Thursday, February 18, 2010

မုန့်လင်မယားလုပ်စားကြရအောင်



ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ စီဘောက်စ်ထဲမှာ ညီမလေး ချော မေးထားတဲ့ မုန့်လင်မယားလုပ်စားကြရအောင်နော်။ ကျွန်မတို့ မော်လမြိုင်ဘက်မှာတော့ မုန့်အုပ်ကလေးလို့ ခေါ်တယ်နော်။ ရန်ကုန်ရောက်တော့မှ မုန့်လင်မယားလို့ ခေါ်မှန်းသိရတာနော်။

မုန့်လင်မယားလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်မှုန့်ညက်၊ ရေ၊ ချင်း၊ ကြက်သွန်မြိတ်၊ စားတော်ပဲပြုတ်၊ ငုံးဥ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ဆီတို့ပါနော်။ စားတော်ပဲပြုတ်ကို အလွယ်တကူ ၀ယ်လို့မရတဲ့သူတွေအတွက် စားတော်ပဲပြုတ်လုပ်နည်းကို ဒီမှာ http://lulucooking.blogspot.com/2007/09/blog-post_01.html ရေးခဲ့ပြီးပါပြီနော်။

ဆန်မှုန့်လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးထည့်မယ်ဆိုရင် ရေက လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲကနေ နှစ်လုံးထိ ထည့်ပြီး ဆန်မှုန့်တွေအားလုံး ပျော်ဝင်သွားအောင် ဖျော်ပေးပါနော်။ မုန့်သားအပျော့အမာ ကိုယ့်စိတ်ကြိုက်ပေါ် မူတည်ပြီးတော့ပေါ့နော်။ ပြီးရင် ချင်းကို ခြစ်ပြီး ချင်းရည်ကို မုန့်နှစ်ရည်ထဲ ညှစ်ထည့်ပေးပါ။ ကြက်သွန်မြိတ်လေးတွေကို ရိတ်ရိတ်ပါအောင် လှီးထည့်ပေးပါနော်။ ဆားလေး၊ သကြားလေးအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ထည့်ပြီး အားလုံးသမအောင် မွှေခေါက်ပေးထားပါနော်။ ငုံးဥလေးတွေ အသင့်ထားပေးထားပါ။ ဆီကို ပန်းကန်လုံးလေး တစ်လုံးထဲ ထည့်ပေးထားပါ။ ပြီးရင် ဆီစုပ်တံလေးပါ ထားပေးထားပါနော်။ (တချို့ကလည်း မုန့်ရည်ဖျော်တဲ့အထဲမှာ အုန်းနို့ရည်ပါထည့်ပြီး လုပ်တတ်ပါသေးတယ်နော်။ ကိုယ့်စိတ်ကြိုက်ထည့်ပြီး ဖျော်စပ် စားသုံးလို့ရပါတယ်နော်။)

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မုန့်မကပ်ရအောင်လို့ မုန့်လုပ်မယ့်အိုးကို ဆီနဲ့ အရင် သုပ်လိမ်းပေးပါနော်။ မုန့်အိုးပူလာပြီဆိုရင် မုန့်ရည်တွေကို အိုးထဲကနေ မွှေခပ်ပြီး မုန့်အိုးလေးထဲ တစ်ခွက်ချင်းဖြည့်ပေးပါနော်။ ပြီးရင် ငုံးဥလေးရယ် ပဲပြုတ်လေးရယ် ထည့်ပေးပါနော်။ မီးအပူရှိန်နဲ့ အောက်က မုန့်သာကျက်လို့ ကြွတက်လာပြီဆိုရင်တော့ ဇွန်းလေးနဲ့ မုန့်တွေ ခွာယူပြီး ဟိုဘက်ကို လှန်ပေးလိုက်ပါ။ အဲ့ဒီလိုနဲ့ မုန့်တွေ ကျက်လာတဲ့အခါ မုန့်နှစ်ခုကို တစ်ခုပေါင်းပြီး အပေါ်ကနေ ထပ်ပေးလိုက်တော့ ပူပူနွေးနွေးနဲ့ အရသာရှိတဲ့ မုန့်လင်မယားလေး ရပါပြီနော်။ မုန့်တစ်ခါကျက်သွားပြီးတိုင်း မုန့်ခွက်လေးတွေကို ဆီလေးသုပ်လိုက်၊ ပြီးတော့ မုန့်ရည် ထပ်ဖြည့်ပြီး ဆက်လုပ်ပေးပေါ့နော်။ မိသားစုများရင်၊ သူငယ်ချင်းများရင် လုပ်တဲ့လူအလှည့်မရောက်ဘဲ ကုန်တဲ့ မုန့်ပါနော်။

