ဗူးစင်က ဗူးညွန့်လေးကို ခူးပြီး ရေဆေးပြီး စစ်ထားပါတယ်။ မီးဖိုပေါ်က ရေနွေးအိုးပွက်ပွက်ဆူတာနဲ့ ဗူးညွန့်လေးကိုထည့်ပြီး ပြုတ်လိုက်ပါတယ်။ အဖုံးခဏအုပ်ထားပြီး ထပ်ဆူလာတဲ့အခါ မီးဖိုဖေါ်ကနေ ဗူးညွန့်ပြုတ်အိုးချပြီး ဗူးညွန့်တွေဆယ်လိုက်ရုံပါပဲနော်။
ဒီကနေ့တော့ ဈေးမသွားဘဲ အိမ်မှာရှိတဲ့ ခြံထွက်တွေရယ်၊ အခြောက်အခြမ်းတွေနဲ့ ချက်လိုက်ရတဲ့ ဟင်းတွေပါနော်။ ဟင်းရည်သောက်မပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ တွဲပြီးသုံးဆောင်အားပေးကြပါနော်။

2 comments:

  1. မလုရေ... သွားရည်တွေ မနည်းသိမ်းထားရတယ်.. ဂလု.. :D ပိတ်ရက်မှ မလုပြောသလို ငါးခြောက်ချက်စားအုံးမယ်..

    ငါးခြောက်ဟင်းနဲ့ ရခိုင်ငါးပိထောင်းစားသွားပြီ.. စပ်လို့ အောက်က မုန့်ဗိုင်းတောင့်ပါ ယူစားသွားတယ် မလုရေ... :D

    ReplyDelete
  2. စားချင်လိုက်တာ မလုလုရေ။ မနပ်စောစောစီးစီး သွားရည်ကျပြီး ပြန်သွားတယ်။

    ReplyDelete