Thursday, November 22, 2007

မယ်ဇလီဟင်းချို

တန်ဆောင်မုန်းလပြည့်ညမှာ ကြယ်တာရာနက်ခတ်တွေ စုံလင်တဲ့အတွက် အဲ့ဒီအချိန်မှာ နွယ်မြက်သစ်ပင်တောင်မှ ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် မယ်ဇလီပင်က ပိုပြီး ဆေးဖက်ဝင်တယ်လို့ မှတ်ယူကြပြီး တန်ဆောင်မုန်းလပြည့်ညတွေမှာ မြန်မာလူမျိုးတွေက မယ်ဇလီဖူးသုပ်တို့ မယ်ဇလီဖူးဟင်းချိုတို့ လုပ်စားလေ့ရှိပြီး အိမ်နီးနားချင်းတွေကိုလည်း အလှူဒါမြောက်အောင် ပေးဝေတဲ့ဓလေ့တစ်ခုရှိပါတယ်နော်။ လာမယ့်စနေနေ့ တန်ဆောင်မုန်းလပြည့်နေ့ ကြယ်တာရာတွေစုံလင်လို့ ဆေးပေါင်းခတဲ့အချိန်မှာ စားဖို့အတွက် မယ်ဇလီဟင်းချို ချက်ပေးလိုက်ပါတယ်နော်။
မယ်ဇလီဟင်းချိုချက်ဖို့အတွက် မယ်ဇလီရွက်၊ ငါးခူ၊ ခရမ်းသီး၊ ပဲပြား၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ နီ၊ ဆီအနည်းငယ်နဲ့ ဆား၊ ငံပြာရည်၊ အချိုမှုန့်တို့ပါနော်။
မယ်ဇလီရွက်ကိုတော့ အပင်ကနေခူးတာမို့ အခါးဓါတ်သက်သာသွားအောင် ပြုတ်ပစ်ရပါတယ်။ ဆူတဲ့အခါမှာ အရွက်တွေကို ရေနွေးအိုးထဲကနေဆယ်ပြီးတော့ ရေအေးနဲ့သေချာနယ်ဆေးပစ်ပြီးတော့ အခါးရည်တွေထွက်သွားအောင် ညှစ်ထုတ်ပစ်ရပါတယ်။ သိပ်ခါးရင်လည်း ဟင်းရည်သောက်ရတာ အဆင်မပြေသလို အခါးဓါတ်မကျန်ခဲ့ရင်လည်း ဆေးဘက်ဝင်တဲ့အာနိသင်လေးတွေ ပျောက်ပျက်သွားမှာစိုးတာမို့ အရွက်ပြုတ်တဲ့အခါမှာ အရမ်းကြီးနူးအိနေအောင် မပြုတ်ရပါဘူး။
ငါးခူကိုတော့ သေသေချာချာရေနဲ့ဆေး၊ အကျိအချွဲတွေကုန်အောင် မန်ကျည်းနှစ်လေးနဲ့ နယ်ဆေးပေး၊ နှုတ်ခမ်းမွှေးတွေဖြတ်တောက်ပြီး သန့်ရှင်းအောင်ကိုင်ပြီးတော့ ဆား၊အချိုမှုန့်နဲ့နယ်ထားပေး၊ ပြီးရင်တော့ အိုးတစ်အိုးထဲ နယ်ထားတဲ့ငါးတွေထည့်၊ နနွင်းမှုန့်လေးနည်းနည်းထည့်၊ ငံပြာရည်လေးနည်းနည်းထည့်ပြီးတော့ မီးဖိုပေါ်တင်ပြီး ပြုတ်လိုက်ပါနော်။ ငါးပြုတ်တဲ့အခါကျရင်လည်း အနူးညီရအောင် ဟိုဘက်ဒီလက်လှန်ပေးဖို့လည်း မမေ့နဲ့ဦးနော်။ ငါးပြုတ်ရပြီဆိုရင် ငါးကိုပန်းကန်တစ်ချပ်ထဲ သီးသန့်ဖယ်ထည့်ပြီးတော့မှ အအေးခံပြီး အရိုးနွှင်ပေးပါနော်။ အရိုးတွေကိုလည်း ငရုတ်ဆုံထဲထည့်ထောင်း၊ ရေထည့်ပြီး ဇကာလေးနဲ့ ရေစစ်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ အရိုးထဲကနေ အချိုရည်တွေအများကြီးရလာပါပြီနော်။
ခရမ်းသီးကို ရေဆေးပြီး လက်တစ်လုံးလောက်အရွယ်လေးတွေဖြစ်အောင် လှီးထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလေးလှီးပါ။ ကြက်သွန်ဖြူနီကို အခွံသင် ရေဆေးပြီး မညက်တညက်လေးဖြစ်အောင် ထောင်းထားပေးပါနော်။ ပဲပြားကိုလည်း ရေဆေးပြီး အတုံးသေးသေးလေးတွေဖြစ်အောင်လှီးပြီး ဆား၊ အချိုမှုန့်လေးနည်းနည်း နယ်ထားပေးပါ။