ကြိုက်တတ်မယ်ဆိုရင်တော့ နှမ်းလှော်လေးကို ဆားလေးနည်းနည်းနဲ့ထောင်းပြီးဖြူးစားပါနော်။ ပိုပြီး အရသာရှိပြီး မွှေးတာပေါ့နော်။ ရေနွေးကြမ်းလေးနဲ့ သောက်ပြီး စားလိုက်ရလို့ကတော့ အင်မတန်မှ အရသာရှိလှပါတယ်နော်။ အချိုရည်ကြိုက်တတ်တဲ့ သူတွေလည်း အချိုရည်နဲ့ တွဲဖက်သုံးဆောင်ပါနော်။ မြန်မာပြည်မှာတော့ နေရာအနှံ့မှာ ၀ယ်စားလို့ရပါတယ်နော်။

မြန်မာမုန့်လင်မယားပြီးတော့ ဂျပန်မုန့်လင်မယားလုပ်နည်းလေးပါ လက်ဆင့်ကမ်းပါရစေဦးနော်။ ဂျပန်မှာ ကျောင်းတက်ခဲ့စဉ် ကာလက ဂျပန်သူငယ်ချင်းတွေဆီကနေ အဲ့ဒီမုန့် လုပ်နည်းလေးကို စပ်စုစိန်လုပ်ခဲ့သမျှကို ဖေါက်သည် ပြန်ချပါရစေဦးနော့့်  ဂျပန်မှာတော့ ဘာပဲလုပ်စားချင်ချင် လိုအပ်တဲ့အမယ်တွေက ရယ်ဒီမိတ်တွေ ရှိပြီးသားဆိုတော့ လုပ်ရကိုင်ရတာ သိပ်အဆင်ပြေပါတယ်။
လိုအပ်တာတွေကတော့ မုန့်နှစ်အတွက် တိုကိုယာကိအမှုန့်ထုပ်၊ ကြက်ဥ၊ ရေဘ၀ဲ၊ ကွန်းညခု (Konyaku) (မြန်မာလို ၀ဥနဲ့ ခပ်ဆင်ဆင် တုန်တုန်တုန်တုန် အတုံးလေးတွေ)၊ ဂေါ်ဖီထုပ်၊ ကြက်သွန်မြိတ်၊ အချဉ်စိမ်ထားပြီးသားအနီရောင် ဂျင်းလေးတွေ၊ Dashi လို့ခေါ်တဲ့ ငါးအမှုန့်တစ်မျိုး၊ ပြီးတော့ Moyonnaise၊ ပြီးတော့ ၊ ပြီးတော့ Takoyaki အချိုရည်၊ ရေညှိမှုန့်အထုပ် စတာတွေပါနော်။

