Monday, January 25, 2010

ကြက်သားအာလူး၊ ဘာလချောင်၊ ဆီးသီးလက်ပံပွင့်ဟင်းရည်

8 comments
ဘာလချောင်ဒယ်အိုးလူး
ဆီးသီးလက်ပံပွင့်ဟင်းရည်
ဘာလချောင်ကြော်
ကြက်သားအာလူးဟင်း
ချစ်သော မောင်နှမများ အားလုံး မင်္ဂလာပါရှင်။ ထွန်းအိန္ဒြာဗိုကတော့ ``မချစ်ရင် မနေနိုင်တာကလွဲလို့´´ပေါ့။ ကျွန်မကတော့ ``မချက်ရင် မနေနိုင်တာကလွဲလို့´´ ဆိုသလို ဖြစ်နေပြီ မောင်နှမ တို့ရေ။

ကျွန်မ မြန်မာပြည်က ပါလာတဲ့ ဘာလချောင်ကြော်ဗူးက တက်တက်ပြောင်သွားပြီမို့ မနေ့က (တနင်္ဂနွေနေ့)မနက် အိမ်ရှင်အမေနဲ့ အတူ ဈေးသွားပြီး ဘာလချောင်ကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ပါတယ်။ ပြီးတော့ တစ်လက်စတည်းပဲ မြန်မာအစားအစာတွေချည်းဖြစ်သွားရအောင်လို့ အာလူးနဲ့ ကြက်သားဟင်း ချက်ပေးမယ်၊ ဟင်းရည်သောက်လေး ချက်ပေးမယ်လို့ စိတ်ကူးလိုက်တယ်လေ။ အဲ့ဒီ Set လိုက်ကိုပဲ ကျွန်မရဲ့ မောင်နှမများကို မျှဝေပေးပါရစေဦးနော်။

ဒီတစ်ခေါက်ချက်တဲ့ ကြက်သားအာလူးဟင်းက ပုံစံတစ်မျိုးနဲ့ ချက်ထားတာပါနော်။ ကျွန်မကတော့လေ အစားအသောက် ဘယ်လောက်ခုံမင်တယ်မသိဘူး၊ အိပ်မက်ထဲတောင် ဟင်းချက်တာ၊ အခု အိပ်မက်ထဲက ချက်တဲ့အတိုင်း ချက်မယ့် အာလူးကြက်သားဟင်းနော်။ မရီကြနဲ့။ ကြက်သားအာလူးဟင်းချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်သား၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ နနွင်းမှုန့်နဲ့ ဆီတို့ပါနော်။

ကြက်သားကို သန့်စင်အောင် ဆေးကြောပြီးတော့ ဆား၊ သကြား၊ ဟင်းခတ်မှုန့် အနည်းငယ်တို့နဲ့ နယ်ပါတယ်။ ပြီးတော့ ချင်းအ၀ိုင်းလိုက်လေးတွေ လှီးထည့်ပြီး ကြက်သားကို ဒယ်အိုးထဲထည့်ပြီး အသားထဲက ထွက်တဲ့ရေနဲ့ ခမ်းအောင် အရင်တည်ပါတယ်။ အသားထဲက ထွက်တဲ့ရေ ကုန်တဲ့အခါမှာတော့ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက် ရေထပ်ထည့်ပြီး အဖုံးအုပ်ပြီး ထပ်တည်ပါတယ်။ အဲ့ဒီတစ်ရေခမ်းတဲ့အခါမှာတော့ ကြက်သားတွေကို အအေးခံပြီး အေးတဲ့အခါ အရိုးနွင်ပေးထားပါတယ်။

အာလူးတွေကို အခွံနွှာပြီး အတုံးကို သေးနိုင်သမျှ သေးအောင် တုံးပါတယ်၊ ပြီးတော့မှ ဆားနဲ့ နယ်ဆေးပါတယ်။ ကြက်သွန် ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပြီး မညက်တညက်လေး ထောင်းပါတယ်။ ငရုတ်သီးစိမ်းကို အညှာခြွေရေဆေးပြီး ထက်ခြမ်းခွဲထားပါတယ်။ ပင်စိမ်းရွက်ကို သန့်စင်အောင်ဆေးပေးထားပါတယ်။

အားလုံးအသင့်ဖြစ်တဲ့အခါ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး အနည်းငယ် ခပ်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းတို့ ကို ဆီသတ်ပါတယ်။ ကြက်သွန်ဖြူနီ နွမ်းပြီဆိုရင် အာလူးတွေကို ထည့်ပြီး ဆီသတ်၊ ပြီးရင် ကြက်သားတွေရော ထည့်ပြီး အားလုံး သမအောင်မွှေ၊ ရေအနည်းထည့်၊ အဖုံးအုပ်ပြီး တည်ပေးပါနော်။ အာလူးနူးပြီး အနှစ်ဖတ်လေးတွေ ရလာတဲ့အထိ လိုအပ်သလို ရေထည့်လိုက်၊ တည်လိုက် လုပ်ပေးပါနော်။ အာလူးတွေ အားလုံး ကြေပြီး အနှစ်လေးတွေလို ဖြစ်ပြီဆိုရင်တော့ အရသာ အပေါ့အငံကို မြည်းပြီး လိုတာထပ်ဖြည့် ငရုတ်သီးစိမ်းလေးနဲ့ ပင်စိမ်းလေး အုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ပင်စိမ်းနံ့မွှေးမွှေး၊ ငရုတ်သီးကြောင့် စပ်ရှိန်းရှိန်း၊ အာလူးအနှစ် များများနဲ့ ကြက်သားအာလူးဟင်းလေး ရပါပြီနော်။

ဘာလချောင်ကြော်လို့လည်းခေါ်တဲ့ ငပိကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးနီတူ၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ နီ၊ အနီရောင်ငရုတ်သီး (အခြောက်ဖြစ်စေ၊ အစိုဖြစ်စေ)၊ ငံပြာရည်၊ မန်ကျည်းသီးနှစ်၊ သကြား၊ ဆား၊ နနွင်းမှုန့်နဲ့ ဆီ တို့ပါနော်။ ဒီမှာလည်း http://lulucooking.blogspot.com/2007/08/blog-post_8843.html တစ်ခါ ရေးဖူးပါတယ်နော်။ ဒါပေမယ့် အခုတစ်ခေါက် အစားခံရအောင် ငါးနီတူလေးပါ ထည့်လိုက်ကြရအောင်နော်။

