Wednesday, September 19, 2007

ပြည်ကြီးငါးကျောက်ပွင့်သုပ်




ကျွန်မတို့နေတဲ့နေရာမှာ ဒီနေ့ရာသီဥတုကလည်း အရမ်းကို ပူပါတယ်။ ရာသီဥတုနဲ့ အစားအသောက်နဲ့ကလည်း ဆက်နွယ်နေသလိုပဲ့ ရာသီဥတုပူတာနဲ့ အစားအသောက်လဲ ပျက်တော့တာ၊ အဆီအနှစ်ဟင်းတွေဆို မစားချင်ဘူး။ ချဉ်ငံစပ်အသုပ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ဆို ကောင်းမှာပဲလို့ တွေးမိပြီးတော့ ပြည်ကြီးငါးကျောက်ပွင့်သုပ်လေး လုပ်ဖြစ်လိုက်တယ်လေ။






လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး၊ ကျောက်ပွင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့်တို့ပဲပါ။
ကျောက်ပွင့်ကို ရေနွေး ကြက်သီးနွေးလေးနဲ့ စိမ်ထားပေးပါ။ ပြည်ကြီးငါးကို ရေဆေးပြီး ဆား၊ အချိုမှုန့်လေးနဲ့ နယ်ပြီး ရေနည်းနည်းနဲ့ ပြုတ်ပေးပါ။ ငါးမိနစ်လောက်ဆိုရင် ပြည်ကြီးငါးကျက်ပါပြီ။ အဖုံးဖွင့်ပြီး အအေးခံထားလိုက်ပါနော်။ အေးပြီဆိုတော့မှ မထူးမပါးလေးတွေ လှီးထားပေးပါ။ ကျောက်ပွင့်တွေကို ရေနှစ်ခါလောက်ဆေးပြီး အပွင့်လေးတွေကို လက်နဲ့ အသာလေးဖဲ့ပေးပါ။ ပြီးတော့ ရေစစ်ထားပါနော်။ ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီး၊ ပြီးရင် ရေဆေးပြီး စစ်ထားနော်။ ကြက်သွန်ဖြူကိုတော့ အခွံနွှာပြီး နုတ်နုတ်စင်းထားပါ။ ခရမ်းချဉ်သီးကို မထူမပါးလှီးထားပါ။ တရုတ်နံနံကိုကို ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးထားပါ။ သံပုရာသီးကို အစိပ်လေးတွေဖြစ်အောင်လှီးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်ခပ်ကြီးကြီးထဲ ကျောက်ပွင့်ပြည်ကြီးငါးနဲ့ ခုနက ပြင်ထားတဲ့ အဆာပလာတွေ အကုန်ထည့်ပါ။ ငံပြာရည်၊ ဆား၊ အချိုမှုန့်အနည်းငယ်၊ သံပုရာရည်လေးညှစ်ထည့်ပေးပါ။ ငရုတ်သီးမှုန့်ကို ကိုယ်စားနိုင်မယ့် အနေအထားလေးထည့်ပါနော်။ ပြီးရင် အားလုံးကို သေသေချာချာနှံ့အောင် နယ်ပေးပါနော်။ အရသာအပေါ့အငံလေးကို မြည်းပြီး အပေါ်ကနေ တရုတ်နံနံ အရွက်လေးတွေ ဖြူးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ချဉ်ငံစပ်မွှေး ပြည်ကြီးငါးကျောက်ပွင့်သုပ်လေး သုံးဆောင်နိုင်ပါပြီရှင့့် 

0 comments:

Post a Comment