မုန့်ရည်အတွက် အမှုန့်ကို ရေနဲ့အရင်ဖျော်၊ ပြီးတော့ ကြက်ဥခေါက်ထည့်ရပါမယ်။ မုန့်နှစ်တွေ သေချာကြေအောင် ခေါက်ပေးပါ။ ရေဘ၀ဲကို သန့်စင်အောင်ဆေးပြီး ပြုတ်၊ ပြီးတော့ မထူမပါးလေးတွေ လှီးလိုက်ပါနော်။ ကွန်းညခုကိုလည်း ခပ်သေးသေး အတုံးလေးတွေဖြစ်အောင် တုံးပါ။ ဂေါ်ဖီထုပ်ကို ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပါ။ ကြက်သွန်မြိတ်တွေကို ရေဆေး၊ ပြီးတော့ အမြစ်လေးတွေ ပါတဲ့ဘက်ကို ညီအောင်စီပြီးတော့ သားရေကွင်းနဲ့ချည်၊ ရေခါလိုက်၊ ပြီးတော့မှ ခပ်ပါးပါးလေးတွေ လှီးထားလိုက်ပါ။ ဂျင်းအနီရောင်လေးတွေကို ရေစစ်ထားလိုက်ပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မုန့်လုပ်မယ့်အိုးလေးကို ပလပ်ထိုးလိုက်ပြီး အိုးပူလာတဲ့အထိစောင့်၊ အိုးပူလာပြီဆိုရင်တော့ အိုးကို ဆီလေးသုပ်၊ ပြီးတော့မှ အိုးထဲက အခွက်လေးထဲကို မုန့်နှစ်လေးတွေ လိုက်ဖြည့်ထည့်၊ ပြီးတော့မှ ရေဘ၀ဲထည့်၊ ကွန်းညခုထည့်၊ ဂျင်းထည့်၊ ဂေါ်ဖီထုပ်ဖတ်လေးတွေထည့်၊ ကြက်သွန်မြိတ်လေးတွေ ဖြူးပေးလိုက်ပါနော်။ ၂ မိနစ်လောက်နေရင် တုတ်ချောင်းလေးတွေနဲ့ ဟိုဘက်လှန်ပေးလိုက်၊ ခဏလောက်နေရင် ဒီဘက်ပြန်လှန်လိုက်ပါနော်။ ဟိဟိ့  အလုံးလေး ဖြစ်သွားပြီ။ ကျက်သွားပြီနော်။

အဲ့ဒါဆိုရင် ပန်းကန်ထဲကို အဲ့ဒီမုန့်လုံးလေးကို ထည့်၊ ပြီးတော့မှ အပေါ်ကနေ Takoyaki အချိုရည်လေး ဆမ်း၊ Moyonnaise လေးဆမ်း၊ ငါး Dashi လေးထည့်၊ ပြီးတော့မှ အပေါ်ဆုံးကနေ ရေညှိမှုန့်လေးဖြူးလိုက်ရင်တော့ အဆင်သင့်စားသုံးနိုင်တဲ့ တာကိုရကိ ပူပူမွှေးမွှေးချိုချိုလေး ရပါပြီရှင်။

ကျွန်မ မုန့်ပုံတွေ မရှိလို့ အင်တာနက်ကတဆင့် မုန့်ပုံတွေကို ကူးယူဖော်ပြထားပါတယ်နော်။

မုန့်လင်မယားပုံကို http://masumon.blogspot.com/2008/11/blog-post_16.html အဲ့ဒီလင့်ခ်ကနေ ယူထားပါတယ်နော်။ မမဆုမွန် ခွင့်ပြုပါနော်။

တာကိုယာကိပုံကိုတော့ http://tokyo5.wordpress.com/2009/01/19/ ဒီလင့်ခ်ကနေ ယူထားတာပါနော်။

မောင်နှမများအားလုံး ပိတ်ရက်မှာ မုန့်လင်မယားလုပ်စားကြရင်း ပျော်ရွှင်နိုင်ကြပါစေနော်။

17 comments:

  1. မလုလုရေမုန့်လင်မယားလုပ်တဲ့အိုးဘယ်မှာရနိုင်ပါသလဲ။ USမှာရှိတဲ့တခြားအိုးတမျိုးမျိုးနဲ့လုပ်လို့ရပါသလား။
    လုပ်စားချင်နေတာကြာပါပြီလုပ်မယ့်အိုးမရှိလို့ပါ။
    ရှာလို့လဲမတွေ့ပါဘူး။
    သိရင်လမ်းညွှန်ပေးစေချင်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  2. မမလုရေ ရက်စက်လှချည်လား။ စားချင်နေတာ။ မုန့်လင်မယားအိုးကလည်း ဆေးကြီးလို့မဝယ်နိုင်သေးဘူး။