ငါးနီတူနဲ့ ပုဇွန်ခြောက်လေးကို မထောင်းခင်မှာ ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး စကာနဲ့ စစ်ပြီး နေပူထဲ ခဏထား လိုက်ပါတယ်နော်။ အဲ့ဒီအချိန်မှာ ကြက်သွန်အဖြူအနီတို့ကို အခွံနွှာထားနော်။ ဒီမှာကတော့ ငရုတ်သီးအခြောက်တောင့် ၀ယ်လို့မရတာနဲ့ ငရုတ်သီးအနီအပွတောင့်တွေကို ၀ယ်ပါတယ်နော်။ အဲ့ဒါကို အညှာခြွေ၊ ရေဆေး ပြီးတော့မှ ကပ်ကြေး လေးနဲ့ တစ်လက်မအရွယ်လောက်လေးတွေ ဖြတ်ပြီး လေသလပ်ခံ ထားပါတယ်။ ပြီးရင် မန်ကျည်းသီးမှည့်ကို ရေနွေး ပူပူလေးနဲ့ စိမ်ထားလိုက်ပါနော်။

ပြီးရင် ကြက်သွန်ဖြူနီကို chopper နဲ့ ကြိတ်လိုက်ပါတယ်။ ပြီးတော့ ငရုတ်သီးကိုလည်း ကြိတ်ပါတယ်။ နောက်ဆုံး ပုစွန်ခြောက်ကို ကြိတ်ပါတယ်။ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီကို ၅ ကျပ်သားလောက်ထည့်ပြီး ငါးနီတူတွေကို အရင်ကြော်ပါတယ်။ ကြော်တဲ့အခါမှာ အရမ်းကြွပ်ရွသွားအောင် ကြော်တာမျိုးမဟုတ်ဘဲ မကြွပ်တကြွပ် အချိန်မှာ ဆီအိုးထဲကနေ ဆယ်ယူပြီး ဇကာထဲ ထည့်ထားပါတယ်။ ပြီးရင် ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီတွေကို ကြော်ပေးပါ။ စစချင်းမှာ မီးအားအများဆုံးနဲ့ ကြော်ပေးပြီး နောက်ပိုင်းကျ ကြက်သွန်တွေထဲက အရည်စစ်သွားလို့ မွှေလို့ သွက်လာတဲ့အခါ မီးအားလျော့ပြီး မီးနွေးနွေးလေးနဲ့ ရွှေညိုရောင်လေးဖြစ်လာအောင်ထိ ကြော်ပေးပါနော်။ ရွှေအိုရောင် ပြောင်းလို့ အနံ့လေးကလည်း သင်းလာပြီဆိုရင်တော့ ဆီစစ်စကာပါတဲ့ ယောက်မလေးနဲ့ ဆယ်ယူပြီး စကာထဲထည့်ပြီး ဆီစစ်ထားပေးပါနော်။ ပြီးရင် ကြိတ်ထားတဲ့ ငရုတ်သီးတွေကို ထည့်ပြီးကြော်ပေးပါ။ ငရုတ်သီးက အစိုမို့လို့ အချိန်ယူပြီး နည်းနည်းခြောက်အောင် ကြော်ရပါတယ်။ ငရုတ်သီးထည့်ပြီး ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့ကိုပါ ထည့်ပြီး ကြော်ပေးပြီး နောက်ပိုင်းမှာ ကြိတ်ထားတဲ့ ပုစွန်ခြောက်ကို ဆက်တိုက်ထည့်ပေးပါနော်။ မီးအသင့်အတင့်လောက်နဲ့ထားပြီး ကြော်ပေးရင်းနဲ့ ပုစွန်ခြောက်လေးရော ငရုတ်သီးလေးရော အညိုရောင်ဘက်လုလာပြီဆိုရင် မီးကို တတ်နိုင်သလောက် လျှော့ပြီး မန်ကျည်းသီးအနှစ်တွေကို ထည့်လိုက်ပြီး မွှေပေးပါ။ မီးအေးအေးနဲ့ ခုနက ငံပြာရည်ရယ်၊ မန်ကျည်းနှစ်ရယ်ကို ခမ်းအောင် ထားပါ။ အိုးမကပ်အောင်လဲ သတိထားပြီး မွှေပေးနော်။ ပြီးရင် ငါးနီတူခြောက်ကြော်နဲ့ ကြက်သွန်ဖြူနီကြော် တွေ ရောထည့်ပေးပါ။ တဖြည်းဖြည်းနဲ့ အရည်တွေခမ်းလာတဲ့အခါမှာ အနီရောင် ဆီလေးတွေက အပေါ်ကို ဝေ့တက်လာ ပါလာလိမ့်မယ်နော်။ အပေါ့အငံကို မြည်းနော်။ အရသာကို ဘယ်ဟာကိုမှ မကဲစေနဲ့။ မြည်းလိုက်တဲ့အခါမှ မန်ကျည်းသီးမှည့် အချဉ်လေးလျှာထဲ စိမ့်သွားသလို ငရုတ်သီးရဲ့အစပ်ကလဲ သွားရည်ယိုစေပါတယ်၊ ရေခမ်း လောက်ပြီဆိုရင် မီးဖိုပေါ်ကနေ ချပြီး အအေးခံထားလိုက်နော်။ အေးသွားပြီဆိုရင် ခုနက ဖယ်ထားတဲ့ ကြက်သွန်ဖြူနီကြော်တစ်ဝက်ထည့်ပြီးတော့ ရောမွှေလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဘာလချောင်ကြော်ရပါပြီနော်။

အရည်သောက်အတွက် အစ်ကို့အိမ်က ထွက်တဲ့ ဆီးသီးခြောက်နဲ့ အညာက မိတ်ဆွေတစ်ယောက် ပေးလိုက်တဲ့ လက်ပံပွင့်ခြောက်လေး ချက်ပါမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆီးသီးခြောက် လက်တစ်ဆုပ်၊ လက်ပံပွင့်ခြောက် (၁၀) ပွင့်၊ ကြက်သွန်ဖြူ၊ ငပိစိမ်းစား လက်တစ်ဆစ်၊ ပုစွန်ခြောက် အနည်းငယ်၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ပါနော်။

