Wednesday, October 17, 2007

ပုဇွန်အာလူးလိပ်ကြော်


ဒီနေ့တော့ ချစ်မောင်နှမအားလုံးအတွက် ပုဇွန်အာလူးလိပ်ကြော်လေး လုပ်ကျွေးပါမယ်နော်။ ဒီဟင်းအမယ်အတွက် အကြံပေးတာကတော့ ကျွန်မရဲ့အစ်ကိုပါ။ သူကိုယ်တိုင်ပဲ အစအဆုံးချက်ထားတာပါနော်။ အားပေးကြပါဦးနော်။

လိုအပ်တဲ့ပစ္စည်းတွေကို ပထမဦးဆုံး ပြောပြပါရစေဦးနော်။ အကြော်အတွက်ကတော့ ပုဇွန်အကောင်ခပ်သေးသေး၊ အာလူး၊ ဆီ၊ ဆား၊ သကြား၊ အချိုမှုန့်အနည်းငယ်၊ အချဉ်ရည်အတွက်ကတော့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှာလကာရည်အနည်းတို့ပါနော်။
ပုဇွန်ကို ရေစင်အောင်ဆေး၊ နှုတ်ခမ်းမွှေးတွေညှပ်ပစ်၊ ခေါင်းက ချေးထုတ်၊ ပြီးတော့အခွံအကုန်နွှာပစ်ပါနော်။ ပြီးရင်တော့ ဆား၊ သကြားနဲ့ အချိုမှုန့်နည်းနည်းထည့်ပြီး နယ်ထားပေးနော်။ အာလူးကို အခွံနွှာ၊ ပြီးတော့ ရေဆေးပစ်ပါ။ ပြီးရင်တော့ အာလူးကို ခပ်ပါးပါးလေးလှီးပြီး ဆားနဲ့ နယ်ဆေးပစ်။ ပြီးတော့မှ သကြားလေးအချိုမှုန့်လေးနည်းနည်းနဲ့ နယ်ပြီးနှပ်ထား။ ၁၅ မိနစ်လောက်ကြာပြီဆိုရင်တော့ အာလူးထဲကို ပုဇွန်တစ်ကောင်လိုက်ချင်းစီထည့်ပြီး သွားကြားထိုးတံလေးနဲ့ အာလူးရောပုဇွန်ကိုပါ ထိန်းပြီးသားဖြစ်အောင် ထိုးလိုက်ပါနော်။ ပုဇွန်ကို ထက်ခြမ်းခွဲပြီးထည့်ချင်ရင်လည်း ရပါတယ်နော်။
အဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးထဲဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ မီးနည်းနည်းလျော့ပြီး ပုဇွန်အာလူးလိပ်လေးတွေကို ထည့်ကြော်ပါနော်။ အာလူးလေးတွေ ရဲလာပြီဆိုရင်တော့ ဒယ်အိုးပေါ်ကနေ အမြန်ချပြီး ဆီစစ်ထားပါနော်။
အချဉ်ရည်အတွက်ကတော့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ခပ်ပါးပါးလေးတွေ လှီးပြီး ဆား၊ သကြားနည်းနည်းထည့်ပြီး ရှာလကာရည်နဲ့ မစားခင် ၂ နာရီလောက် ကြိုပြီးစိမ်ထားဖို့ပါပဲနော်။ အဲ့ဒါဆိုရင်တော့ ပုဇွန်အာလူးလိပ်ကြော်ပူပူလေးကိုအချဉ်ရည်လေးနဲ့တို့၊ ရေနွေးကြမ်းလေးသောက်ပြီး သုံးဆောင်ပါနော်။

2 comments:

  1. ယောက္ခမကြော်ပေးတာတော့ စားဖူးတယ်။ လုပ်ရတာ အတော်လက်ဝင်တာဘဲ။ ကိုယ်တိုင်လုပ်ကြည့်ဖို့ ကြိုးစားလိုက်ဦးမယ်။ အမဘလော့ကနေ ဟင်းချက်နည်းတွေ သင်ယူနေတာ။

    ReplyDelete