    ReplyDelete
  3. ဟုတ်ပါ့။ လုပ်နည်း သင်ပေးလို့ လုပ်ချင်ပေမဲ့ အိုး မရှိဘူး လုရေ..ဘယ့်နှယ် လုပ်ရပါ့။
    တိုရှည်လုပ်နည်းရော အဆင်ပြေရင် သင်ပေးပါလား။ သူက ဒယ်ပြားနဲ့ လုပ်လို့ရပြီး လွယ်မယ် ထင်လို့ပါ လုရေ..

    ReplyDelete
  4. ကိုမိုးထိုက်ရေ့ 
    မြန်မာပြည်က မုန့်လင်မယားလုပ်တဲ့အိုးမျိုးကို ကျွန်မ အင်ဒိုနီးရှားမှာတော့ တွေ့တယ်။ တကယ်လို့ အလွယ်တကူ ၀ယ်ချင်တယ်ဆိုရင်တော့ အင်တာနက်မှာ takoyaki pan ဆိုပြီး ရှာလိုက်နော်။ အဲ့ဒါက ဂျပန် မုန့်လင်မယားလုပ်တဲ့အိုးပဲ။ အိုးပုံသဏ္ဍာန်က အတူတူပါပဲနော်။ အဲ့ဒါဆိုရင် ၀ယ်လို့ရနိုင်ပါတယ်နော်။ တလောကပဲ ဂျာမဏီက ညီမလေးတစ်ယောက် လာမေးလို့ လမ်းညွှန်ပေးလိုက်တာ သူတို့ ၀ယ်တာ အဆင်ပြေတယ် ပြောပါတယ်ရှင်။
    စုဗူးရေ့  Discount ချတဲ့အချိန်ကျ လက်မလွတ်တမ်း ပြေးဝယ်ထားလိုက်ပေါ့နော်။ :)
    မမိုးချိုရေ့ အိုးကတော့ အပေါ်မှာ ရေးထားတဲ့အတိုင်းပဲနော်။ အဲ့ဒါဆို ၀ယ်လို့ရပြီနော်။ တိုရှည်လုပ်နည်းလည်း ရေးပေးမယ်နော်။ စိတ်ချ။
    မနေ့ညကတော့ မုန့်လင်မယားလုပ်နည်း ရေးပေး နေတာနဲ့ အိပ်ယာဝင် နောက်ကျသွားတာ ဒီမနက် ၇ နာရီခွဲမှ အိပ်ယာက နိုးတယ် ဟိဟိ့ 
    ရုံးကို နောက်အကျဆုံးရောက်တယ်၊ ဖားလိုက်တယ် အားလုံးအတွက် တုံယမ်းဟင်းရည်ချက်လာတယ်လို့လေ ဟိဟိ

    ReplyDelete
  5. sister kyay zuu a myar gyi tin par tal..

    ReplyDelete
  6. မမလုရေ...
    တာကိုရကိထက် မြန်မာမုန့် လင်မယားကို နှမ်းထောင်းလေးနဲ့ စားရတာ ပိုကြိုက်ပါတယ်...

    ReplyDelete
  7. အရမ်းကြိုက်ပါတယ်။ မုန့်လုပ်ဖို့ အိုးမရှိတာ ခက်တာပဲ။ မျှဝေပေးတာ ကျေးဇူး။ မုန့်လုပ်တဲ့ အိုးရှာလို့ ရတဲ့အခါမှပဲ လုပ်စားကြည့်ပါဦးမယ် မလုရေ။

    ReplyDelete
  8. လုလုရေ.. တို့ကလေ မုန့်လင်မယား တအားကြိုက်တာ..။ တာကိုရကိလည်း ကြိုက်တယ်..။ လုပ်နည်းမျှပေးတာ ကျေးဇူးနော်..။

    ReplyDelete
  9. ကျေးဇူးပါပဲမမေ၇ အမပြောတဲ.အတိုင်း internet မုာ ၇ုာ
    ကြည်.တာ amazon.com မုာအများကြီးတွေ.တယ်။
    တချို. pancake လုတ်တဲ.ဟာတချို.လည်း အဖြစ်လုပ်
    စားလို.၇တယ်ထင်တာပဲ......။

    ReplyDelete
  10. အိုးရရင်လုပ်စားမယ်။
    ကျေးဇူးပါ.