ဆီးသီးခြောက်နဲ့ လက်ပံပွင့်ခြောက်တို့ကို ရေစိမ်ပေးထားပါ။ ပြီးရင် အိုးတစ်လုံးထဲမှာ ပုစွန်ခြောက်၊ ငပိ စိမ်းစား၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မီးဖိုပေါ် တည်ပေးပါ။ ပွက်ပွက်ဆူလာပြီ ဆိုရင်တော့ ကြက်သွန်ဖြူလေး ဓားပြားရိုက်ပြီးထည့်ပေးပြီး ဆက်တည်ပေးပါနော်။ ပြီးရင် ရေစိမ်ထားလို့ ဆီးသီး ခြောက်လေးတွေကို အသာလေးလက်နဲ့ အသားဖတ်လေးတွေ ဖဲ့ပေးပါနော်။ ပြီးတော့မှ ဆီးသီးခြောက်နဲ့ လက်ပံပွင့်ခြောက်တို့ ထည့်ပြီး တည်ပေးပါနော်။ တည်ပေး ရင်းနဲ့ ဆီးသီးထဲကနေ ချိုချဉ်အရသာလေး ထွက်လာ သလို လက်ပံပွင့်လေးကနေလည်း ခပ်ချွဲချွဲလေး ဖြစ်လာပါမယ်နော်။ ပြီးရင်တော့ အရသာ အပေါ့အငန်မြည်းပြီးတော့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ဟင်းအိုးချလို့ရပါပြီနော်။ ချိုချဉ်အရသာ လေးနဲ့ ခံတွင်းရှင်းစေတဲ့ ဆီးသီး လက်ပံပွင့်ဟင်းရည်သောက်လေး ရပါပြီနော်။

နောက်ဆုံးမှာတော့ ဘာလချောင်ကြော်တွေကို ပုလင်းသန့်သန့်ထဲ ထည့်သိမ်းပြီး ဒယ်အိုးထဲမှာ ကျန်တဲ့ အဆီအနှစ်တွေကို ထမင်းလေးနဲ့ လူးနယ်လိုက်ပါတယ်နော်။ အဲ့ဒါဆိုရင်တော့ ဘာလချောင်ထမင်းနယ် လေး ရပါပြီနော်။

ချစ်သောမောင်နှမများအားလုံးလည်း အဆင်ပြေရင် ချက်စားကြည့်ကြပါဦးနော်။

Saturday, January 23, 2010

အသုပ်သည်လက်သစ် လုလု

11 comments


ရေခဲမှိုလို့လည်းခေါ်တဲ့ ကျောက်ပွင့်
ကျွန်မ အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါလ်မြို့လေးကို Training Program တစ်ခုအတွက်နဲ့ သုံးလကြာနေရဖို့ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ညက ရန်ကုန်ကနေ စပြီး ထွက်ခဲ့ရတယ်။ ဒီတစ်ခေါက် ပြည်ပခရီးစဉ် ဟာ ကျွန်မအတွက် အတော်လေး ကသုတ်ကရက်နိုင်လွန်းလှတယ်။ အလုပ်တွေ များလွန်းလှတာကြောင့် ခရီးထွက်မယ့်နေ့အထိ ကျွန်မ ရုံးတက်နေရတုန်းပါပဲ။ ရုံးကနေ လုပ်ဖော်ကိုင်ဖက် မောင်လေး၊ ညီမလေးတွေက အစုံပလုံစိအောင် လျှောက်ပြီး စီစဉ်ပေးတာတောင်မှ ဘာလက်ဆောင်ပစ္စည်းမှတောင် ၀ယ်ခဲ့ဖို့ အချိန်မရခဲ့ဘူး။ ဒါပေမယ့် မြန်မာအစားအစာကို တစ်ရက်မစားရရင် မနေနိုင်တဲ့ ကျွန်မ မြန်မာအစားအစာတွေကို ၁၀ ကီလိုလောက် သယ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လည် ၁၂ ခွဲလောက်မှာ ဂျာကာတာလေဆိပ်ကိုရောက်တယ်၊ လေဆိပ်မှာ ကျွန်မ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ လာကြိုကြပြီး ကျွန်မကို ဘိုဂေါလ်မြို့လေးကို ကားနဲ့ ခေါ်ပေးခဲ့တယ်။ လေဆိပ်ကနေ အလုပ်ကို ရောက်တော့ နေ့လည် ၂ နာရီ ၄၅ မိနစ်ရှိနေပြီနော်။ ရောက်ရောက်ချင်းမှာပဲ ကျွန်မကို လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ဦးရဲ့ အိမ်မှာ အိမ်ခန်းစီစဉ်ပေးထားတယ်လို့ ကျွန်မအလုပ်က ဒါရိုက်တာက ပြောတဲ့အတွက် နေရေးထိုင်ရေးအတွက် ကျွန်မ စိတ်ပူပင်သောက သက်သာခဲ့ရပါတယ်။

အလုပ်ကနေ အိမ်ရောက်တော့ ကျွန်မရဲ့ အိမ်ရှင်က ညစာကို သူစီစဉ်ထားပါတယ်လို့ ပြောတော့လေ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ထမင်းကို တစ်နေ့လုံးမှာ တစ်နပ်လေးမှ မစားလိုက်ရရင် မတင်းတိမ်တဲ့ ကျွန်မရဲ့ မကောင်းတဲ့အကျင့်။ ထမင်းစား ချိန်မှာ သူတို့က ကျွန်မက အင်ဒိုနီးရှား အစားအစာတွေနဲ့ ဟင်းတွေ အစုံနဲ့ ကျွေးပါတယ်။ ဒါပေမယ့် ထမင်းကလေ တကယ့်ကို ကြောင်စာလေးမှ ကြောင်စာလေးပဲ။ အဲ့ဒီထမင်းနဲ့ ကျွန်မ ဘယ်လိုမှ မတင်းတိမ်နိုင်ဘူးလေ။ ဗိုက်အရမ်းဆာတဲ့အချိန် ငါးပိရည်လေးနဲ့ နယ်စားလိုက်ရမယ်ဆိုရင် သူတို့ ထည့်ပေးတဲ့ ထမင်းက ကျွန်မ သုံးလုပ်စာလောက်ပဲ ရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မလေ ရှိသမျှ အသီးအရွက်တွေ အကုန်ထိုင်စားပစ်လိုက်တယ်။ ရှေ့လူတွေနောက်လူတွေ ကျွန်မ မကြည့်နိုင်တော့ဘူး။ ကျွန်မရဲ့ ၀မ်းထဲက အရမ်းကို မွတ်သိပ်နေပြီလေ။

