Tuesday, September 4, 2007

ချဉ်ပေါင်ကြော်



မေ့  ဒီနေ့ဘာဟင်းချက်လဲဟင့့် 
ဒီနေ့တော့ မေမေချဉ်ပေါင်ကြော်တယ်၊ ၀က်သားနဲ့ တညင်းသီးအချိုချက်တယ်။ ဗူးသီးနဲ့ ကြာဇံကိုဟင်းခါးလေး ချက်တယ်တဲ့။ တို့စရာကတော့ မာလာဖူး၊ ရှောက်ရွက်နု၊ ရေသရက်ကင်းလေးတွေနဲ့တဲ့။ သမီးရဲ့ တူတွေ၊ တူမ တွေက ချဉ်ပေါင်ကြော်နဲ့ ထမင်းဗူး ထည့်ပေးလိုက်ရင် ထမင်းကုန်တယ်၊ တခြားဟင်းဆို ထမင်းမကုန်ဘူး သမီးရဲ့တဲ့။ မေမေနဲ့ ဖုန်းပြောတဲ့အချိန်မှာ မေမေပြောပြနေတာပါ။
အော့့်  ချဉ်ပေါင်ကြော်တောင် မစားရတာ တစ်လလောက်ရှိနေပြီ။ မနှစ်က အိမ်ကိုအပြန်မှာ မေမေက အစား ငမ်းလွန်းတဲ့ ကျွန်မအတွက် ချဉ်ပေါင်ကို ဆီမထည့်ဘဲ သေချာခြောက်နေအောင် မွှေပေးလိုက်တာ၊ နှစ်ပေါက် အောင်ထားလဲ ဘာမှမဖြစ်အောင်ကို လုပ်ပေးလိုက်တာ။ အခုတော့ အဲ့ဒါကုန်သွားတော့ ချဉ်ပေါင်ရွက်ခြောက်နဲ့ပဲ နှစ်ပါးသွားနေရတယ်။
ချဉ်ပေါင်ကြော်တဲ့အခါ အရွက်နုနုလေးတွေကို ကြော်တဲ့အခါကျရင် ချွဲချွဲလေးနဲ့ စားလို့ကောင်းသလို တစ်ခါတလေ ချဉ်ပေါင်ရွက်ကြမ်းနေရင် တစ်နေလောက်လှန်းပြီးမှ ခြောက်အောင်ကြော်ပြီး ကြာရှည်ထားလို့ ရအောင်ကြော်လို့ရပါတယ်။ ကျွန်မ အဆောင်မှာနေစဉ် ငါးနှစ်လုံးလုံး မေမေ အဲ့ဒီလိုကြော်ပြီး ထည့်ပေးနေကျ။ အခုတော့ ကျွန်မကပဲ မေမေ့နေရာကနေပြီး ချဉ်ပေါင်ကြော်နည်းလေးတွေကို လက်ဆင့်ကမ်းပါရစေဦးရှင့့် 
အရွက်နုလေးတွေကို ကြော်နည်းကို အရင်ပြောပြမယ်နော်။ ချဉ်ပေါင်ရွက်လေးတွေ၊ အဖူးလေးတွေကို သင်၊ ပြီးတော့ ရေဆေးပြီး စစ်ထား။ ပြီးတော့ ပုဇွန်ဘော့ချိတ်လေးတွေကို ခေါင်းဖြတ်၊ အမြီးဖြတ်ပြီးတော့ ဆား၊ နနွင်း၊ အချိုမှုန့်လေးနဲ့ နယ်ထား။ ကြက်သွန်ဖြူနီ ငရုတ်သီးအရောင်တင်တို့ကို သေချာ ညက်အောင်ထောင်းထား။ မျှစ်လေးတွေကို ပါးပါးလှီးထား။ ငရုတ်သီးစိမ်းတောင့်လေးတွေ အညှာချွေထားပါနော်။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ချဉ်ပေါင်ရွက်ရယ်၊ ငါးပိစိမ်းစားရယ်၊ နနွင်းမှုန့်ရယ်၊ ဆား၊ အချိုမှုန့်လေးထည့်ပြီး အဖုံးခဏအုပ်ထားပါ။ သုံးမိနစ်လောက်နေရင် ငါးပိစိမ်းစားနံ့လေးမွှေးလာပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ အဖုံးဖွင့်ပြီး ချဉ်ပေါင်ရွက်တွေကို မွှေပေးပါ။ ချဉ်ပေါင်ရွက် အကုန်ကြေပြီဆိုရင် ပန်းကန်တစ်ချပ်နဲ့ သပ်သပ်ဖယ်ထားလိုက်ပါ။ ပြီးတော့မှ မီးဖိုပေါ် ဒယ်အိုးပြန်တင်၊ ဆီများများလေးထည့်၊ ဆီပူလာရင် နနွင်းမှုန့် လေးနည်းနည်းထည့်၊ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်၊ ငံပြာရည်လေးနည်းနည်း ထည့်ပြီး ဆီသတ်၊ ပြီးတော့ အနံ့လေးမွှေးလာပြီဆိုရင် ပုဇွန်ထည့်ပြီး ဆီသတ်၊ ပြီးရင်တော့ မျှစ်တွေထည့်ပြီးမွှေ။ ရေနည်းနည်းလေး ထည့်ပြီး အဖုံးခဏအုပ်ထားလိုက်။ နောက်ထပ် ၃ မိနစ်လောက်နေရင် အဖုံးဖွင့်ပြီး ဟင်းအိုးကို မွှေ၊ နောက်ပြီး မွှေထားတဲ့ ချဉ်ပေါင်တွေထည့်ပြီး သေချာနှံ့အောင်မွှေပေး။ မီးကို လျော့ပြီးတော့ သေချာလေး မွှေပေး။ ဆီပြန်လာပြီဆိုရင် အပေါ့အငံမြည်း၊ ပြီးတော့မှ ငရုတ်သီးစိမ်းလေးအုပ်ပြီး ဟင်းအိုး ချလိုက်ရုံပဲ။
နောက်တစ်နည်းကျတော့ ချဉ်ပေါင်ရွက်လေးတွေကို သင်၊ ပြီးတော့ ရေဆေးပြီး စစ်ထား။ ပြီးတော့မှ တစ်နေ လောက် လှန်းလိုက်၊ ချဉ်ပေါင်ရွက်လေးတွေက ခပ်ထန့်ထန့်လေးဖြစ်ပြီး ဖတ်သပ်သပ်လေးဖြစ် နေလိမ့်မယ်။ အဲ့ဒါကိုမှ ပြန်ကြော်တာပါ။ ကြော်တဲ့အခါ သူ့ကို သပ်သပ်မွှေစရာမလိုဘဲ တစ်ခါတည်း ဆီသတ်ပြီးတော့ ကြော် တာပါ။ ရေရှည်ထားလို့ရအောင်လို့ ပုဇွန်ခြောက်နဲ့ ကြော်ရင်ကြော်၊ တကယ်လို့ ပုဇွန်အစိုနဲ့ပဲ ကြော်မယ်ဆိုရင် တော့ ဆီသတ်တဲ့အခါ ပုဇွန်ကိုခြောက်နေအောင် ဆီသတ်ပေးပါနော်။ ကြော်တဲ့ပုံစံကတော့ အရွက်နုကို ကြော်တဲ့ပုံစံနဲ့ တူတူပါပဲနော်။
ချဉ်ပေါက်ရွက်ဝယ်မရတဲ့နေရာတွေမှာ နေရတဲ့သူတွေအတွက် မြန်မာပြည်ကနေ ချဉ်ပေါင်ကြော်ကို သယ်လာချင် ရင်တော့ ဆီမထည့်ဘဲ ချဉ်ပေါင်ကို လိုအပ်တဲ့ပစ္စည်း၊ အရသာတွေအကုန်ထည့်ပြီး သေချာမွှေချက်ပေးပါ။ ပြီးရင်တော့ ခြောက်နေအောင်ထား၊ အအေးခံပြီး လေလုံအောင်ထုပ်ပါနော်။ အဲ့ဒါကို ရေခဲသေတ္တာ အခဲထပ်ထဲ ထည့်ထားပြီး ကိုယ်စားချင်တဲ့အခါကျမှ ဟင်းရည်သောက်လေး လုပ်သောက်ချင်ရင်လဲ ရေနွေးနဲ့ ရောလိုက်ရုံပဲ၊ ကြော်စားချင်ရင်လဲ ဒယ်အိုးထဲ ဆီထည့်ပြီး မွှေကြော်ပြန်လုပ်လိုက်ရုံပါပဲနော်။ တချို့နိုင်ငံတွေမှာ တစ်ခါတလေ ရတတ်တယ်ပြောတယ်။ ရာသီကုန်ချိန်မှာ စားချင်ရင် စားလို့ရအောင် preserved လုပ်ထားလိုက်ပေါ့နော်။

0 comments:

Post a Comment