Monday, September 17, 2007

ကြက်သားသုပ်


ဒီနေ့တော့ ကြက်သားသုပ်လေး လုပ်စားဖြစ်တယ်လေ။ ကြက်သားသုပ်ကိုတော့ ဒီအတိုင်းပဲစားစား၊ ရေနွေးကြမ်းနဲ့ပဲ မြည်းမြည်း၊ ဘီယာနဲ့ မြည်းမြည်း အဆင်ပြေတယ်လေ။




>ကြက်သားသုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်သား ရင်အုံသား ဒါမှမဟုတ် ပေါင်သား၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံ၊ ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံပုရာသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဆီချက်၊ အချိုမှုန့်၊ ဆား၊ သကြားအနည်းငယ်၊ ငံပြာရည်တို့ပဲ ဖြစ်ပါတယ်။
ကြက်သားကို ချင်းရည်လေးနဲ့ နယ်၊ ဆား၊ သကြား၊ အချိုမှုန့်လေးနည်းနည်းထည့်ပြီး ရေလေးနည်းနည်းထည့်ပြီး ပြုတ်ပေးပါ။ တစ်ရေခန်းသွားပြီဆိုရင် နောက်ထပ် ရေနည်းနည်းထပ်ထည့်ပြီး ကြက်သားနူးတဲ့အထိ ပြုတ်ပေးပါနော်။ နူးပြီဆိုရင်တော့ အအေးခံပြီးတော့ အသားနွှင်ထားပေးပါနော်။ ဂေါ်ဖီထုပ်ကို ရေဆေးပြီး ပါးပါးလေးတွေလှီးထားပါ။ ခရမ်းချဉ်သီး၊ တရုတ်နံနံတို့ကိုလည်း ရေဆေးပြီး လှီးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာပြီး ပါးပါးလှီး၊ ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး တောက်တောက်စင်းထားပါ။ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးပါ။ ကြက်သွန်ဖြူဆီချက်ကတော့ အသင့်ရှိသားဆိုတော့ ချက်စရာမလိုတော့ပါဘူး။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို နွှင်ထားတဲ့ကြက်သားတွေထည့်၊ လှီးထားတဲ့ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ တရုတ်နံနံ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနီအားလုံးကိုထည့်၊ ဆီချက်ထည့်၊ ပြီးတော့မှ သံပုရာရည်ထည့်၊ ငံပြာရည်လေးထည့်၊ ဆားလေးနည်းနည်းထည့်၊ အချိုမှုန့်လေးနည်းနည်းထည့်ပြီး သေချာနှံ့အောင်နယ်ပါ။ အပေါအငံအရသာကိုတော့ ကိုယ်လိုသလို ကဲပြီးထည့်ပါ။ ကျွန်မကတော့ ချဉ်ငံစပ်လေးသုပ်ပြီး ရေနွေးကြမ်းလေးနဲ့ မြည်းလိုက်ပါတယ်။

1 comment:

  1. အစားသောက်ကောင်း လက်ရာလဲ ကောင်း..ပြင်ဆင်မူလဲ ကောင်းပုံရတယ်။ အရသာကတော့ တွေးကြည့်တာနဲ့ကို ကောင်းမယ်ဆိုတာ ခန့်မှန်းမိပါတယ်...
    တခုတော့ အကြံပြုပါရစေဗျာ... အချို မူန့် သုံးခြင်းထက် အခြားstock ကို အစားထိုးသုံးစေချင်ပါတယ်...

    ကိုကို ချက်

    ReplyDelete