အဲ့ဒီညက ကျွန်မရဲ့ မြန်မာပြည်က လုပ်ဖော်ကိုင်ဖက် မောင်နှမတွေကို ကျွန်မ မေးလ်ပို့ခဲ့တယ်၊ ထမင်းမ၀တဲ့အကြောင်း ကိုပေါ့။ ထမင်းအရမ်းကြိုက်တဲ့ကျွန်မ၊ မြန်မာမုန့်ကလွဲရင် ကိတ်မုန့်၊ ပေါင်မုန့်၊ ပီဇာ ဘာကိုမှ မခုံမင်တဲ့၊ မနှစ်သက်တဲ့ ကျွန်မကို သနားကြားတယ်၊ စိတ်လည်း မကောင်းဖြစ်မိတယ်တဲ့။ ကျွန်မလည်း အိမ်ရှင်ကို ညနေ ရုံးဆင်းတော့ ပြောပြတယ်၊ ကျွန်မ ဆန်ရယ်၊ ထမင်းပေါင်းအိုးရယ် ၀ယ်ချင်ပါတယ်၊ ဟင်းသီးဟင်းရွက်နဲ့ ဟင်းချက်စရာ အသားငါးတွေ ၀ယ်ချင်ပါတယ်လို့လေ။ အိမ်ရှင်က ကျွန်မကို ဆန်မ၀ယ်ပါနဲ့၊ သူ့အိမ်မှာ ရှိတာကို စားပါလို့ပြောတယ်။ ကျွန်မ မနေနိုင်တော့ပါဘူး၊ ကျွန်မက ထမင်းစားကြီးတယ်ဆိုတဲ့အကြောင်း၊ မနေ့ညက ကျွန်မ ထမင်းမ၀ဘူးဆိုတဲ့အကြောင်းကို ရှက်ရှက်နဲ့ ပြောပြရပါတော့တယ်။ အဲ့ဒီတော့မှ အိမ်ရှင်လည်း ကျွန်မကို စိတ်ကြိုက်ဝယ်ခွင့်ပေးပါတော့တယ်။

ကျွန်မက ဆီပြန်ဟင်းတွေနဲ့စာရင် ဘာဖြစ်ဖြစ် အသုပ်တွေစားရတာကို ကြိုက်တယ်။ ဘာတွေ့တွေ့ အသုပ်ကောက်သုပ်ပစ် လိုက်တာပဲ။ အဲ့ဒါကြောင့်မို့ မြန်မာကလာကတည်းက ကျောက်ပွင့်၊ ကြက်နားရွက်မှို၊ ငွေနှင်းမှိုခြောက်အပြင် အစားအသောက်တွေ အစုံသယ်လာခဲ့တာ။ လက်ပံပွင့်ခြောက်နဲ့ ဆီးသီးခြောက်တောင် ပါသေးတယ်။ နောက်ရက်တွေကျမှ ချက်ပြီးရင် မောင်နှမတွေကို မျှဝေပေးဦးမယ်နော်။

အင်ဒိုနီးရှားရောက် ဒုတိယမြောက်ရက်မှာတော့ ကျွန်မရဲ့ ညစာကို အသုပ်နဲ့စားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ၀ယ်လာတဲ့ ကြက်သားကို ဆေးကြောသန့်စင်ပြီး ဆား၊ သကြားအနည်းငယ်နဲ့ နယ်ပါတယ်။ ပြီးတော့မှ ဒယ်အိုးထဲ ထည့်ပြီး ကြက်သားကို လှော်လိုက်ပါတယ်။ ကြက်သားထဲကနေ အရည်တွေထွက်လာပါလိမ့်မယ်၊ အဲ့ဒီအရည်ကုန်သွားပြီဆိုတော့မှ ရေလေးနည်းနည်းချင်းစီထည့်၊ ဒယ်အိုး အဖုံးအုပ်ပြီး ရေအားလုံး ခမ်းသွားပြီး ကြက်သားကျက်တဲ့အထိ တည်ပေးပါ တယ်နော်။ ရေခမ်းသွားပြီဆိုရင်တော့ ကြက်သားတွေကို ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး အအေးခံထားပါတယ်။

ကြက်သားကိုလည်း အသားမျှင်လေးတွေ ရအောင် နွှင်ယူပါတယ်။

ကြက်သား ပြုတ်ထားစဉ်မှာ ကျောက်ပွင့်၊ ကြက်နားရွက်မှိုနဲ့ ပဲကြာဆံတို့ကို သီးသန့်စီ ရေစိမ်ပါတယ်။ ပြီးတော့ ရေနွေး ပွက်ပွက်ဆူထဲကို ပဲကြာဆံအရင်ထည့်ပြုတ်ပါတယ်၊ ကြာဆံနူးပြီဆိုရင် ကြွက်နားရွက်မှိုနဲ့ ကျောက်ပွင့်ကို ထည့်ပြုတ်ပါတယ်။ ပြီးတော့မှ အားလုံးကို ရေအေးအေးနဲ့ သေချာဆေးပြီး အနေတော်အရွယ်လေးတွေဖြစ်အောင် ဖြတ်တောက်ပေးပါတယ်။

မုန်လာဥနီကိုလည်း ပုံစံမျိုးစုံ စိတ်ကူးတည့်ရာလျှောက်လှီးပြီးထည့်ပါတယ်။ ကြက်သွန်ဖြူ ၃ မွှာနဲ့ ကြက်သွန်နီ ခပ်သေးသေး တစ်လုံးလောက်ကိုလည်း ပါးပါးလှီးပြီး ထည့်လိုက်ပါတယ်။ ကြက်သွန်မြိတ်နဲ့ တရုတ်နံနံ နည်းနည်းစီ လှီးထားပါတယ်။ သံပရာသီးလေးတွေလည်း စိတ်ထားပါတယ်။ ငရုတ်သီးကတော့ အိမ်ကနေ သယ်လာတဲ့ ငရုတ်သီး အလှော်မှုန့်ရယ်၊ ဒီက ငရုတ်သီးရယ်ကို နည်းနည်းစီ မျှထည့်ဖို့ ပြင်ထားပါတယ်။

အားလုံးအသင့်ဖြစ်တော့ ဇလုံတစ်လုံးထဲကို အပေါ်က အဆာပလာတွေ အကုန်ထည့်ပါတယ်၊ ငံပြာရည် ထည့်ပါတယ်။ ဆားရယ်၊ သကြားအနည်းငယ်လည်း ထည့်ပါတယ်၊ သံပရာရည်ညှစ်ထည့်ပြီး အားလုံးကို ရောနယ်ပါတယ်။ အရသာအပေါ့အငန်ကို မြည်းပြီး လိုအပ်တာထပ်ဖြည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်လေးနဲ့ တရုတ်နံနံလေး ဖြူးထည့်ပါတယ်။

