Wednesday, November 28, 2007

ရှောက်သီးသုပ်




ဟင်းချက်မကျွေးဖြစ်တာ ကြာပြီဆိုတော့ ဘာဟင်းချက်ရင်ကောင်းမလဲ အမျိုးမျိုးစဉ်းစားနေတာ။ ဟင်းတွေလည်း ချက်ရတာ မြန်မာဟင်းတွေချည်းဖြစ်နေလို့ ငြီးငွေ့နေမလား စိတ်ပူမိတာလည်း တစ်ပိုင်းပေါ့။ မြန်မာမုန့်တွေချည်း တင်ပေးပြန်ရင်လည်း ရေခြားမြေခြားရောက်နေတဲ့သူတွေအတွက် အခက်များကြုံနေမလာ့း့  စတဲ့ လားလားလား လားပေါင်းများစွာကို စဉ်းစားရင်းနဲ့ပဲ နောက်ဆုံး အကြံကုန် ဂဠုန်ဆားချက်လုပ်လိုက်တာ့ ရှောက်သီးသုပ်သုပ်ကျွေးဖို့ စိတ်ကူးရသွားတော့တယ်နော်။ ရာသီဥတုကလည်း နည်းနည်းအေးလာပြီဆိုတော့ ချွေးလေးစို့သွားရအောင်ရော၊ ကျွန်မအလုပ်က ကလေးမတွေကလည်း ရှောက်သီးသုပ်ဆိုတော့ သူတို့လည်းစားချင်တယ့့်  သုပ်ကျွေးပါဆိုပြီး ၀ိုင်းအားပေးကြတာရောမို့ အကောင်အထည်ဖေါ်လိုက်ရပါတော့တယ်နော့့်် 






ရှောက်သီးသုပ်တော့မယ်ဆိုတော့ လိုတာလေးတွေကို ကမန်းကတန်း ချရေးလိုက်ပါတယ်နော့့်
ရှောက်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲဆံအလှော်၊ ပုဇွန်ခြောက်၊ ပဲမှုန့်အလှော်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဆီချက်နဲ့ အချိုမှုန့်နဲ့ ငံပြာရည်အနည်းငယ်တို့ပါနော်။ ဂေါ်ဖီထုပ်ကြိုက်ရင်လည်း ထည့်လို့ရပါတယ်နော်။
ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါနော်။ ပြီးရင် ကြက်သွန်နီအခိုးတွေ သက်သာရအောင်လို့ ရေဆေးပြီး သေချာညှစ်ပစ်ပါနော်။ မြေပဲဆံအလှော်ကိုလည်း မညက်တညက်လေးထောင်းထားပေးပါ။ ပြီးရင် ပုဇွန်ခြောက်ကိုလည်း မညက်တညက်လေး ထောင်းထားပေးပါနော်။ ကြက်သွန်ဖြူကို ခပ်ပါးပါးလေးလှီးပြီးတော့ ဆီချက်ကြော်ထားပါ။ ဆီချက်ကြော်ပြီးရင်တော့ ပန်းကန်လုံးထဲထည့်ပြီး ဒယ်အိုးထဲမှာကျန်တဲ့ဆီလေးနည်းနည်းနဲ့ ငါးပိစိမ်းစားလေးကို လှိမ့်ပေးပါနော်။ ငါးပိစိမ်းစားမီးကင်ရင် အနံ့အရမ်းပြင်းမှာစိုးရင် အဲ့ဒီနည်းနဲ့ပဲ လုပ်လိုက်ပါနော်။ နောက်ဆုံး ရှောက်သီးကို အခွံသင်၊ ပြီးတော့ အတွင်းက အခွံကို အလယ်ကနေ ခွဲပြီးတော့ ရှောက်သီးအသားတွေကို ယူပါပြီး ဆားနည်းနည်းထည့်ထားတဲ့ရေထဲ ထည့်စိမ်ပါနော်။ နောက်ပြီးတော့မှ ရှောက်သီးအသားတွေကို ရေထဲကနေ ဆယ်ယူပြီး ရေနည်းနည်းညှစ်ပေးလိုက်ပါနော်။
အားလုံးအသင့်ဖြစ်ပြီးတော့မှ ပန်းကန်တစ်ချပ်ထဲမှာ ရှောက်သီးထည့်၊ ကြက်သွန်နီထည့်၊ မညက်တညက်ထောင်း ထားတဲ့ ပုဇွန်ခြောက်မှုန့်၊ မြေပဲမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူဆီချက်၊ အချိုမှုန့်တို့ကို ထည့်ပြီး သေသေချာချာ နှံ့အောင်နယ်ပါနော်။ တချို့ကတော့ ဗိုက်နာသက်သာရအောင်လို့ ငရုတ်ကောင်းမှုန့် ထည့်ပြီး သုပ်တတ်ပါတယ်။ အပေါ့အငံကိုမြည်းပြီး အငံနည်းနည်းပေါ့ရင်တော့ ငံပြာရည်လေးနည်းနည်းထည့်သုပ်ပါနော်။ အရသာကြိုက်ပြီဆိုရင်တော့ ပန်းကန်လှလှလေးမှာ ထည့်၊ ပြီးတော့မှ အဖြူအစိမ်းကျောင်းသူလေးဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေးထည့်ပါနော်။
ကဲ့ ရှောက်သီးသုပ်ချဉ်ငံစပ်လေးနဲ့ ရေနွေးကြမ်းပူပူလေးဒါမှမဟုတ် ငရုတ်ကောင်းဟင်းခါးလေးနဲ့ တွဲပြီး အားပေးလိုက်ကြပါဦးနော့့်  ဦးရာလူစံနစ်နော့့် 

4 comments:

  1. ဦးရာလူဆိုတဲ့လူကြီး မစားခင် ပန်းကန်လုပြီး ထွက်ပြေးသွားပြီ။ "ဟဲ ဟဲ ဘာတတ်နိုင်သေးလဲကွ ဦးရာလူရ"
    ပြောမယ့်သာပြောရတာ၊ ဒီမှာ ရှောက်သီးရှာမရဘူး။ ဟင့်! စားချင်တယ်၊ တကယ်စားချင်တယ်။ :(( ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းခါး အတော်လိုက်မှာ။

    ReplyDelete
  2. မမရေ နှင်းကရှောက်သီးသုတ်ဆိုအရမ်းကြိုက်တာ မစားရဝခန်မန်း အှုမ်းမရ သရေကျသွားပါတယ် နောက်ဆို နောက်ဆိုမမလုအိမ်နားကို ပြောင်းလာမှနဲ့တူတယ် ဟင်းကပ်စားဖို့လေ :) :)

    ReplyDelete
  3. ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းခါး စားချင်လိုက်တာ :(
    ရှလွတ်

    ReplyDelete
  4. မလုရေ.. မလုရဲ့ ရှောက်သီးသုပ်ကြည့်ပြီး စားချင်လာလို့ ညက သုပ်စားလိုက်တယ်.. သိတဲ့အတိုင်း ဒီမှာက ရှောက်သီးမရှိတော့ သံပုယိုသီးကို နွှာပြီး သုပ်စားလိုက်တာပေါ့ မလုရ.. မျှဝေပေးတဲ့ မလုကို ကျေးဇူး... :)

    ReplyDelete