Saturday, September 22, 2007

ပုဇွန်တမ်ပူရာမိရောနိစ်




ဂျပန်အစားအစာတစ်မျိုးဖြစ်တဲ့ ပုဇွန်တမ်ပူရာမိရောနိစ်လုပ်နည်းလေးကို ပြောပြပါမယ်နော်။
အဲ့ဒါကတော့ ကျွန်မနေတဲ့ ဖူကူအိုကာမှာ နာမည်ကြီးတဲ့ ဟင်းတစ်မျိုးလည်း ဖြစ်၊ ပြီးတော့ မြန်မာတွေအနေနဲ့ စားရတာလည်း အရသာသင့်တယ်လေ။ လုပ်ရကိုင်ရ၊ လိုအပ်တဲ့ပစ္စည်းတွေဝယ်ရတာလည်း အဆင်ပြေတယ်လေ။

လိုအပ်တဲ့ပစ္စည်းကတော့ ပုဇွန်အကောင်လတ်လေးတွေရယ်၊ တန်ပူရာမှုန့်ရယ်၊ မိရောနိစ်ရယ်၊ ခရမ်းချဉ်သီး၊ ဆတ်လတ်ရွက်၊ ငရုတ်ပွတို့ပါ။
ပုဇွန်အကောင်လတ်ကို ရေဆေး၊ အခွံနွှာ၊ ကျောဘက်ကနေခွဲပြီး သန့်ရှင်းရေးလုပ်ပြီးတော့ ဇကာလေးထဲထည့်ပြီး ရေစစ်ထား၊ တန်ပူရာမှုန့်ထဲကို ချင်း၊ ကြက်သွန်ဖြူခြစ်ထည့်ပြီး ရေလေးထည့်ပြီး ဖျော်ထားပါနော်။
ဆတ်လတ်ရွက်၊ ခရမ်းချဉ်သီး၊ ငရုတ်ပွတို့ကိုလည်း ရေဆေးပြီး စစ်ထားနော်။ ပြီးရင် ခရမ်းချဉ်သီးနဲ့ ငရုတ်ပွကို လှီးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာအောင်စောင့်နော်။ အဲ့ဒီအချိန်မှာ တန်ပူရာဖျော်ထားတဲ့အထဲကို ပုဇွန်လေးတွေထည့်ပြီး မုန့်နှစ်နဲ့ ပုဇွန်နှံ့အောင်နယ်ပေးနော်။ ဆီပူလာပြီဆိုရင်တော့ မီးကိုအသင့်အတင့်ထားပြီး ပုဇွန်နဲ့မုန့်နှစ်အရောကိုထည့်ပြီး ဖြေးဖြေးချင်းကြော်ပေးပါနော်။ အရောင်လေးတွေ ပြောင်းလာပြီဆိုရင်တော့ ပန်းကန်အကြီးတစ်ချပ်ပေါ်မှာ ဆီစုပ်စက္ကူကိုခင်းပြီး ပုဇွန်လေးတွေကို ဆယ်ပြီး ဆီစစ်ပြီး အအေးခံထားလိုက်ပါနော်။
ပုဇွန်ကြော်တွေ အေးသွားပြီဆိုတာနဲ့ အပေါ်ကနေမိရောနိစ်တွေ ဆမ်းပေးပါ။ ပြီးမှ မိရောနိစ်နဲ့ ပုဇွန်ကြော်တွေ သေချာနှံ့အောင် မွှေပေးပါနော်။ သေချာနှံ့ပြီဆိုရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲမှာ အောက်ကနေ ဆတ်လတ်ရွက်ကို ခင်းပြီး အပေါ်ကနေ ပုဇွန်မိရောနိစ်တွေထည့်၊ ဘေးနားကနေ လှီးထားတဲ့ ခရမ်းချဉ်သီးလေးတွေထည့်၊ အပေါ်ကနေတော့ လှီးထားတဲ့ ငရုတ်ပွရယ်၊ အရွက်စိမ်းလေးတွေထည့်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ချိုချဉ်ဆိမ့်အရသာစုံလေးနဲ့ ပုဇွန်တမ်ပူရာ မိရောနိစ်ရပါပြီနော်။ သုံးဆောင်ကြပါဦးနော်။

0 comments:

Post a Comment