ကျွန်မက ထမင်းပူပူလေးကို အဲ့ဒီအသုပ်နဲ့ ရေနွေးကြမ်းနဲ့ စားတာကို ကြည့်ပြီး ကျွန်မ အိမ်ရှင် မိသားစုက အသုပ်ကို မြည်းကြည့်ချင်တယ်လို့ ပြောပါတယ်။ မြည်းပါဆိုတော့ သူတို့လည်း ပန်းကန်လေးတွေနဲ့ ထည့်ပြီး မြည်းတယ်၊ပြီးတော့ သူတို့ သိပ်ကြိုက်တယ်လို့ ပြောပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ပြီးတော့ ဟင်းသီးဟင်းရွက်၊ အသား အစုံအပြည့်အစုံပါပြီး အချိန်ကုန် လည်း သက်သာစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ နောက်ရက်ကျရင် ရုံးက လုပ်ဖော်ကိုင်ဖက်တွေကို မြည်းဖို့ သုပ်သွားပါလား လို့လည်း အကြံပေးပါတယ်။ အဲ့ဒါနဲ့ ကျွန်မလည်း နောက်နေ့ ရုံးသွားတော့ နေ့လည်စာအတွက် အသုပ်သုပ်သွားပါတယ်။ အားလုံးက အသုပ်ကို ကြိုက်လို့ဆိုပြီး ၀ိုင်းပြီးအားပေးကြတယ်။ ပြီးတော့ မြန်မာအစားအစာတွေ စားဖူးရအောင် တစ်နေ့လောက် ပါတီလုပ်ရ အောင်ဆိုပြီး ပြောလာတော့ ၂၀-၀၁-၁၀ ရက် (ဗုဒ္ဓဟူးနေ့)မှာ ပါတီလေး လုပ်ဖြစ်ခဲ့တာပါနော်။

မြန်မာအစားအစာစစ်စစ်တော့ မဟုတ်ခဲ့ပေမယ့် သူတို့တောင်းဆိုတဲ့အတိုင်း ကျောက်ပွင့်ပဲကြာဆံ ကြက်သားသုပ်နဲ့အတူ တခြားသောအတွဲအဖက်များနဲ့အတူ အင်ဒိုနီးရှားရောက် မြန်မာအသုပ်သည်လက်သစ် ကျွန်မလုလုရဲ့ လက်ရာလေးတွေနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ (သူတို့က ကြက်သွန်ဖြူကြက်သွန်နီကို အသုပ်ထဲ ထည့်ရင် အနံ့ပြင်းလို့ဆိုပြီး မစားတတ်လို့ ပါတီနေ့က အသုပ်မှာ မထည့်ဘဲ သုပ်ခဲ့ပါတယ်။) အချိုပွဲကတော့ ပြောင်းဖူးကျောက်ကျောပေါ့။

အသားတွေငါးတွေနဲ့ ဟင်းပွဲကြီး မြိုင်မြိုင်ဆိုင်ဆိုင် မဟုတ်လှပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး diet လုပ်ချင်တဲ့သူတွေ အတွက် အဆင်ပြေစေတယ်လေ။ အခုတော့ ကျွန်မရဲ့ အင်ဒိုနီးရှား အမေအိမ်မှာ နေ့တိုင်း အဲ့ဒီအသုပ်ကို မဖြစ်မနေ သုပ်ပေးနေရ ပါတယ်။ သူတို့ သိပ်ကြိုက်တယ်ဆိုလို့ ကျွန်မလည်း ၀မ်းသာလှပါတယ်။ ကလေးနှစ်ယောက်က ကျွန်မဟင်းချက်ပြီဆို အနားမှာ ရစ်သီရစ်သီလုပ်နေပါတယ်၊ ဘာဟင်းချက်မလဲ စောင့်ကြည့်နေပြီး ကျက်တာနဲ့ စားပါတော့တယ်၊ မြန်မာပြည်က သယ်လာတဲ့ ဘာလချောင်ကြော်လည်း သူတို့က မုန့်လိုပဲ စားကြတော့ ကုန်ပြီနော်။ မနက်ဖြန်တောင် ထပ်ကြော်ပေးရဦးမယ်။

တကယ်တော့ အစားအသောက်ချက်ပြုတ်ကျွေးမွေးရတာလည်း ကုသိုလ်ကောင်းမှုတစ်မျိုးပါပဲလို့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ပီတိဖြစ်မိရင်း အသက်ရှင်နေသေးသရွေ့ ကျန်းမာရေးနဲ့ ညီညွတ် မျှတအောင် နေထိုင်စားသောက်နိုင်မယ့် ဟင်းလျာလေးတွေကို ကြိုးစားချက်ပြုတ်ပြီး ကျွန်မချစ်သော မောင်နှမများအားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား မျှဝေပေး သွားပါမယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။ ကျန်းမာမှလည်း လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မှာ မဟုတ်လားနော်။

ချစ်သောမောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။

Thursday, January 21, 2010

200110 Party

2 comments





၂၀-၀၁-၁၀ ရက်နေ့က အိမ်မှာလုပ်ဖြစ်တဲ့ ပါတီက ပုံလေးတွေပါ။ ပရိသတ်က တောင်းဆိုတဲ့အတိုင်း ချက်ထားတာ။ ရိုးရိုးလေးပါပဲ။ အားလုံး ကျွန်မ လက်ရာတွေပေါ့။ မြေပဲပြုတ်၊ ငါးမုန့်ကြော်လိုမျိုးဟာတွေ၊ ကျောက်ပွင့် ပဲကြာဇံ ကြက်သားသုပ်၊ သရက်သင်္ဘောသီးသုပ်၊ ကြာဇံချက်၊ ပြောင်းဖူး ကျောက်ကျောတို့ပါ။ ဒီနေ့က အားလုံး တက်တက် ပြောင်တယ်။ အင်ဒိုနီးရှားလူမျိုးတွေက မြန်မာတွေလိုပဲ။ စားပြီးတော့ အိမ်ကိုလည်း ပါဆယ်ယူသွားကြသေးတယ်။ ပျော်စရာကြီးပဲ။ နောက်ရက်ကျမှ ချက်နည်း အပြည့်အစုံကို တင်ပေးပါမယ်နော်။