    ReplyDelete
  11. I have been searching this Pan for long time. Thank you so much Ma Lu Lu.

    ReplyDelete
  12. သိတ်ကြိုက်တယ် လုလုရေ။ ရန်ကုန်မှာဆို လှည်းတန်းရောက်ရင် အမြဲ ၀ယ်စားတယ်။ စစ်ကိုင်း ကောင်းမှုတော် ဘုရားက မုန့်လင်မယား နာမည်ကြီးတယ်။

    မအယ်က ကြက်သွန်မိတ်တို့ နံနံပင်တို့ထည့်တယ်။


    မအယ်

    ReplyDelete
  13. မလုရေ အိုးရှာပုံတော်ထွက်နေတာ...၁။ဈေးကြီးတယ်။
    ဂျပန်အင်တာနက် ဆိုင်ကမှာရင်ရတယ်။
    ၂။ ebay မှာတွေ့ တော့ ပို့ ပေးမယ့်နေရာက အမေရိကားကဆိုတော့ဈေးကြီးပြန်ရော။
    ၃။ ဂျာမန်ဈေးကွက်မှာ ရှိတဲ့ maffins backform
    နဲ့ စမ်းကြည့်မလားလို့ ။ ပုံစံခွက်သေးတာလေးရှာဝယ်
    ကြည့်မယ်လေ။
    မနေ့ က၂ယောက်သားလိုက်ရှာကြတာ သူ့ ခမျာ
    တော်တော်ညောင်းသွားတယ်...

    ReplyDelete
  14. ချောရေ့  မုန့်လုပ်စားရတာ အဆင်ပြေတယ်ဆိုရင်ပဲ ၀မ်းသာပါပြီနော်။
    မိုးမိုးရေ့  မလုလည်း နှမ်းထောင်းနဲ့ စားရတာကို ပိုကြိုက်တယ်။
    ပုံရိပ်ရေ့  အိုးတော့ ရှာရခက်လားမသိဘူးနော်။ ဈေးကြီးလားတော့ မသိဘူးနော်။
    လသာညရေ့  အဆင်ပြေတယ်ဆိုရင် ၀မ်းသာတယ်နော်။ အားရင် လုပ်စားကြည့်ပါနော်။
    Jewel ရေ့  အိုးက ဈေးကြီးလားမသိ။
    မအယ်ရေ့  ကြက်သွန်မြိတ်နံနံပင်ထည့်စားတာလည်း တမျိုးစားကောင်းတယ်နော်။
    မမရှင်လေးရေ့  မုန့်လင်မယားအိုးရှာပုံတော် ထွက်တာနဲ့တင် အတော်ပင်ပန်းလောက်ကြပြီ။ လုလုတော့ ဒုတ်ခပေးသလိုများ ဖြစ်နေလားမသိဘူးနော်။
    အိုးဝယ်ပြီး လုပ်စားဖြစ်ကြသူများ တစ်ပွဲကမ်းပါနော်။ :P

    ReplyDelete
  15. လုလုလုပ်ကျွေးတဲ့ မုန့်လင်မယားစားချင်လို့ အိုးခင်း ၀ယ်ပြီးပြီ ချက်စားတာတော့ ဖြေးဖြေးး)) လုပ်ဖြစ်ရင် လာပို့မယ်နော်..

    ReplyDelete
  16. Thanks Lu Lu. I made it! It was delicious.

    ReplyDelete