မီးဖိုပေါ်ကို ဒယ်အိုးတင်၊ ဆီလေးနည်းနည်းထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးနည်းနည်းထည့်၊ ထောင်းထားတဲ့ ကြက်သွန်တွေထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ခရမ်းချဉ်သီးထည့်၊ ခရမ်းသီးထည့်၊ ဆား၊ အချိုမှုန့်နည်းနည်းရယ်၊ အရိုးနွှင်ထားတဲ့ ငါးတွေထည့်ပြီးမွှေပါ။ ပြီးရင် ပဲပြားလေးတွေကိုပါထည့်လိုက်ပါ။ အဲ့ဒါဆိုရင်တော့ ပဲပြားလေးလည်းမာသွားပြီး ငါးလည်းဆီသတ်ပြီးသားဖြစ်သွားပါပြီ။
ဟင်းရည်တည်မယ့်အိုးကိုယူ၊ ရေသန့်ထည့်ပြီး ပွက်ပွက်ဆူအောင် မီးဖိုပေါ် တည်ပေးပါနော်။ ရေနွေးပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက ဆီသတ်ထားတဲ့အနှစ်တွေထည့်ပါ။ ဆား၊ အချိုမှုန့်နဲ့ ငံပြာရည်အနည်းငယ်လည်း ထည့်ပေးပါ။ ပြီးရင်တော့ မယ်ဇလီရွက်ပြုတ်တွေထည့်ပါနော်။ မီးအသင့်အတင့်နဲ့ အချိန်ယူပြီး ပွက်ပွက်ဆူအောင်၊ ဟင်းရည်ကျအောင်ထိ တည်ပေးပါနော်။ ဟင်းရည်အိုးပွက်ပွက်ဆူပြီး အရည်ကျပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ ခါးဆိမ့်သက်အရသာလေးနဲ့ ပူပူနွေးနွေး မယ်ဇလီဟင်းချိုလေးရပါပြီနော်။ ကျွန်မအဘွားကတော့ မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့ညမှာစားမယ်ဆိုရင်တော့ တစ်ရက်ကြိုပြီး အဖိတ်နေ့မှာကတည်းက ချက်ရင် ပိုပြီးစားကောင်းတယ်လို့ ပြောပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဟင်းချိုနဲ့ ဆေးပေါင်းခပြီး ကျန်းမာရွှင်လန်းနိုင်ကြပါစေနော်။ အဲ့  မေ့လို့  တန်ဆောင်မုန်းလပြည့်ညရဲ့ ၁၂ နာရီတိတိအချိန်မှာ ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ်၊ ဟင်းချို စားပြီးနောက် ထိန်ထိန်သာတဲ့ လမင်းကြီးကိုကြည့်ပြီး ကိုယ်လိုချင်တဲ့ဆုကို တောင်းရင် ပြည့်နိုင်တယ်လို့ ပြောကြပါတယ်။ အကိုးအကားတော့ ကျွန်မ မသိပါဘူး။ ကျွန်မတော့ လာမယ့်လပြည့်ညကျရင် အလိုချင်ဆုံး ဆုတစ်ခုကိုတော့ လမင်းကြီးကိုကြည့်ပြီး တောင်းကြည့်လိုက်မယ့့်  ပြည့် မပြည့်ကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ကြည့်ပါနော့့်

1 comment:

  1. အခါးအရသာထဲမှာဆို မဲဇလီကလွဲပြီး ဘာမှမကြိုက်။ အိမ်မှာဆို မေကြီးကို မကြာမကြာ "မဲဇလီတာလပေါ့" ချက်ပေးဖို့ ပူဆာတယ်။ အခုမစားရတော့ ပုံကြည့်ပြီးဘဲ စိတ်ဖြေရတယ်။ နောက်စားချင်ရင် ထပ်လာကြည့်ဦးမယ်။ ကျေးဇူးနော် အမလုလု :)

    ReplyDelete