စွန်တန်အလွမ်း

10 comments
ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မလင်းစန္ဒာက စွန်တန်ဟင်းရည်ချက်နည်းလေးကို စီဘောက်စ်ထဲမှာ မေးထားတဲ့အတွက် အားလုံး သိရအောင်လို့ မျှဝေပေးလိုက်ပါတယ်နော်။

စွန်တန်ကို ကျွန်မ တက္ကသိုလ်စတက်ရတော့မှ သိခဲ့ရတာနော်။ ကျွန်မတက်ခဲ့ရတဲ့တက္ကသိုလ်က ရေဆင်းမှာရှိတဲ့ စိုက်ပျိုးရေးတက္ကသိုလ်ပါ။ တစ်နိုင်ငံလုံးအနှံ့က တိုင်းရင်းသားပေါင်းစုံ၊ တောင်ပေါ်တောင်အောက်၊ မြေလတ် မကျန်ဒေသပေါင်းစုံက မောင်နှမတွေ စုပေါင်းဆုံဆည်းခွင့်ရတဲ့ နေရာလေးတစ်ခုပေါ့။ ကျွန်မရဲ့ ဒုတိယအိမ်လို့ပဲ တင်စားခေါ်ဝေါ်ပါရစေနော်။ ရေဆင်းမှာ ကျောင်းတက်ခဲ့ရတဲ့ ကျွန်မဘ၀လေးကိုတော့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ချစ်ခင်လေးစားမြတ်နိုးရတဲ့ ဆရာကြီး၊ ဆရာမကြီးတွေက ကျွန်မတို့ကို သားသမီးအရင်းသဖွယ် အစားစာတာကအစ ဂရုတစိုက်နဲ့ ထိန်းကျောင်းပေးခဲ့ကြတာပါ။ ဆုံဆည်းခဲ့ရတဲ့ သူငယ်ချင်းတွေကရော အို့  နေရာအနှံ့ကပဲ့  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေအပြင် မြေလတ်ပိုင်းက သူငယ်ချင်း၊ ကမ်းရိုးတန်းဘက်က သူငယ်ချင်း စုံနေတာပဲနော်။

ကျွန်မ ပထမနှစ်ကျောင်းသူဘ၀မှာ နေခွင့်ရတဲ့ ကျွန်မရဲ့ အခမ်းဖော်က နန်းခမ်းလင်းတဲ့။ တောင်ကြီးက ရှမ်းမလေး။ ချောလိုက်တာမှ ပြောမနေနဲ့။ သီချင်းဆိုကလည်း ကောင်း၊ ရုပ်ကလည်း ချော၊ စိတ်ထားက အရမ်းနူးညံ့ပြီး ကိုယ်ချင်းစာတရား အပြည့်ပဲ။ သူနဲ့ကျမှ စွန်ထန်အပါအ၀င် ရှမ်းအစားအစာတွေကို စသိခဲ့ရတာပါနော်။ ကျွန်မက မော်လမြိုင်သူ၊ သူက ရှမ်းမလေး နှစ်ယောက်ပေါင်းပြီး တွေ့တဲ့အခါကျမှ ရိုးရာ အစားအစာတွေ ဖလှယ်ပြီး စားသုံးခဲ့ကြတာလေ။ လွမ်းလိုက်တာ့  အဲ့ဒီအချိန်လေးတွေကို့ 

ကျွန်မ သိသလောက် စွန်တန်မှာ ၂ မျိုးရှိတယ်နော်။ ဈေးတွေမှာ အလွယ်တကူ ၀ယ်လို့ရတဲ့ စွန်တန်လေးတွေက မုန်ညင်းအပင် သေးသေးလေးတွေကို လုပ်ထားတာ အခွေလိုက်လေးတွေ။ အညိုရောင်ဖျော့ဖျော့လေးတွေပေါ့။ အဲ့ဒါက ကျွန်မအခန်းဖော်ဆီက စွန်တန်မျိုးနဲ့ တူတူပဲ။ ကချင်ပြည်နယ်က ကျွန်မသူငယ်ချင်း မအေးကြည်အိမ် က ပါလာတဲ့ စွန်တန်ကတော့ တကယ့်ကို အကြီးကြီးပဲ။ အရှည်ကြီးပဲ၊ ပြီးတော့ ကောက်ညှင်းအနှစ်တွေနဲ့ နယ်ပြီး အချဉ် လုပ်ထားတယ်ပြောတယ်၊ အဲ့ဒီအနှစ်တွေကလည်း အများ ကြီးပဲ၊ မုန်ညင်းပင်အကြီးကြီးကို လုပ်ထားတာတဲ့။ အဲ့ဒီစွန်တန်ရဲ့အရောင်က ညိုရင့်ရောင် ခပ်စိုစိုလေးပေါ့။ အနံ့ကလည်း မွှေးသလားမမေးနဲ့။ အရမ်းကြိုက်။

စွန်တန်နံ့ကို ခံနိုင်တဲ့သူရှိသလို မခံနိုင်တဲ့သူလည်းရှိတယ်။ ကျွန်မကတော့ စွန်တန်နံ့ဆို သိပ်ကြိုက်တယ်။ မော်လမြိုင်ဘက်က လူတွေ ရှောက်သီးဆေးပြားနံ့ကို ကြိုက်သလိုမျိုးပေါ့။ စွန်တန်အနံ့ရရုံနဲ့တင် သွားရည်တောင် ကျတယ်။

အဆောင်မှာ ထမင်းစားလို့ အရည်သောက်မပါတဲ့အခါ ဟင်းရည်ချက်တော့မယ်ဆိုရင် အခန်းဖော်နား၊ ဒါမှ မဟုတ် စွန်တန်ပါတတ်တဲ့ ရှမ်း၊ ကချင် သူငယ်ချင်းတွေကနေ စွန်တန်သွားတောင်းရ တယ်။ အဲ့ဒီအချိန်ကျရင် အဆောင်ထဲက စားဖိုဆောင်က စားဖိုမှူး ဦးပြန်အေးဆီက ဓားမ ငှားပြီးတော့ စွန်တန်ကို ဓားမနဲ့ ခုတ်ရတယ်။ တစ်လက်မအရှည်လောက်လေးတွေပေါ့နော်။ ပြီးတော့ အဆောင်မှာက မီးဖိုမသုံးရဘူးလေ၊ စားဖိုဆောင်ထဲက မိုးပြဲဒယ်ထဲမှာ ရေနွေးတွေ ပွက်ပွက်ကိုဆူနေတာ၊ အဲ့ဒီက ရေနွေးတွေ ကြွေရည်သုတ်မတ်ခွက်ထဲ လောင်းထည့်ပြီး စွန်တန်ဟင်းရည်ချက်သောက်ခဲ့ကြတာ။ မမေ့ဘူး၊ ဘယ်တော့မှ မမေ့ဘူး။ အဲ့ဒီအချိန်လေးတွေကိုလေ။ အခု ရေးရင်းနဲ့ကို သူငယ်ချင်းတွေကို လွမ်းမိလို့ မျက်ရည်လည်မိတယ်။

လေပေါတာလည်း များသွားပြီ (သည်းခံကြပါကုန်)။ အခု စွန်တန်ဟင်းရည်ချက်ဖို့ နည်းလေးတွေ မျှဝေပါမယ်နော်။

(၁) အလွယ်ဆုံးနည်း
ရေနွေးပွက်ပွက်ဆူအောင်တည်ပါ။ ရေနွေးတည်ထားတဲ့အချိန်မှာ ချင်းအနည်းငယ်၊ ကြက်သွန်ဖြူ နှစ်မွှာ လောက်ကို အခွံနွာရေးဆေးပြီး ဓားပြားနဲ့ ထုပေးထားပါ။ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်) အညှာခြွေ၊ ရေဆေးပြီး ထက်ခြမ်းခွဲပေးထားပါ။ စွန်တန် အနည်းငယ်ကို ရေနဲ့ အသာအယာ ဆေးကြောပေးလိုက်ပါ။

ရေနွေးပွက်ပွက်ဆူပြီဆိုရင် ချင်း ကြက်သွန်ဖြူ ငရုတ်သီးစိမ်းထည့်ပါ။ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။ ပြီးမှ နောက်ဆုံး စွန်တန်ထည့်လိုက်ပါ။ အချဉ် ကြိုက်ရင် နည်းနည်း အချိန်ကြာကြာတည်ပေးပါ။ ပြီးတော့မှ ကြက်သွန်မြိတ်လေး တရုတ်နံနံလေး ဖြူးပေါ့နော်။ အဲ့ဒါကတော့ အလွယ်ကူဆုံး စွန်တန်ဟင်းရည်ချက်နည်းပါ။ ကျွန်မကတော့ သတ်သတ်လွတ်စားတဲ့အခါ ဆီတိုဟူးရယ်၊ တိုဟူးချဉ်၊ (တောင်ကြီးက သူငယ်ချင်း မရွှေကြည်ရဲ့ တိုဟူးချဉ်ကိုလည်း လွမ်းတယ်)၊ ပဲပုပ်ပြားခြောက်ကြော်ရယ်နဲ့ ကျိုက်ထီးရိုးဘက်က လာတဲ့ ကဒတ်ခြောက် ကြော်နဲ့တွဲစားလေ့ရှိတယ်နော်။ သတ်သတ်လွတ်မဟုတ်ဘူးဆိုရင်လည်း ဆတ်သားခြောက်ဖုတ်ဆီဆမ်းလေးနဲ့ တွဲစားကြည့်နော်။ ဒါမှမဟုတ်လည်း ဒန်ပေါက်၊ အုန်းထမင်း၊ ထောပတ် ထမင်း အစရှိတဲ့ အအီစာလေးတွေ ချက်တဲ့အခါ အအီပြေ အရည်သောက်အဖြစ် ချက်နိုင်တာပေါ့နော်။

(၂) အသားများနဲ့ တွဲဖက်ချက်ပြုတ်နည်း
ကြက်ရိုး၊ ဘဲရိုး၊ ၀က်နံရိုး အစရှိတဲ့ အရိုးပြုတ်များနဲ့လည်း စွန်ထန်ကို ချက်လို့ရပါတယ်နော်။ အသားအရိုး အတွဲ လိုက်တွေကို သေချာဆေးကြောပြီး ဆား၊ သကြားနယ်ပြီး ပြုတ်ပါ။ ပွက်ပွက်ဆူလာရင် ချင်းနဲ့ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပြီး ခပ်ကြာကြာတည်ပေးပါနော်။ ကြာကြာပြုတ်လေ အရိုးထဲကနေ အရသာတွေ ထွက်လာစေ တာမို့ သိပ်ကောင်းပါတယ်နော်။ ထမင်းပွဲ ပြင်ခါနီးမှ အရိုးပြုတ်ထဲကို ခရမ်းချဉ်သီးလေးကို ရှစ်စိတ်ပိုင်းပြီး ထည့်ပါနော်။ ပြီးတော့ ဆား၊ ဟင်းခတ်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။ စွန်ထန်ထည့်ပြီး တည်ပေးပါနော်။ ပွက်ပွက်ဆူပြီဆိုရင် အရသာအပေါအငန်မြည်းပြီး လိုအပ်တဲ့အရသာ ထပ်ဖြည့်ပါ။ ပြီးတော့မှ တရုတ်နံနံ ကြက်သွန်မြိတ်လေး ခပ်စားပါနော်။ ကြိုက်တတ်ရင် ပဲပြားပါ ထည့်ချက်ရင် ရပါတယ်နော်။ ခေါက်ဆွဲကြော်၊ ကြာဇံကြော် အစရှိတာတွေနဲ့ တွဲစားပါနော်။

ဒီလောက်ဆိုရင်တော့ စွန်တန်လက်ဝယ်ရှိနေတဲ့သူတွေ ချက်စားလို့ အဆင်ပြေမယ်လို့ ထင်ပါတယ်နော်။
စမ်းချက်ကြည့်ပါနော်။ ကျွန်မမှာ စွန်တန်လည်း လက်ဝယ်မရှိ၊ ဟင်းပွဲဓာတ်ပုံကလည်း အသင့်မရှိတဲ့အတွက် ပုံ တင်မပေးလိုက်နိုင်ဘူး ဖြစ်နေတာကို ခွင့်လွှတ်နားလည်ပေးပါနော်။

ကျွန်မတို့ ဒေသရဲ့ အဓိက စားကုန်မဟုတ်တဲ့အတွက် ကျွန်မရဲ့ ဖော်ပြချက်ထဲမှာ အမှားများပါရှိခဲ့ရင်၊ လိုအပ်ချက်များ ရှိခဲ့ရင် ခွင့်လွှတ်နားလည်ပေးပါ။ ပြင်ပေးပါလို့ တောင်းဆိုပါတယ်နော်။

Saturday, January 16, 2010

ပြောင်းဖူးကျောက်ကျော

6 comments


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို အချိုပွဲတစ်မျိုးဖြစ်တဲ့ ပြောင်းဖူး ကျောက်ကျောလေး လုပ်ကျွေးပါဦးမယ်နော်။

ပြောင်းဖူးကျောက်ကျောလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အာဂါး ကျောက်ကျောမှုန့် အစိမ်းရောင် အထုပ် (၁) ထုပ်၊ ပြောင်းဖူး (၁၀) ဖူး၊ သကြား (၂၀) ကျပ်သား၊ ဆား ထမင်းစားဇွန်း (၁) ဇွန်း၊ နို့ဆီ (၁) ဗူး၊ ရေသန့် ၂ လီတာတို့ပါနော်။

ပြောင်းဖူးကို နို့စိမ်းနဲ့ ကျိုတဲ့အခါ ပူတင်းလေးလို့ ပျော့ပြောင်းနူးညံ့ပြီး တစ်မျိုး စားလို့ကောင်းသလို အခုတစ်ခါ နို့ဆီနဲ့ ကျိုတဲ့အခါမှာတော့ အနံ့အရသာတစ်မျိုးလေးနဲ့ တော်တော်လေး စားလို့ ကောင်းတယ်လို့ မောင်နှမတွေက ပြောပါတယ်။ အခု တစ်ခေါက် ပြောင်းဖူးကျောက်ကျောလုပ်ခဲ့တာက နေပြည်တော်သွားတုန်း ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် မောင်လေးအိမ်မှာ တည်းရင်း နဲ့ကျွန်မတို့ မောင်နှမတွေ လွတ်လပ်ရေးနေ့မှာ လုပ်စားခဲ့တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်နော်။ ဓာတ်ပုံရိုက်တာတော့ ကျွန်မက မကျွမ်းကျင်လှဘူးနော့်။ အဲ့ဒီတော့ သည်းခံပြီးတော့ ကြည့်ကြပါနော်။ :D

သကြားကို ရေသန့် လီတာဝက်နဲ့ အတူ ရောပြီး သကြားအရည်ပျော်သွားအောင် မီးဖိုပေါ် ခဏတင်ပြီး သကြားရည် ကျိုပေးပါ။ ပြောင်းဖူးကို အခွံခွာ၊ အမွေးတွေကို သန့်စင်ဖယ်ရှား၊ ရေနဲ့ စင်အောင်ဆေးပေးပါ။ ပြီးရင် ပြောင်းဖူးတွေကို Vegetable Slicer နဲ့ ခြစ်ယူပါ။ တကယ်တော့ ခြွေပြီးသား ပြောင်းဖူးကို ၀ယ်ခဲ့တယ်ဆိုရင်တော့ ဘလန်င်ဒါထဲ ထည့်ကြိတ်ပြီး နို့ရည်ရယူပါနော်။ အဲ့ဒါက လူပင်ပန်းသက်သာပြီး နို့ရည်လည်း ပိုရလွယ်ပါတယ်နော်။ ခြစ်ပြီးသား ပြောင်းဖူးတွေထဲကို ဆား ထမင်းစားဇွန်း ၁ ဇွန်းထည့်၊ ရေနွေး ထည့်ပြီး နယ်ပေးပါ။ ပြီးတော့မှ ပြောင်းဖူးနို့ရည်ရအောင် ညှစ်ယူပါ။ ပြောင်းဖူးနို့ရည် အကုန်ရဖို့ ရေနွေးထည့်ပြီး အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်နယ်ယူပြီး နို့ရည်ညှစ်ယူပါနော်။ (သတိထားရမယ့် အချက်ကတော့ ပြောင်းဖူးနို့ရည်+ သကြားရည်+ နို့ဆီ စုစုပေါင်းဟာ ၂ လီတာခွဲ ရှိဖို့ပါပဲနော်။) နို့ရည် ညှစ်တဲ့အခါ ပြောင်းဖူးဖတ်တွေ ပါမလာရအောင် ပိတ်ပါးစလေးနဲ့ အုန်းနို့ညှစ်သလိုပဲ ညှစ်ယူပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ကျောက်ကျောမှုန့်ထည့်၊ ပြီးရင် သကြားရည်ထည့် ပြီး ကျောက်ကျောမှုန့်တွေ အားလုံး ရေထဲ ပျော်ဝင်အောင် မွှေပေးပါ။ ပြီးရင် ပြောင်းဖူးနို့ရည်၊ နို့ဆီတို့ကို ထည့်ပေးပြီးအားလုံး သမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါနော်။

ကျောက်ကျောစစချင်းကျိုတဲ့အခါ အိုးအဖုံးကို ပိတ်ထားပြီး ၁၀ မိနစ်ခန့် တည်ပေးပါ။ ပြီးရင် ပြောင်းဖူးနို့ရည်တွေ အောက်မှာ အနည်ထိုင်ပြီး ချိုးမကပ်သွားစေရအောင် မွှေပေးပါ။ ပြီးရင် အဖုံးပိတ်ပြီး ၅ မိနစ် လောက် တည်ပေးပါ။ နောက်ပိုင်းမှာ ၅ မိနစ် တစ်ခါလောက် အဖုံးဖွင့်လိုက် မွှေလိုက်လုပ်ပေးပါ။ ကျောက်ကျော အိုးပွက်ပွက်ဆူလာပြီဆိုရင်တော့ ပြောင်းဖူးနို့လေးတွေက အုန်းနို့ လိုပဲ ဥလေးတွေတဖြည်းဖြည်း ဖြစ်လာပါ လိမ့်မယ်။ နောက်ထပ် ၁၅ မိနစ်လောက် ကျိုပေးပြီး ကျောက်ကျောလေးတွေကို ပန်းကန်ပြား တစ်ချပ်ထဲ နည်းနည်းထည့်ပြီး အအေးခံကြည့်ပါ။ ၂ မိနစ်လောက်အတွင်း ခဲသွားတယ်ဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ် လိုချင်တဲ့ ပုံစံခွက်ထဲ ဒါမှမဟုတ် ဗန်းထဲလောင်းထည့်ပြီး အအေးခံပေးလိုက်ပါနော်။ ကျောက်ကျော အေးခဲသွားပြီဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ပြောင်းဖူးကျောက်ကျောလေးကို သုံးဆောင်နိုင်ပါပြီနော်။

အခုရာသီက ပြောင်းဖူးပေါတယ်နော်။ အခါအခွင့်သင့်ရင် ချစ်သောမောင်နှမများလည်း ပြောင်းဖူး ကျောက်ကျောလေးကို စမ်းပြီး လုပ်စားကြည့်ကြပါဦးနော်။